ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စုအတွင်းမှာ ဒေသခံတွေ စိုက်ပျိုးတဲ့ ဖာလာစိုက်ခင်းတွေဟာ ကြွက်ဖျက်ဆီးမှုနဲ့ ကြုံရတာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် ဖာလာအထွက်နှုန်း လျော့ကျလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ယခုနှစ်မှာလည်း မကြာခဏ မိုးရွာသွန်းပြီး မိုးများတာကြောင့် ဖာလာအသီး ပျက်စီးမှုတွေလည်း ရှိနေတာပါ။
“ကျနော် ဖာလာက ၁၀ ဧကရှိတယ်။ ဒီတစ်နှစ်တော့ မကောင်းဘူး မိုးရွာများလို့လားမသိဘူး။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ယခင်နှစ်တွေမှာတော့ ဖာလာ အထွက်နှုန်းကောင်းပြီး ၁၀ ဧကမှာ ဖာလာ ပိဿာချိန် ၉၀ အထိ ရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ ဆယ်ဧကမှာ ၈ ပိဿာသာ ပြန်ရတယ်လို့ ဆိုပါတယ်။
” ဒီတစ်နှစ် ဖလာမထွက်ဘူးလေး။ ဘာဖြစ်လို့လဲဆို စပါးရိတ်သိမ်းချိန်နဲ့ တိုက်သွားတော့ ဖာလာမှည့်တဲ့ချိန်မှာ ကြွက်တွေလည်း စားကုန်တာ အရင်နှစ် ပိဿာ ၄၀၊ ၅၀ လာသွင်းတဲ့ သူတွေဆို ၁၀ ပိဿာလောက်ပဲ ရတော့တယ်။”လို့ ဖာလာရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုထူးက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖာလာတစ်ပိဿာကို ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိပြီး ယခုနှစ်မှာတော့ ဖာလာအစို တစ်ပိဿာ ၁၆၀၀၀ ကျပ် ၊ အခြောက်တစ်ပိဿာ ၁၉၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ယခုနှစ် ဖလာအထွက်နှုန်းနည်းတာကြောင့် စျေးပိုရတာဖြစ်ပြီး ဒီးမော့ဆို ပွဲရုံအထိ သွားရောင်းချပါက ၂၂၀၀၀ ကျပ်အထိ စျေးရတယ်လို့ ကိုထူးက ဆက်ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်းမှာတော့ တော်ခူ ၊ ဒေါလာစော ၊ ဟိုယာ ၊ ကေကော စတဲ့ အအေးပိုင်းဒေသတွေမှာ ဖာလာကို အသက်မွေးဝမ်းကြောင်းတခုအဖြစ် လုပ်ကိုင် စိုက်ပျိုးကြပါတယ်။