spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

ကျမတို့ခေတ်ရဲ့ နှောက်ဆုံး တိုက်ပွဲ

၂၀၂၁ခုနှစ် မေလ ၂၁ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ “ဒေါငံခါး”တိုက်ပွဲဟာ လက်နက်၊ စစ်တပ်ဝတ်စုံ သေနတ်တွေကိုင်ဆောင်ထားတဲ့ စစ်သားတွေကို ရရာလက်နက်စွဲကိုင်ပြီး မြန်မာပြည်ရဲ့နွေဦး တော်လှန်ရေးမှာ ဦးစွာခုခံတော်လှန်ခဲ့တဲ့ တိုက်ပွဲထဲက တစ်ခုအပါအဝင်ပါ။

ကရင်နီပြည်ထဲက ကရင်နီလူငယ်လို့ပြောလိုက်တာနဲ့ စစ်အာဏာရှင်ကို အဖက်ဖက်ကနေ တွန်းလှန်တိုက်ခိုက်နေတဲ့သူတွေကို မြင်မိပါတယ်။ ဦးစွာ အသက်၊ စိတ်ဆန္ဒ၊ ခန္ဓာကိုယ်၊ ရင်းနှီးချစ်ခင်ရတဲ့မိသားစု ၊ ဘဝ၊ သွေး၊ ချွေး အားလုံးကိုပေးဆပ်ပြီး ခုခံတော်လှန်ရေးတပ်သားအဖြစ် သက်ရှိဘဝကိုပုံအပ်ထားကြပါတယ်။ စစ်အာဏာရှင်စနစ်ကို အလိုမရှိတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တဲ့နည်းလမ်းအပြင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြပါတယ်။

အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြမှု

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ စစ်အာဏာရှင်စနစ်လက်အောက်ကို မကျရောက်ချင်တဲ့အတွက် အပြင်းအထန်ဆန့်ကျင်ဆန္ဒပြတဲ့ အထဲမှာ ကရင်နီပြည်နယ်လည်း ထိပ်ဆုံးကနေပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

ကျောင်းသားလူငယ်ကအစ အကြမ်းမဖက်အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ကျန်းမာရေး ဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ NGO ဝန်ထမ်း၊ သာမန်လက်လုပ်လက်စား၊ တောင်သူလယ်သမား၊ စိုက်ပျိုးရေးသမားကအစပါဝင်နေကြတာဖြစ်ပါတယ်။

ဒီအရေးခင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း ဆန္ဒပြမှုမှာ အကြမ်းဖက်ဖြိုခွဲလို့ ဒါဏ်ရာရှိသူတွေကို ဆေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင် နေကြတာတွေ့ရသလို အချို့အမျိုး သမီးငယ်လေးတွေက ရှေ့တန်းမှာရဲရဲဝံ့ဝံ့ပါဝင်ဆန္ဒပြ နေကြတာကိုလဲတွေ့မြင်နေရပါတယ်။

ရရာလက်နက်နှင့်ခုခံတော်လှန်ရေးစတင်ခဲ့သည့် ဒေါငံခါး

အာဏာသိမ်းမှုအပြီး လပိုင်းအတန်ကြာအောင် မြို့နယ်တိုင်း ၊ရွာတွေတိုင်းရဲ့ လမ်းတွေပေါ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို လက်နက်ကိုင်တော်လှန်စေတဲ့ အကြောင်းရင်းတရပ် က မေလ ၂၁ ရက်နေ့ မှာ ဖြစ်ပေါ်စေခဲ့ပါတယ်။

မေလ ၂၁ရက်နေ့က ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်လမ်းခွဲမှာ စုဝေးနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် အင်အားသုံးဖြိုခွင်းခံလိုက်ရပြီး လမ်းမကြီးတစ်လျှောက် တွေ့ရှိတဲ့ အရပ်သား တွေကို မတရားဖမ်းဆီးတာ ရိုက်နှိက်တဲ့ မြင်ကွင်းတွေကို မခံစားနိုင်တော့တဲ့ ဒေသခံအချို့က ရရာလက်နက်ကိုစွဲကိုင်ပြီး စစ်သားတွေကို ခုခံတိုက်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဒေါငံခါး” ဆိုတာ လူဦးရေ ၈သောင်း၆ထောင်ကျော်နေထိုင်တဲ့ ကရင်နီပြည်ရဲ့ ဒုတိယလူဦးရေအများဆုံး ဒီးမော့ဆိုမြို့နယ်ရဲ့ရပ်ကွက်တစ်ခုပါ။ ဒါကြောင့် ခုခံတိုက်ခဲ့တာကို အစွဲပြုပြီး ဒီကနေ့ထိ “ဒေါငံခါး” တိုက်ပွဲလို့ ခေါ်စမှတ်ပြုကြပါတယ်။

“တိုက်ပွဲ” ဆိုတဲ့အသုံးအနှုန်းက တိုင်းရင်းသားဒေသခံတွေဖြစ်တဲ့ ကရင်နီလူမျိုးတွေအတွက် စိမ်းသက်သက်မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

ကရင်နီပြည်တိုက်ပွဲအတွင်း မှာပါဝင်တဲ့ အမျိုးသမီးရဲဘော် တစ်ဦးကိုတွေ့မြင်ရစဉ်။

ခုခံတော်လှန်ရေးသမိုင်းကြောင်း တစ်စေ့တစ်စောင်း

မြန်မာနိုင်ငံလွတ်လပ်ရေးရအပြီး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်တွေကြောင့် ကရင်နီပြည်သူတွေဟာ နှစ်ပေါင်း ၇၀ နီးပါး စစ်ဆိုးကျိုးတွေကို ခံစားလာခဲ့ရဖူးသူတွေပါ။

ကရင်နီပြည်ရဲ့ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) အပစ်အခတ်ရပ်စဲရေးယူပြီးတဲ့နောက်ပိုင်းမှာ ကရင်နီပြည်မှာ တိုက်ပွဲမရှိသ လောက်ပါပဲ။

ဒီနေရာမှာတစ်ခုပြောချင်တာက စစ်တပ်ကို ခုခံတိုက်ထုတ်တဲ့ ကရင်နီခုခံတော်လှန်ရေးက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ သမိုင်းကြောင်းအရ ၁၉၄၈ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ နံနက်အရုဏ်ဦးအချိန်မှာ ဖဆပလ စစ်အစိုးရက ကရင်နီပြည်ကောင်စီ ဥက္ကဌ ဂိုဘီတူရီတည်ရှိရာ မြလဲ (မန်းလား) ရွာကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကရင်နီအမျိုးသားများကလည်း ရရာလက်နက်စွဲကိုင်ပြီး ပြန်လည်တွန်းလှန် တိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်နယ်ကို ကျူးကျော်လာတဲ့ စစ်အာဏာရှင်တွေကို ကရင်နီအမျိုးသားများက ရရာလက်နက်စွဲကိုင်ပြီး ကရင်နီပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြန်လည်ရရှိဖို့အတွက် တိုက်ပွဲဆင်နွဲခုခံတော်လှန်ခဲ့တဲ့ (၇၃) နှစ်တိုင်အောင် ရှိနေပါပြီ။ လက်ရှိ ခုခံတော်လှန်ရေးခေါင်းစဉ်ကတော့ စစ်မှန်တဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး၊ အာဏာ ရှင်ပြုတ်ကျရေးကို ခိုင်မာစွာကိုင်စွဲထားတဲ့ ခုခံတော်လှန်ရေးပါ။

ဒါကြောင့် ခုတဖန် စစ်အာဏာရှင် လက်သစ်ကို ခုခံတော်လှန်တဲ့ တိုက်ပွဲက နှစ်ပေါင်း (၇၀)ကျော်အကြာမှာ ကရင်နီပြည်မှာ တဖန်ပြန်ပေါ်ပေါက်လာခဲ့ပြီးနောက် ရာစုသစ်လူငယ်လူရွယ်တွေရဲ့ ပုခုံးပြောင်း တာဝန်ဖြစ်တယ်လို့ တာဝန်အသိရှိတဲ့ လူငယ်တွေယူဆကြပါတယ်။

KNDF စုဖွဲ့မှု

တော်လှန်ရေးစတင်ခဲ့တဲ့ “ဒေါငံခါး” တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ အမည်မတပ်ခင် ပြန့်ပွားနေတဲ့ လူငယ်အစုအဖွဲ့တွေက စစ်အာဏာရှင်လက်ပါးစေအုပ်စုတွေကို ရှိရာလက်နက်နဲ့ ရွံရွံချွံချွံ တိုက်ထုတ်ခဲ့တာတော့အမှန်ပါပဲ။ မေလအတွင်းမှာပဲ တော်လှန်ရေးတပ်သား၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းမိပြီး အဖွဲ့အစည်းအမည် စနစ်တကျနဲ့ တည်ဆောက်ကြပါတော့တယ်။

ဒီအင်အားစုတွေထဲမှာ အားအကောင်းဆုံးက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဖြစ်ပါတယ်။ လက်ရှိ KNDF မှာ တပ်ရင်းပေါင်း(၁၈)ရင်းနဲ့လူအင်အား (၇၀၀၀)ထောင်ကျော်ရှိပြီး လူငယ်အင်အားစုတွေနဲ့ အဓိကဖွဲ့စည်း ထားသလို ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းအပြင် မိုးဗြဲမြို့နဲ့ဖယ်ခုံမြို့မှာ အခြေစိုက် လုပ်ရှားကြပါတယ်။

၂၀၂၁ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ မူဝါဒ၊ အခိုင်အမာ ရေးဆွဲအတည်ပြုခဲ့ပြီး ဦးဆောင်ကော်မတီတစ်ရပ်ကို ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) လက်အောက်မှာ ဖွဲ့စည်းထားနိုင်ခဲ့ပါတယ်။

KNDF ဟာ နှစ်ပေါင်း (၇၀)ကျော် စစ်အာဏာရှင်ကို တွန်းလှန်တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA) ဦးစီးမှုအောက်မှာ တိုက်ပွဲဝင်နေကြပြီး အခြားမိတ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

ကရင်နီပြည်တိုက်ပွဲအတွင်း မှာပါဝင်တဲ့ အမျိုးသမီးရဲဘော် တစ်ဦးကိုတွေ့မြင်ရစဉ်။

ကရင်နီပြည်က PDF များ

စစ်အာဏာရှင်စနစ်အား ခုခံတော်လှန်နေတဲ့ ကရင်နီပြည်တွင်းက ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)၊ KPDF၊ လွိုင်ကော် PDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ဖရူဆို PDF၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)၊ Karenni Generation Z၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ JPDF၊ GZ-21တို့ ဖြစ်ကြပါတယ်။

သူတို့ဟာ ကရင်နီပြည်အပြင် နယ်နမိတ်ချင်းထိစပ်နေတဲ့ မိုးဗြဲမြို့၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က အလယ်ပိုင်းစစ်ဌာနချုပ် လက်အောက်မှာ လုပ်ရှားကြတာဖြစ်ပါတယ်။

အဲဒီတပ်ဖွဲ့တွေထဲမှာမှ ကရင်နီတပ်မတော်(KA) ရဲ့ ဦးစီးမှူးအောက်မှာ ပါဝင်တဲ့အဖွဲ့ရှိကြသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ကနေသွားနေတဲ့ အဖွဲ့အစည်း၊ မည်သည့်အဖွဲ့အစည်း လက်အောက်မှာမရှိဘဲ ပြောက်ကျားစနစ်နဲ့ မြို့တွင်းလုပ်ရှားနေကြတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ စစ်အာဏာရှင်ဖြုတ်ချရေးခေါင်းစဉ်အောက်ကနေ တစ်စုတစ်စည်းတည်း တွန်းလှန်တိုက်ခိုက်နေကြတာတော့ အမှန်ပါပဲ။

ဒီပွဲဘယ်တော့အဆုံးသတ်မလဲ

လူဦးရေ ၃သိန်းသာရှိတဲ့ ကရင်နီပြည်မှာ လက်ရှိခုခံတိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင် လူဦးရေက သောင်းဂဏန်းရှိနိုင်ပါတယ်။ တော်လှန်ရေးက လက်ရှိအချိန်မှာ အားကောင်းနေဆဲလို့ ပြောလို့ရပေမယ့် တစ်ဖက်မှာ လူပင်ပန်း၊ လက်နက်ခဲယမ်းလိုအပ်၊တာတွေရှိနေပါတယ်။ ဒါ့အပြင် နေ့စဉ်ရက် ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့လူဦးရေတစ်ဝက်ကျော်ကျော်ဟာ စစ်ဘေးရှောင် တွေဖြစ်လာပြီး သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံနေကြရပါတယ်။

တစ်ဖက်မှာကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အသက်ပေးရတာ၊ တော်လှန်ရေး တပ်သားထဲက ပြန်လည်မရရှိနိုင်တော့တဲ့ ခြေလက်အင်္ဂါဆုံးရှုံးလိုက်ရတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလို တိုက်ပွဲတွေအကြား ဆုံးရှုံးရတာတွေ ရှိနေပေမယ့်လည်း တိုက်ပွဲကတော့ နေ့စဉ်မပြတ် ပြင်းထန် နေပါသေးတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) မှ မတ်လ ၂ရက်နေ့အထိ ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲပေါင်း (၁၈၇) ကြိမ်မှာ စစ်ကောင်စီဖက်က (၇၉၀)ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖက်က ကျဆုံးသူ (၈၇)ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။ ကျဆုံးသွားတဲ့တော်လှန်ရေး တပ်သား အများစုက အသက် (၁၇)နှစ်ကနေ (၃၀)နှစ် ဝန်းကျင်လူငယ်တွေ ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။

ကရင်နီပြည်က တိုက်ပွဲတွေမှာ အထိနာတဲ့ စစ်ကောင်စီဟာ လေးကြောင်းပစ်ကူတွေ၊ လက်နက်ကြီး ပစ်ကူတွေ သုံးပြီး ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေကို နေ့စဉ်တိုက်ခိုက်နေပါတယ်။ ဒါတွေမ ကပါဘူး အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာပြီး တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ အရပ်သားရှိရာနေရာ ပစ်ခတ်တာ ၆ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ အဲ့ဒါက ၂၀၂၂ခုနှစ် ဇန်နဝါရီလကနေ မတ်လ ၁၁ ရက်နေ့အထိရရှိတဲ့ မှတ်တမ်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ရက်နေ့က ဖရူဆိုမြို့ ရီခီးဘူးစစ်ရှောင်စခန်းတစ်ခုကို လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးထိမှန်သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် မတ်လ ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၂နှစ်အောက်ကလေးငယ် သုံးဦး ထိမှန်သေဆုံးခဲ့ရပါတယ်။ လူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဝေဖန်ထားပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့၊ နန်းမယ်ခုံမြို့၊ မိုးဗြဲမြို့ နဲ့ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေပေါင်း (၁၀၀)ကျော်နဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၅ထောင်ခန့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ထောက်ပြထားပါတယ်။

နိုင်ငံတကာကနေ စစ်ရှောင်ရှိရာ အရပ်သားရှိရာနေရာကို No-Fly Zone (လေကြောင်းမပျံသန်းရဇုံ) သတ်မှတ်ပေးဖို့ KNPP အပါအဝင် ကရင်နီလူမှုအသင်းအဖွဲ့တွေက တောင်းဆိုထားကြပေမယ့် လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းထူးလာခြင်းမရှိသေးပါဘူး။

အာဏာသိမ်းမှု တနှစ်ပြည့်တဲ့နေ့မှာ ကရင်နီပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFက ကြေငြာခဲ့ပါတယ်။ ကြေငြာချက်အပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မှာ စစ်ကောင်စီဖက်က ရှမ်းပြည်နယ် မိုးဗြဲမြို့ကနေ အင်အားသုံးရာ နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေခဲ့ပါတယ်။

မိုးဗြဲမြို့နယ်အတွင်း တိုက်ပွဲတစ်ပတ်အကြာမှာ အင်အားတောင့်တင်းပြီး ဒေသခံကရင်နီပူး ပေါင်းတပ်တွေ ခြေကုပ်ယူထားတဲ့ နန်းမယ်ခုံမြို့ကို လေကြောင်းပစ်ကူတိုက်ခိုက်မှုကြောင့် တပ်ဆုတ် ရင်း တိုက်ရင်းနဲ့လမ်းဘေးက ကျေးရွာ၅ရွာထက်မနည်းကို စွန့်ခွာခဲ့ရပါတယ်။

ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်း နန်းမယ်ခုံမြို့၊ ဒီးမော့ဆိုမြို့ ကျေးရွာတွေအထိ တင့်ကား၊ အမြောက်ကား၊ လေကြောင်းပစ်ကူအားကိုးနဲ့ စစ်ကောင်စီကအရပ်သားနေအိမ် ၇၀၀ကျော်၊ ကတ်သလစ် ဘာသာရေးအဆောက်အအုံပျက်စီးမှု ၁၁လုံး ပျက်စီးမှုရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။

အင်အားခြင်းမမျှတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာပေးနေရပြီး အခုဆိုရင် စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲ စတင်တဲ့ ဒေါငံခါးရပ်ကွက်အထိ ဝင်ရောက်လာနိုင်ပြီဖြစ်ပါတယ်။

မတ်လ ဒုတိယပတ်အတွင်း ဒေါငံခါးတလျှောက် ကျေးရွာရပ်ကွက်တွေမှာ တစ်ကျော့ပြန် တိုက်ပွဲပြန် လည်စတင်နေပါပြီ။ တိုက်ပွဲဖြစ်ပွားနေတဲ့အတောအတွင်းမှာလည်း တင့်ကား၊ အမြောက်ကား၊ လက်နက်ကြီးရန်ကနေ အရပ်သားဒေသခံတွေက ဘေးလွတ်ရာကို အသက်စွန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါပြီ။ ထပ်ဆင့်စစ်ရှောင်တွေကလည်း တစ်နေရာပြီးတစ်နေရာ ထပ်မံရှောင် တိမ်းနေရပါတယ်။ စစ်ကောင်စီက သတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားစာရင်းက ၂၂၀ကျော်ရှိနေပါပြီ။

ကရင်နီပြည်တိုက်ပွဲအတွင်း မှာပါဝင်တဲ့ အမျိုးသမီးရဲဘော် တစ်ဦးကိုတွေ့မြင်ရစဉ်။

ဒါ့ကြောင့် သေသူကလည်း သေခဲ့ပြီ။ ရှင်သူကတော့ တစ်နယ်တစ်ကျေးမှာ စစ်ဘေးရှောင်အဖြစ် ဆက်လက်ရှင်သန်နေရပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့စာရင်းအရ ပြည်နယ်လူဦးရေရဲ့ ထက်ဝက်ကျော် တစ်သိန်းခုနစ်သောင်းခန့်က စစ်ဘေးဒုက္ခသည်တွေပါ။

တိုက်ပွဲအရှိန်ပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နှစ်ပတ်အတွင်း စစ်ရှောင်ဦးရေ နှစ်သောင်း ထပ်မံတိုးပွားလာပြီး ၎င်းတို့အတွက် အရေးပေါ် စားနပ်ရိက္ခာ၊ လူသားချင်း စာနာထောက် ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောဆိုကြ ပါတယ်။

အထူးသဖြင့် နွေရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် အဓိက ရေရှားပါးမှုဒုက္ခကို စစ်ရှောင်တွေ ပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။ စစ်ကောင်စီက အဆက်မပြတ် လေကြောင်း၊ မြေပြင်ကနေ ထိုးစစ်ဆင်နေတာကြောင့် အချိန်မရွေးထပ်မံထွက်ပြေးရမယ့် အခြေအနေဖြစ်တဲ့အတွက် ကြုံရာတော ထဲတောင်ထဲ တဲထိုးနေရပါတယ်။

ပြည်တွင်းပြည်ပအလှူရှင်ထောက်ပံ့ပေးတာတွေက ရေရှည်လိုအပ်မှုအထိ မကူညီနိုင်တဲ့အတွက် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှု အကူညီတွေ လိုအပ်နေလျက်ရှိပါတယ်။ စစ်ဘေး ဒုက္ခသည်အရေးကို နိုင်ငံတကာက အချိန်ပြည့် စောင့်ကြည့်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်မှ အခြေခံကျဆုံးဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ကရင်နီစစ်ရှောင်တွေ ခံစားကြရမှာပါ။

လက်နက်ခဲယမ်း လိုအပ်ချက်များပြားနေတဲ့ကြားက ဒေသခံ ကရင်နီတပ်ဖွဲ့ဟာ နောက်မဆုတ်ဘဲ မိမိဒေသကို အသက်စွန့်ကာကွယ်နေတာ နောင်တစ်ချိန် မိမိသားစဉ်မြေးဆက် ကောင်းစားဖို့နဲ့ တစ်ချိန်က သမိုင်းကြောင်းအရ လွတ်လပ်တဲ့ ကရင်နီပြည်ကြီး ပြန်လည်တည်ဆောက်ဖို့အတွက် မိမိကိုယ်ကိုယ် စတေးပြီး ခုခံကာကွယ်တိုက်ခိုက်နေကြရပါတယ်။

၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးဟာ မေလ ၂၁ရက်နေ့မှာစတင်ခဲ့တဲ့ ခုခံတော်လှန်ရေး တစ်ကျော့ပြန် တစ်နှစ်ပြည့်ကာလကိုရောက်ဖို့ ၂လသာလိုပါတော့တယ်။ ဒီကနေ့ အချိန်ထိ ကရင်နီပြည်က ခုခံ တော်လှန်ရေးအရှိန်ဟာ မီးကောင်းကောင်းနဲ့တောက်လောင်နေပေမယ့် တစ်ဖက်မှာလည်း စစ်ရှောင်အရေး၊ လက်နက်ခဲယမ်းအရေး၊ ထိခိုက်ဒဏ်ရာရရဲဘော်အရေးအတွက်ကိုလည်း အဖက် ဖက်က ပူလောင်နေရပါတယ်။

ကရင်နီပြည်ကစစ်ပွဲဟာ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ခုခံတော်လှန်နေကြသူတွေအဖို့ လေကြောင်း ဒဏ်၊ လက်နက်ကြီးတရစက်ပစ်ခတ်မှုဒဏ်ကို အဆမတန်ခံစားနေရပေမယ့်လည်း လိုအပ်မှုများပြား နေတဲ့ကြားက ခုခံတော်လှန်နေဆဲမို့ “နွေဦးတော်လှန်ရေး” ဟာ ဘယ်အချိန်မှာ အဆုံးသတ်မလဲဆိုတာ ယတိပြတ်မပြောနိုင်သေးပေမဲ့ ကျမတို့ခေတ်မှာ ဒီပွဲဟာ နှောက်ဆုံးတိုက်ပွဲဘဲ ဖြစ်ရပါမယ်။

spot_img
spot_img