spot_imgspot_imgspot_imgspot_img
Friday, January 10, 2025
spot_imgspot_imgspot_imgspot_img

ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း သိသင့်သည်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကျောက်ကပ်မှာ ကျောက်တည်တာ၊ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတာ စတဲ့ ကျောက်တည်တဲ့ ရောဂါဟာ ကရင်နီကလူထုတွေနဲ့ မစိမ်းသလို ဖြစ်နေပါတယ်။

ကရင်နီက လူကြီးနဲ့ လူလတ်ပိုင်းအရွယ်တွေမှာ အဖြစ်များကြပြီး ကျောက်ကပ်ကျောက်တည် ဖြစ်ဖူးတဲ့သူတွေကတော့ ဘယ်လောက်အထိ နာကျင်ပြီး ခံစားရခက်တဲ့ဝေဒနာလဲဆိုတာ သိကြမှာပါ။ ဒါကြောင့် ကျောက်ကပ်ကျောက်တည်ရင် ဘယ်လိုခံစားရသလဲ၊ ကျောက်တည်စေတဲ့ အကြောင်းအရင်းတွေ၊ ကုသနိုင်တဲ့နည်းလမ်းတွေ၊ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ကျောက်ကပ်ကျောက်တည်ရတဲ့ အကြောင်းရင်းများ

တနည်းအားဖြင့် ကျောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ( ဥပမာ၊ calcium, oxalate, uric acid ) ခန္ဓာကိုယ်တွင်း များပြားလာပြီး ဆီးမှတဆင့် ကောင်းမွန်စွာမစွန့်ပစ်နိုင်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာပါ။
ဒါတွေအပြင် အဲဒီဓာတုပစ္စည်းတွေကို လွယ်လွယ်နဲ့ ကျောက်မဖြစ်သွားအောင် တားဆီးပေးတဲ့ ဓါတ်အချို့ အားနည်းရင်လည်း ကျောက်တည်တာကို ဖြစ်စေနိုင်ပါတယ်။

ရေသောက်နည်းတာ၊ အချိုနဲ့ အငန်ဓါတ် လွန်ကဲစွာစားသုံးတာ ၊ အသားနီ ၊ ကလီစာ ၊ ပင်လယ်စာ စတာတွေကို အလွန်အမင်း စားသုံးတာကလည်း ကျောက်တည်တာကို ဖြစ်စေနိုင်တာပါ။

ဒါ့အပြင် သွေးတိုး၊ ဆီးချို၊ အဝလွန်တာ၊ သွေးတွင်း ကယ်လစီယမ်ဓာတ်မြင့်မားတာ၊ အရိုးပွတာ နဲ့ ဂေါက်ရောဂါ စတဲ့ ရောဂါတွေဟာလည်း ကျောက်ကပ် ကျောက်တည်တာကို ဖြစ်စေနိုင်သလို ကယ်လစီယမ်အားဖြည့်ဆေးနဲ့ ဗီတာမင်စီ အားဖြည့်ဆေးတွေ၊ ပိုးသတ်ဆေးတွေကလည်း ကျောက်တည်တာကို ဖြစ်စေနိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်နိုင်ဖို့ အချိန်ကာလအားဖြင့် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ကျောက်ကပ်ထဲမှာ ကျောက်ရှိနေပြီဆိုရင်လည်း ဘာဝေဒနာမှ မခံစားရပါဘူး။ အဲ့ကျောက်ဟာ ကျောက်ကပ်ကနေ ပြုတ်ထွက်တော့မယ်ဆိုမှ နာကျင်မှုကို ခံစားရတာဖြစ်ပါတယ်။

ကျောက်ကပ်ကနေ အပြင်အထိထွက်ကျဖို့ ကျောက်အကြီးအသေး အပေါ်မူတည်ပြီး တစ်ပတ်၊ နှစ်ပတ်လောက်သာ ကြာမြင့်တတ်ပါတယ်။ ၄ မီလီမီတာ (ကော်ဖီစေ့) ထက်ကြီးတဲ့ကျောက်တွေကတော့ သုံးပတ်လောက်အထိ ကြာမြင့်တတ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေကို ပြလေ့ရှိလဲ။

ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါမှာ နံရိုးအောက် ခါးအနောက်ပိုင်းနဲ့ ဘေးဘက်တွေမှာ စူးပြီးအောင့်မယ်။ ရံဖန်ရံခါ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံတွေအထိ အောင့်တတ်တယ်လို့ သိရပါတယ်။

နာကျင်မှုဟာ လှိုင်းလုံးတွေဆင့်လာသလို တဖြည်းဖြည်းတိုးပြီး နာလာတတ်တာပါ။ ဆီးသွားတဲ့အခါမှာလည်း ပူတာ ၊ ကျင်တာ ၊ အောင့်တာ ဖြစ်တတ်သလို ဆီး အနီရောင် ၊ အညိုရောင် ၊ ပန်းရောင်တွေ သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆီးထဲမှာ အမှုန်တွေပါနေတတ်ပြီး ၊ ဆီးအနံ့ဟာလည်း အနံ့ဆိုးထွက်နေတာမျိုး ဖြစ်နိုင်သလို မကြာခဏ ဆီးသွားချင်စိတ်ဖြစ်တာ၊ တကယ်သွားတဲ့အခါ ဆီးနည်းနည်းဘဲ ထွက်တာမျိုးတွေ၊ ရောဂါပြင်းထန်ရင် ချမ်းတုန်ဖျားပြီး ပျို့တာ အန်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

လူတိုင်း ကျောက်တည်နိုင်တယ်ဆိုပေမယ့် အသက် ၃၀ ၊ ၄၀ အရွယ် အမျိုးသားတွေမှာ ပိုအဖြစ်များတယ်လို့ သိရပါတယ်။

ကျောက်တည်တာ မဖြစ်ရအောင် ဘယ်လိုကာကွယ်ရမလဲ။

ရေများများသောက်တာက ကျောက်တည်နိုင်ခြေကို လျော့ကျစေပါတယ်။ မလိုအပ်ဘဲ Calcium အားဆေးတွေကို သောက်မယ့်အစား သဘာဝအစားအစာကနေ ရတဲ့ ကယ်လ်စီယမ် လုံလောက်စွာ စားသုံးသင့်ပါတယ်။
သံပုရာသီး ၊ လိမ္မော်သီး ၊ ရှောက်သီး ၊ သံပုရိုသီး ၊ ဖရဲသီး စတဲ့ဖျော်ရည်တွေ သောက်သုံးပေးတာကလည်း ကျောက်ကပ်ကျောက်တည်နှုန်းကို လျော့ကျစေပါတယ်။

ဒါတွေအပြင် ဆား၊ အသား၊ နို့စတာတွေကို လျှော့စားခြင်းဖြင့်လည်း ကျောက်ကပ်ကျောက်တည် တာကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ကျောက်တည်တာကို ဘယ်လိုကုသမလဲ

ကျောက်ကပ်ကျောက်တည်တာကို သေချာသိရဖို့နဲ့ နောက်ထပ် ကျောက်ကပ်ကျောက်တည်ခြင်းမျိုး ထပ်မဖြစ်စေဖို့ အကြောထိုးဆေး (IVP) နဲ့ ကျောက်ကပ်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်ကျောက်တည်တာကို ကုသတဲ့အခါမှာ သေးငယ်တဲ့ ကျောက်တွေက ရေများများသောက် ပေးခြင်းဖြင့် ကျေက်တွေဟာ သူ့အလိုလို ပြုတ်ကျနိုင်ပါတယ်။ တနေ့ကို ရေ ၂ လီတာကနေ ၃ လီတာခွဲ အထိ သောက်ပေးရပါမယ်။

အရွယ်အစားကြီးမားပြီး သူ့အလိုလိုပြုတ်ကျဖို့ ခဲယဥ်းနေတဲ့ ကျောက်တွေအတွက်ကတော့ အသံလှိုင်းနဲ့ ကျောက်ခြေနည်းဖြင့် ကုသတာ၊ အရေပြားမှာ အပေါက်လေးဖောက်ပြီး ခွဲစိတ်ကုသတာ၊ ဆီးလမ်းကြောင်းမှ တဆင့် မှန်ပြောင်းထည့်ပြီး ခွဲစိတ်ကုသတာ စတဲ့နည်းလမ်းတွေနဲ့ ကုသရမှာဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုခံယူပြီးတဲ့ ကျောက်တည်ဝေဒနာရှင်တွေအတွက် မိမိရဲ့ ကျောက်တည်တဲ့ ကျောက်အမျိုးအစား ပေါ်မူတည်ပြီး သင့်တော်မယ့် သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားမှသာ သောက်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မိမိသဘောအတိုင်း ဆေးဝယ်သောက်တာမျိုး လုံးဝ မပြုလုပ်သင့်ပါဘူး။

ဒီလိုအဖက်ဖက်က ကြပ်တည်းတဲ့ကာလမှာ ဆေးဝါးကုသစရိတ်တွေ မြင့်မားတာကြောင့် ကျောက်ကပ်ကျောက်တည်တဲ့ရောဂါအပါအဝင် တခြားသော ရောဂါဘေးဘယတွေလည်း ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်…..

ကိုးကား – WHO Myanmar website

spot_img
spot_img
spot_img

Recent posts