spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကြားဖြတ်တိုက်ခိုက်မှုကြားကနေ စစ်ကောင်စီ ထောက်ပို့ စစ်ယာဉ်တန်း အစီး (၆၀) ဘောလခဲကို ရောက်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ် အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကနေ ဘောလခဲမြို့နယ်ကို ဦးတည်တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ စစ်ယာဉ်တန်း အစီး (၆၀) ဟာ ဘောလခဲမြို့ထဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရောက်ရှိသွားပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ရှေ့တစ်ပတ်မှာကတော့ (အောက်တိုဘာလ ၁၈ရက်) စစ်ကောင်စီယာဉ်တန်း အားလုံးထဲမှာ ၃စီးကတော့ အရင်ဆုံးလွှတ်သွားတာပေါ့။ နောက်ထပ် သိပ်မကြာခင် ၂ရက် ၃ရက်လောက်မှာပဲ သူတို့ (စစ်ကောင်စီ)တွေက ဆက်ပြီး ဖြတ်နိုင်ခဲ့တာပေါ့။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မားခရော်ရှေ့ က အမှတ် (၁၄) ကျောင်းကနေ ဖရူဆိုကနေ ဘောလခဲကို ဦးတည်သွားတဲ့ စစ်ကောင်စီကားတွေကတော့ ဘောလခဲကို အကုန်လုံးရောက်သွားပြီလို့ ကျနော်တို့ ပြောလို့ရတယ်။” လို့ စစ်ရေးချုပ် ခူးရီးဒူ က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကနေ အဆိုပါ စစ်ကောင်စီရဲ့ ထောက်ပို့ စစ်ယာဉ်တန်း ဖရူဆိုမြို့နယ်အတွင်းက မထွက်နိုင်အောင် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းကတည်းက ဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေ ဖြတ်သန်းသွားလာတဲ့အချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကူအားနဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်က စစ်ကောင်စီ စစ်ကြောင်းတွေကြောင့် အနားကပ်လို့မရဘူးလို့ မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဘောလခဲကို ရောက်ရှိသွားတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်း တချို့ဟာ ဖရူဆိုမြို့နယ်အတွင်းကို ပြန်လည်ရောက်ရှိနေပြီလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကားက နန်းဖဲကို အများကြီးကျော်သွားတာ တွေ့တယ်။ ညပိုင်းမှဖြတ်တော့ ဘားမှလုပ်လို့မရဘူး အထူးသဖြင့် လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်တယ်။ တချို့စစ်ကားတွေကတော့ ဒီရက်ပိုင်း ဘောလခဲကနေ ဖရူဆိုမြို့ထဲကို ပြန်လာတယ် ကြည့်ရတာတော့ ဖရူဆို နဲ့ ဘောလခဲ ကြားမှာတော့ စစ်ကားတွေ အသွားအလာရှိတယ်။”လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်ကနေ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းပါ စစ်ယာဉ်တန်းက ဘောလခဲမြို့နယ်ကို ရောက်ရှိသွားတဲ့အတွက် ပွင့်လင်းရာသီကာလမှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ပြီး အထူးသဖြင့် မယ်စဲ့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီက ရည်ရွယ်ထားတယ်လို့ ကရင်နီတပ်မတော်(KA) ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“စစ်ရေးကတော့ ပွင့်လင်းရာသီရောက်ရင်တော့ နည်းနည်းပိုပြီးပြင်းထန်မယ် သုံးသပ်မိတယ်။ နေရာတိုင်းဖြစ်နိုင်တယ် ဘယ်ဂွင်လဲတော့ မပြောတတ်သေးဘူး။ဒါပေမဲ့ ခန့်မှန်းတာကတော့ မယ်စဲ့ကတော့ ပိုပြီးဖြစ်နိုင်မယ်လို့ သုံးသပ်မိတယ်။ မယ်စဲ့ပြန်ရဖို့ကတော့ သူတို့ ရည်ရွယ်ထားတယ်။”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကနေ သိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်ကို လက်လွှတ်ထားရတာကြောင့် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေသလို လက်နက်ခဲယမ်းလည်း ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ယာဉ်တန်း မသွားလာနိုင်ဖို့ ကြားဖြတ်တိုက်ခိုက်တဲ့အခါ နေ့စဉ် ရက်ဆက် တိုက်ပွဲဖြစ်ပွားတာလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ နှစ်လကျော်ကြာ ဖရူဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီယာဉ်တန်းတချို့ကို ဖျက်ဆီးနိုင်ခဲ့သလို နှစ်ဖက်အကျအဆုံးလည်း ရှိနေတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီကြားထဲမှာ ဖြတ်တိုက်တဲ့ချိန်မှာ စစ်ကောင်စီယာဉ်တန်းတွေ တော်တော်များများကို ဖျက်ဆီးနိုင်တာရှိတယ်။ ထိတွေ့တိုက်ပွဲတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ဖက်က စစ်ကောင်စီတွေကို အများကြီးချေမှုန်းပစ်နိုင်တယ်ပေါ့နော။ နှစ်လကျော် သုံးလနီးပါး ဒီယာဉ်တန်းနဲ့ ရင်ဆိုင်ပြီးတော့မှ အကျအဆုံးတွေရှိသလို ထိခိုက်ဒဏ်ရာရမှုတွေ ရှိပါတယ်။ စစ်ကောင်စီဖက်ကလည်း အကျအဆုံး ထိခိုက်ဒဏ်ရာရတာ ယာဉ်တန်းပျက်စီးတာတွေရှိတယ်။” လို့ ခူးရီးဒူက ပြောပါတယ်။

ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်စွဲနေရာယူထားသ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံရေးကရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖရူဆိုမြို့နယ်က တိုက်ပွဲအပါအဝင် တစ်ပြည်နယ်လုံးအတိုင်းအတာအရ စစ်ကောင်စီတပ်သား (၇၈) ဦးသေဆုံးခဲ့တယ်လို့ KNDF က ဆိုပါတယ်။ လတ်တလော ထိတွေ့တိုက်ပွဲနဲ့ အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကနေ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

spot_img
spot_img

Recent posts