စောအယ်ကညော၊ ရိုးရာ
အဲ့ဒီနေ့က မိုးဖွဲဖွဲလေးကျနေချိန် ကြွက်ထောင်ချောက် နဲ့ ကြွက်သေကောင်တွေ ထည့်ထားတဲ့ ပလိုင်းကိုလွယ်ပြီး ကျောက်ကြမ်းတွေ ထူပြောတဲ့လမ်းပေါ် မှာ လော်ဂျားဆိုင်ကယ် တစ်စီးဟာ ဒီးမော့ဆိုအနောက်ခြမ်းက တဲအိမ်စုစုလေးတွေရှိတဲ့ စစ်ရှောင်စခန်းဆီကို ခပ်ဖြည်းဖြည်း ဦးတည်လာပါတယ်။
အဲ့ဒီ ဆိုင်ကယ်ကို စီးနှင်းလာသူကတော့ အသက်အရွယ်အားဖြင့် (၄၅)နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဦးမောင်ကျော် ဖြစ်ပါတယ်။ တချိန်ကတော့ သူဟာ တိုက်ပွဲတွေမရှိဘဲ အေးချမ်းနေတဲ့ နန်းမယ်ခုံမြို့လေးမှာ သူ့မိသားစုတွေနဲ့အတူ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သူတို့နေထိုင်တဲ့ မြို့လေးကို စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်တွေ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒီးမော့ဆိုမြို့နယ်ရဲ့ အနောက်ခြမ်းကို သူဟာ မိသားစုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။
တိုက်ပွဲတွေမဖြစ်ပွားခင်အချိန် ကရင်နီပြည်၊ နန်းမယ်ခုံမြို့မှာ နေထိုင်ခဲ့တုန်းက ဦးမောင်ကျော်ဟာ မြို့နေသူတွေ အားထားလုပ်ကိုင်ကြတဲ့ လယ်စိုက်တာနဲ့ တပိုင်တနိုင်ခြံထွက်သီးနှံစိုက်ပျိုးတဲ့အလုပ်ကို လုပ်ကိုင်လို့ရခဲ့ပေမဲ့ အခုစစ်ရှောင်လာချိန်မှာတော့ စိုက်ပျိုးစရာ ကိုယ်ပိုင်မြေမရှိတဲ့ အပြင် အလုပ်အကိုင်တွေ မရှိတာကြောင့် ကြွက်ထောင်ဖမ်းတဲ့အလုပ်ကိုလုပ်ရင်း ဝမ်းရေးကို ဖြေရှင်းနေပါတယ်။
“ရွာမှာနေတုန်းကဆို ခရမ်းချဉ်သီးလုပ်မယ်၊ ခရမ်းသီးလုပ်မယ်၊ စားဖိုဆောင်သီးနှံပေါ့နော်၊ နန်းမယ်ခုံဘက်မှာဆို ရေကအဆင်ပြေတယ်ပေါ့နော် အဲ့လိုမျိုးလုပ်စားတယ်၊ စစ်ရှောင်ပြီးနောက်ပိုင်းမှာဆို သူများရွာမှာ ရှောင်နေရင်းနဲ့ အားအားနေဆို(အလုပ်အကိုင် မရှိကြောင်းကိုဆိုလို) ကြွက်ကိုအင်းလုပ်ပြီး ကြွက်သွားထောင်စားတယ် ” လို့ ဦးမောင်ကျော်ဟာ လက်ကြားထဲက ဖက်ကြမ်းဆေးပေါ့လိပ်လေးကိုဖွာရင်း တိုင်းရင်းသားအသံ ဝဲဝဲလေးနဲ့ သူ့ရဲ့လက်ရှိ အလုပ်အကိုင်အကြောင်းကို နားလည်အောင် အတတ်နိုင်ဆုံး ရှင်းပြနေပါတယ်။
ဦးမောင်ကျော်ရဲ့ သား၊ သမီး (၃) ယောက်လုံးဟာ ကျောင်းနေအရွယ်ဖြစ်တာကြောင့် ဦးမောင်ကျော်မှာ ဖခင်တစ်ယောက် အနေနဲ့ စစ်ရှောင်နေရင်းနဲ့ သား၊ သမီးတွေပညာရေးအတွက် ကျောင်းထားပေးဖို့ ဖြစ်လာပါတော့တယ်။ သမီးကြီးမှာ (၁၂)တန်း၊ သမီးလတ်မှာ(၁၀)တန်း ဖြစ်ပြီး အငယ်ဆုံးသားမှာတော့ (၄)တန်းဖြစ်ပါတယ်။
စစ်ရှောင်နေချိန်အတွင်းမှာတောင် သူ့ရဲ့ သား/သမီးတွေကို ပညာသင်ခွင့်ရဖို့အတွက် အရင်းအနှီးမလိုဘဲ ကြွက်ဖမ်းတဲ့ အလုပ်ကိုအသုံးချပြီး ကလေးကျောင်းစရိတ်နဲ့ နေ့စဉ်စားဝတ်နေရေးအတွက် ဖြေရှင်းနေတာပါ။
“ သား၊ သမီးပညာရေးအတွက် ကျောင်းဝင်ကြေးတို့ စာအုပ်ဖိုးတို့ စားဝတ်နေရေးအတွက် နည်းနည်းပါးပါးပဲ ဖြေရှင်းရတယ် ” လို့ ဦးမောင်ကျော်က အားမလိုအားမရဖြစ်တဲ့ အသံနဲ့ ပြောပါတယ်။
ဦးမောင်ကျော်တို့ စစ်ရှောင်စခန်း အနီးအနား တဝိုက်မှာ အသား၊ ငါး ရောင်းတာ မရှိသလို၊ စျေးကြီးတဲ့ အသား၊ ငါး ဝယ်စားဖို့အတွက် ငွေကြေးမတတ်နိုင်တာတွေကြောင့် ဦးမောင်ကျော် ထောင်ဖမ်းလာတဲ့ ကြွက်တွေက ရောင်းကောင်းနေပါတယ်။
“ ကြွက်ကို တချို့က ကြိုက်လို့ဝယ်စားကြတယ်၊ တချို့တွေက အသားထက်စျေးတန်တော့ ဝယ်စားကြတယ်ပေါ့နော်၊ သူကတော့ အကြီးကြီးနှစ်ကောင်ကို (၅၀၀၀) နဲ့ပဲ ရောင်းမယ်ဆိုရင်တော့ မိသားစု(၅)ယောက်ရှိတဲ့သူတွေက နှစ်နပ်စာရတယ်ပေါ့နော်၊ တကယ်လို့ အသားဝယ်စားတယ်ဆိုရင် တပိဿာကို (၁)သောင်းကျော်တယ်၊ လူဦးရေ (၅)ယောက်လောက်ပဲဆို နှစ်နပ်စာပဲရတယ် ” လို့ ကြွက်ဝယ်စားတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဦးမောင်ကျော် ထောင်ဖမ်းလာတဲ့ ကြွက်အမျိုးအစားဟာ လယ်ကြွက်အမျိုးအစား ၊ ဒေသအခေါ်အဝေါ်အားဖြင့် (ယူထိုး)လို့ ခေါ်ပါတယ်။ ကြွက်ကိုအကောင်လိုက် တစ်ကောင်ကို (၂၅၀၀) ကျပ်နဲ့ရောင်းသလို ကင်ပြီးတော့လည်း ဦးမောင်ကျော်က ရောင်းပါတယ်။
ဦးမောင်ကျော်ရဲ့ ကြွက်ကို အများအားဖြင့် စစ်ရှောင်တွေနဲ့ စစ်ရှောင်အနီးနားက ရွာခံတွေက ဝယ်စားကြပါတယ်။
ဦးမောင်ကျော်တို့ ယခုလက်ရှိနေနေတဲ့ စစ်ရှောင်စခန်းမှာ တဲ (၅၀)ကျော်ရှိပြီး လူဦးရေအားဖြင့် (၂၀၀)ကျော်ခန့် ရှိပါတယ်။ စစ်ရှောင်စခန်းထဲကို ဝင်လိုက်တာနဲ့ တာလပတ်အမိုးအကာနဲ့ တဲတွေဟာ ပူးကပ်နေပြီး တဲအရှေ့က လူသွားလမ်းမှာ ကလေးလေးတွေက အော်ဟစ်ခုန်ပေါက်ကာ ပျော်ရွှင်စွာဆော့ကစားနေကြတာကို တွေ့ရမှာပါ။
အခုချိန်မှာ မိုးရာသီဖြစ်ပေမဲ့ ကရင်နီပြည်အတွင်းက တချို့စစ်ရှောင်စခန်းတွေဟာ ရေရှားပါတယ်။ ဦးမောင်ကျော်တို့စခန်းမှာတော့ တအိမ်ကို တရက် ရေပုံးဝါ ၂ပုံးနဲ့ သာ ခပ်ယူသုံးစွဲနေရတာပါ။ တဲတွေကတော့ အမိုးအကာ မလုံလောက်တာကြောင့် မိုးယိုတာတွေလည်းရှိပါတယ်။
စစ်ရှောင်ကာလအတွင်း အာဟာရချို့တဲ့တာတွေ၊ သောက်သုံးရေရှားပါးတာတွေ၊ ဆေးဝါးလိုအပ်ချက်တွေရှိပါတယ်။ ဦးမောင်ကျော်တို့ စစ်ရှောင်စခန်းဟာ ဆိုရင်လည်း အဲ့လိုမျိုးပဲ ကြုံတွေ့နေရပါတယ်။
တကယ်တော့ ကြွက်သားမှာပါတဲ့ အာဟာရ တန်ဖိုးက မနည်းပါဘူး။ Neurostew ဆိုတဲ့ အာဟာရ အကြောင်းလေ့လာတဲ့ website တစ်ခုမှာ ကြွက်ရဲ့ အာဟာရတန်ဖိုးတွေကို ဖော်ပြထားပါတယ်။ ကြွက်သား ၃၀၀ ဂရမ် (၂၀ ကျပ်သားခန့်) မှာ ၆၄၈ ကယ်လီရီ၊ ပရိုတင်း အသားဓါတ် ၆၃ ဂရမ်နဲ့ အဆီဓါတ် ၂၂ ဂရမ် တို့ ပါဝင်ပါတယ်။ ပမာဏတူတဲ့ သိုးသား မှာဆိုရင် ၄၀၂ ကယ်လိုရီ၊ အသားဓါတ် ၆၁ ဂရမ်နဲ့ အဆီဓါတ် ၁၆ ဂရမ်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသားငါး ရှားပါးတဲ့ စစ်ရှောင်တွေ အတွက် ကြွက်သားဟာ အာဟာရနဲ့ ပြည့်ဝတဲ့ အစားအစာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါတင်မက ကြွက်သား ၃၀၀ ဂရမ်မှာ သံဓါတ် ၁၄ မီလီဂရမ်လည်း ပါဝင်ပြီး သံဓါတ်ကြွယ်ဝဖို့ ရည်ညွှန်းလေ့ရှိတဲ့ စပျစ်သီးခြောက်မှာထက် သုံးဆနီးပါး သံဓါတ်ပိုများပါတယ်။
ဒါ့ကြောင့် ဦးမောင်ကျော်ဟာ စစ်ရှောင်တွေအတွက် အာဟာရတွေ ဖြည့်တင်းပေးနေတာမျိုး ဖြစ်နေသလို သူ့ရဲ့ သားသမီးတွေရဲ့ ပညာရေးကိုလည်း ထောက်ပံ့နိုင်ဖို့ ဝင်ငွေလည်း ရှာဖွေနေတာ ဖြစ်ပါတယ်။
စစ်ရှောင်စခန်းအတွင်းမှာတော့ ကလေးတွေပညာရေးနဲ့ပတ်သတ်လို့ မူလတန်းအဆင့်ထိပဲ တက်ခွင့်ရကြပါတယ်။ အဲ့ဒီထဲမှာ ဦးမောင်ကျော်ရဲ့ သားဖြစ်သူကတော့ စစ်ရှောင်စခန်းက ကျောင်းမှာတက်ခွင့်ရပေမဲ့ အထက်တန်းအရွယ် သမီးနှစ်ယောက်ကတော့ တခြားကျောင်းမှာ သွားတက်ရပါတယ်။
ဦးမောင်ကျော်ရဲ့ သမီးအကြီးဆုံးကလည်း ဖခင်ရဲ့ လက်ရှိအလုပ်ပေါ်မှာ သူ့သဘောထားကို “ပါးပါးကြွက်ရောင်းတဲ့အပေါ်မှာ ရှက်လည်းမရှက်ဘူး၊ ခိုးစားတာလည်းမဟုတ်ဘူးဆိုတော့ သူငယ်ချင်းတွေကလည်း နောက်ပြောင်စရာမရှိဘူးလေ။” လို့ ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။
ဦးမောင်ကျော်ဟာလည်း ဖခင်ပီပီ သား၊ သမီးပညာရေး မျက်နှာမငယ်ဖို့ရန်အတွက် ကြွက်ထောင်ဖမ်းတဲ့ အလုပ်ကိုလုပ်ရင်း အကောင်းဆုံးကြိုးစားနေသူဖြစ်ပါတယ်။ သူဟာကြွက် (၃)ကောင်လောက်ပဲ ရတဲ့အခါတွေဆိုရင် ဓတ်ဆီဖိုး ကာမိရုံလောက်ပဲရှိပြီး (၁၀)ကောင်ကျော်လောက်ရတဲ့အခါ ဆိုရင်တော့ ဆိုင်ကယ်ဆီဖိုးအပြင် သူ့မိသားစု စားသောက်ရေးအတွက် ပိုရတယ်လို့ဆိုပါတယ်။
ကြွက်သွားမဖမ်းခင် အိမ်တိုင်မှာချိတ်ထားတဲ့ ပလိုင်းကိုယူပြီး ကြတ်ခိုးစင်မှာတင်ထားတဲ့ ကြွက်ကိုင်းတံ (ကြွက်ထောင်ချောက်) တခုစီကို တညီတညာစီပြီး ထည့်လိုက်ပါတယ်။ ဦးမောင်ကျော် ကြွက်တစ်ခါဖမ်းဖို့သွားတိုင်း ကြွက်ကိုင်းတံ (၃၅)ခုကို ယူသွားလေ့ရှိပါတယ်။
အဲ့ဒီနောက် မီးခွက်မှာ တိတ်ပတ်ထားတဲ့ ဆိုင်ကယ်ကိုခွ၊ ပလိုင်းကိုလွယ်ပြီး စစ်ရှောင်စခန်းက သူ့ရဲ့အမိုးမလုံတဲ့ တဲလေးနဲ့ ၃မိုင်လောက်ကွာဝေးတဲ့ လယ်ကွင်းဆီကို ကြွက်ထောင်ဖို့ သူ့ရဲ့ ညအိပ်ခရီးကို စတင်လေ့ရှိပါတယ်။
ဦးမောင်ကျော် ကြွက်ထောင်ရတဲ့နေရာဟာ အသက်အန္တရာယ်အတွက် လုံခြုံမှုရှိတဲ့နေရာတော့ မဟုတ်ပါဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့နဲ့ နီးတာကြောင့် မကြာခဏဆိုသလို လက်နက်ကြီးတွေ ကျတတ်ပါသေးတယ်။
“ အသက်နဲ့ ရင်းပြီးတော့သွားရတယ်၊ ဟိုကနေ Sniper နဲ့ဘယ်အချိန်လှမ်းပစ်မလည်း အဲ့ဒါတွေစိုးရိမ်ရတယ်လေ၊ ဒါပေမဲ့ မသွားထောင်လို့မှမရတာ၊ စားဝတ်နေရေးနဲ့ အသုံးစရိတ်မရှိဘူး” လို့ သူကပြောပါတယ်။
လယ်ကွင်းကိုရောက်တဲ့အချိန်မှာတော့ သူရဲ့ကြွက်ထောင်ဖို့အစီအစဉ်ကို စတင်လုပ်ဆောင်ပါတယ်။ သူဟာကြွက်ကိုင်း (ကြွက်ထောင်ချောက်) ကို ကြွက်သွားရာလမ်းကြောင်းရှာပြီး ကြွက်တွင်းနဲ့ တတောင်ခန့်အကွာမှာ ကြွက်ကိုင်းတံတွေကို စိုက်ထားခဲ့ပါတယ်။ ပြီးတဲ့နောက် မိုးစက်တွေ တပေါက်ပေါက်ကျနေတဲ့ လယ်ကွင်းထဲက တဲ ထဲမှာ လေအေးတွေရဲ့ တိုးဝှေ့ဒဏ်ကိုအံတုပြီး သူ့ရဲ့ တညတာကို ကုန်ဆုံးတယ်လို့ ဦးမောင်ကျော်က ပြောပါတယ်။
နောက်တရက် မနက်အာရုံတက်ချိန်မှာတော့ ဦးမောင်ကျော်ဟာ သူထောင်ထားတဲ့ ကြွက်ကိုင်းတံတွေကို သွားကြည့်ပါတယ်။ သူ့ရဲ့ကြွက်ကိုင်းတံမှာ ညှပ်နေတဲ့ ကြွက်တွေကိုတော့ သူ့ပလိုင်းထဲကို ပစ်ထည့်လိုက်ပြီး ထောင်ထားတဲ့ ကိုင်းတံများကို မြေကြီးမှဆွဲနှုတ်ကာ တစ်နေရာမှာ စုပုံထားလိုက်ပါတယ်။ အဲ့ဒီနောက် ကြွက်ကိုင်းတံတွေကို အစီအရီ ပြန်ထည့်လိုက်ပြီး သူ့ရဲ့ နွေးထွေးတဲ့မိသားစုတွေရှိရာ စစ်ရှောင်စခန်းဆီက တဲကို ပြန်ပါတော့တယ်။
ဦးမောင်ကျော်အနေနဲ့ ရရာအလုပ်ဖြစ်တဲ့ ကြွက်ဖမ်းတဲ့အလုပ်ကို လုပ်ကိုင်နေရပေမယ့် သူ့မိသားစုမှာ သူက ဖခင်ကောင်းတယောက် ပီသသူပါ။
“ ပါးပါးကို ဘယ်လောက်ထိချစ်လည်းဆိုတော့ သမီးတို့ မိသားစုအတွက် Hero (သူရဲကောင်း) လို့ပဲပြောရမှာပေါ့ ” လို့ သမီးဖြစ်သူက ပြောဆိုပါတယ်။