spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းဆရာမရဲ့ မီးလောင်သေဆုံးမှုသည် မတော်တဆမှုသာဖြစ်ကြောင်း KNEC ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာနေထိုင်တဲ့ ကျောင်းဆရာမနော်ဒီဇင်ဦးဟာ သူမ တာဝန်ကျတဲ့ ရှမ်း-ကရင်ပြည် နယ်စပ် ဆီးဘူးဒေသအတွင်းက ကျေးရွာတရွာမှာ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို သယ်ယူဖို့ မိသားစုဝင်တွေ ရောက်သွားချိန်မှာ ရုပ်အလောင်းဟာ တစစီကြေမွနေတယ်လို့ မိခင်ဖြစ်သူက ကန္တာရဝတီတိုင်း(မ်) ကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောပြခဲ့တာပါ။

စက်တင်ဘာလ ၂၂ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့ စေတနာ့ဝန်ထမ်းကျောင်းဆရာမဖြစ်သူ နော်ဒီဇင်ဦး ရဲ့ မီးလောင်သေဆုံးမှုဟာ မတော်တဆမှုဖြစ်ကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ကယန်းအမျိုးသား ပညာရေးကော်မတီ KNEC က အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းဆရာမဖြစ်စဉ်ရဲ့ သံသယဖြစ်ဖွယ် အထင်အမြင်လွဲမှားမှုကို ဖြေရှင်းနိုင်ရန်အတွက် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီရဲ့ ညွန်ကြားမှုနဲ့ ကယန်းပြည်သစ်တပ်မတော်မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးမားရ်ကို့ ဦးဆောင်ပြီး သေဆုံးခဲ့ရသူ ကျောင်းဆရာမရဲ့ မိသားစုအပါအဝင် ၉ ဦးဖြင့် ဒုတိယအကြိမ် စုံစမ်းတွေ့ရှိချက်အရ မတော်တဆ ကူးစက်မီးလောင်မှုသာ ဖြစ်တယ်လို့ KNEC ရဲ့ ထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့သူကျောင်းဆရာမ နေထိုင်တဲ့ အိမ်ရှင်ဖြစ်သူ ဦးစိုမြတ်ဌေးနှင့် ဒေါ်ရွှေစင်အေးဝင်း တို့ရဲ့ ထွက်ဆိုချက်၊ အခင်းဖြစ်ပွားခဲ့တဲ့ ကျေးရွာက သက်ဆိုင်သူများရဲ့ ထွက်ဆိုချက်၊ ပတ်ဝန်းကျင်များရဲ့ တွေ့ရှိချက်အရ KNEC ရဲ့ ပညာရေးစေတနာ့ဝန်ထမ်း မီးလောင်သေဆုံးမှုဟာ အိမ်ရှင်ဖြစ်သူ ဦးစိုမြတ်ဌေးနှင့် ဒေါ်ရွှေစင်အေးဝင်း တို့ပိုင်ဆိုင်တဲ့ ခြံထွက်ဖလာအခြောက်ခံဖို့ မီးမွေးရာမှ ကျန်ရှိတဲ့ မီးစကနေတဆင့် မတော်တဆ ကူးစက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ သေဆုံးခဲ့ရသူ ကျောင်းဆရာမရဲ့ ဦးလေးတော်စပ်သူလည်း ပါဝင်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ ယခုဖြစ်စဉ်မှာ မျက်မြင်တွေ့ရှိသူမရှိတာကြောင့် စုံစမ်းစစ်ဆေးမှုအပေါ် မတော်တဆမှုဖြစ်ခြင်းကို ကျေနပ်ပေမယ့် မိခင်ဖြစ်သူအနေနဲ့ သမီးဖြစ်သူရဲ့ သေဆုံးမှုမှာ ခန္ဓာကိုယ်အစိတ်အပိုင်း ပြန့်ကျဲနေတာကိုတော့ လက်ခံနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

“ဘယ်သူမှ မမြင်ခါကျတော့လေ မတော်တဆဘဲ ဖြစ်သွားတာပေါ့။ မတော်တဆ ဟုတ်လာ၊ မဟုတ်လာ၊ မတော်တဆ တကယ်ဖြစ်လား မဖြစ်လား။ ကျမ သမီးဘယ်လိုဖြစ်လဲဆိုတာ အဲ့လိုမျိုး ဆရာဝန်တစ်ယောက်နဲ့ စစ်ဆေးခိုင်းရင်တော့ အဖြေပေါ်မှာဘဲ သေချာတယ်။ ဒါပေမယ့် ဘာမှမတောင်းဆိုတော့ဘူး။ ဒါပေမယ့် ကျေနပ်မှုရှိလားဆို လုံလုံလောက်လောက်တော့ ကျမအပေါ်မှာ မရှိဘူးပေါ့။ကိုယ့်သမီး ဒီလိုဖြစ်သွားတယ်ကော။” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

လုပ်ကြံဖန်တီးမှု တစ်စုံတစ်ရာ မရှိဘဲ မတော်တဆသာ ဖြစ်ကြောင်း ဖြစ်စဉ်အမှန်ကို မိသားစုများမှလည်း ကြည်ဖြူစွာ လက်ခံကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အိမ်ရှင်ဖြစ်သူ ဇနှီးမောင်နှံများရဲ့ ပေါ့ဆမှုကို အရေးယူအပြစ်ပေးနိုင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ သက်ဆိုင်ရာဒေသခံအဖွဲ့အစည်းထံကို တင်ပြထားပြီးဖြစ်တယ်လို့လည်း KNEC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

spot_img
spot_img

Recent posts