ကန္တာရဝတီတိုင်း(မ်)
တချိန်က မြန်မာပြည်မှာ ကွန်ပျူတာကိုင်ပြီး ဒေတာ(စာရင်း)တွေကို ပြုစုခဲ့တဲ့ လက်တစုံဟာ အခုတော့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဟိုတယ်တခုရဲ့ ကြမ်းတိုက်တုတ်ပေါ်မှာလှုပ်ရှားနေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုမှာ ပါ၀င်ခဲ့တဲ့ အသက် ၃၇ နှစ် အရွယ် မော်လိမာကတော့ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ တခန်းဝင်တခန်းထွက်နဲ့ ဟိုတယ်ရဲ့ မြောက်များစွာ သော အခန်းတွေကို သန့်ရှင်းရေးလုပ်နေရပါတယ်။
သူမ ခင်ပွန်း၊ ၈နှစ်အရွယ် သားနဲ့အတူ မိသားစုဝင် ၃ ဦး ဘန်ကောက်မြို့မှာ နေထိုင်ကာ ဟိုတယ်တခုမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေပြီး မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။
မော်လိမာဟာ စစ်တပ်အာဏာမသိမ်းခင်အထိ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်နယ်ကုသရေးဦးစီးဌာန၊ အကြီးတန်းစာရေးရာထူးနဲ့ ကရင်နီပြည်တနေရာမှာ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတာကို လုံးဝလက်မခံနိုင်တဲ့အတွက် CDM လုပ်ခဲ့ပြီး မိသားစုစားဝတ်နေ ရေးအတွက် ရတဲ့အလုပ်တွေကိုလုပ်ကာ မညည်းညူဘဲ ဘဝကို ဆက်လက် ဖြတ်သန်းတာပါ။
ဒါပေမဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကရင်နီပြည်မှာ နေထိုင်စရာအပြင် စားဝတ်နေရေး ဖြေရှင်းဖို့ ခက်ခဲလာတာကြောင့် မိသားစုနဲ့အတူ ထိုင်းနိုင်ငံကို တရား၀င် လေယာဥ်နဲ့ ထွက်လာခဲ့ကြပါတယ်။
“အောက်လမ်းနဲ့လာမယ်ဆို ကုန်ကျစရိတ်က တယောက်ကို ဆယ်သိန်းကျော်လောက်မှာရှိတယ်။ ကိုယ်အဲလောက်ကို မတတ်နိုင်ဘူးလေ။ လေယာဉ်နဲ့ကျတော့ လေယာဉ်ခက တသိန်းကျော်လေးပဲ ရှိတယ်လေ” လို့ မော်လိမာကပြောပါတယ်။
ဒီလိုတရားဝင်နည်းလမ်းနဲ့ဝင်လာဖို့ နဲ့ လေယာဉ်ကွင်းက အစစ်အဆေးတွေ ကျော်ဖြတ်နိုင်ဖို့ လေယာဉ် အသွား/အပြန် လက်မှတ်ဝယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီ ကုန်ကျတဲ့ငွေပမာဏဟာ အောက်လမ်းနဲ့လာဖို့ထက် များစွာသက်သာနေတာကြောင့် CDM ရဲ့ စာရင်းတချို့နဲ့ လေဆိပ်အ၀င်အထွက် အစစ်ဆေးကြမ်းနေတဲ့ကြားကပဲအရဲစွန့်ပြီး အပေါ်လမ်းလို့ခေါ်တဲ့ ပတ်စ်ပို့နဲ့ တရားဝင်လာခဲ့တာပါ။
“ကျမက တခုကံကောင်းတာက ကလေးပါတော့လေး အရမ်းကြီးစစ်ဆေးမေးမြန်းတာကြီးတော့ မရှိဘူး။” လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကို ရင်တထိတ်ထိတ်နဲ့ ဖြတ်ခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။
မော်လိမာတို့မိသားစုဟာ ထိုင်းနိုင်ငံအတွင်း ၁ လကြာတဲ့အထိသာ တရားဝင်နေထိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ တရားမဝင်နဲ့သာ ဆက်လက်နေထိုင်ရပါတော့တယ်။
တိုင်းတပါးမှာ တရားမဝင်နေထိုင်ရတဲ့အတွက် အလုပ်အကိုင်ရှားပါးသလို ရတဲ့အလုပ်ကိုပဲ မိမိရရ ဖမ်းဆုတ်ထားရတယ်လို့ မော်လိမာက ဆိုပါတယ်။
“ကျမတို့အလုပ်က နှစ်ယောက်လုံးလုပ်ဖို့ အဆင်မပြေဘူး။ ကျမတယောက်ပဲ အလုပ်လုပ်တာပေါ့နော။ အမျိုးသားကတော့ ကလေးကိုထိန်းရတာပေါ့နော။ ကျမတို့ကလည်း အလုပ်ကလည်း လွယ်လွယ်ကူကူ လျှောက်လို့ရတဲ့အခြေအနေ မဟုတ်ဘူးပေါ့နော။ ဒီနိုင်ငံမှာနေတော့ ဒီစကားတတ်မှ အဲလိုမျိုးတွေ လက်မှတ်အထောက်အထားအစုံရှိမှ ဆိုတော့လေ” လို့ ပြောပါတယ်။
အလုပ်သမားအထောက်အထားတွေ မရှိတာကြောင့် အလုပ်ကောင်းမရသလို ရတဲ့အလုပ်ကလည်း အထောက်အထားရှိသူတွေထက်စာရင် အလုပ်ချိန်ပိုလုပ်ရတဲ့အပြင် လခလျှော့ပေးခံရတွေနဲ့လည်း ကြုံနေရပါတယ်။
“ကျမတို့ဒီလတ်တလော စားဝတ်နေရေးအတွက် ဖြေရှင်းလို့ရတယ်ပေါ့နော။ ပိုပိုလျှံလျှံမရှိဘူးပေါ့နော။ ချွေချွေတာတာလေးပေါ့ မငတ်ရုံတမယ်ပဲပေါ့ ။အဲလိုမျိုးနေနိုင်တယ်ပေါ့။ ပိုလျှံတယ်ဆိုတာ မရှိဘူး ပေါ့နော။ ဘာလို့ဆို ကျမတို့လစာက အရမ်းမကောင်းဘူးလေ။” လို့ မော်လိမာက ပြောပြပါတယ်။
မော်လိမာဟာ သူမရဲ့သားကို ပုဂ္ဂလိက ဖွင့်လှစ်တဲ့ မြန်မာကျောင်းတကျောင်းမှာ ပညာသင်ကြားစေပြီး သူမရရှိတဲ့ လစာဟာ အိမ်ငှားခ၊ စားစရိတ်နဲ့ သားလေးကျောင်းလခနဲ့ ကွက်တိလို ဖြစ်နေပါတယ်။
အာဏာမသိမ်းခင်အထိ အေးချမ်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ခဲ့ရသလို သူမရဲ့ သားဟာလည်း အေးချမ်းစွာ ပညာသင်ကြားနိုင်ဖို့ နဲ့ ပညာတတ်ဖြစ်ဖို့ မျှော်လင့်ချက် ကြီးမားသူပါ။
သူမရဲ့ သားကို “နိုင်ငံတကာတက္ကသိုလ်တွေအထိ ပညာသင်ယူနိုင်အောင် ထားနိုင်ရမယ်” လို့ ရည်မှန်း ထားပေမယ့် CDM မှာ ပါဝင်ခဲ့တဲ့အတွက် သူမရဲ့သားကိုလည်း စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ မထားတော့တဲ့အတွက် ပညာရေးမှာလည်း နောက်နှေးခဲ့တယ်လို့ ဆိုပါတယ်။
သို့ပေမဲ့ သူမရဲ့ မိသားစုအပေါ်ထားတဲ့ ရည်မှန်းချက်ဟာ မပြောင်းလဲသွားခဲ့ပါဘူး။
“ပြောင်းတော့မပြောင်းလဲဘူး သူ့ပညာရေးကို ကျမဖြစ်အောင်ပေါ့နော လုပ်ပေးမယ်ပေါ့နော။ သူရည်မှန်းထားတဲ့ ကလေးရဲ့ education သူ့ရဲ့ planကိုကျမ ထားထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ ကျမဖြစ်အောင်လည်း လုပ်မယ်ပေါ့နော။ ပြောင်းဖို့လည်း မရှိဘူး။ အဲအတွက်လည်း ရုန်းကန်ပြီး ကြိုးစားမယ်ပေါ့နော” လို့ ပြောပါတယ်။
မော်လိမာလိုပဲ မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာ တရားမဝင်နည်းလမ်းနဲ့ ရောက်လာတဲ့ CDM လှုပ်ရှားမှုမှာပါခဲ့သူ နောက်တယောက်ကတော့ အသက် ၃၁ နှစ်အရွယ် မော်ဘူးမြာပါ။ သူမကတော့ အာဏာမသိမ်းခင်အထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ ကုသရေးဌာနမှာ သားဖွား ဆရာမရာထူးနဲ့ အစိုးရဝန်ထမ်း (၇) နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မော်ဘူးမြာဟာ ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ မိသားစုကို စစ်ရှောင်စခန်းမှာထားခဲ့ရပြီး တိုင်းတပါးကို တယောက်ထဲစွန့်စားထွက်လာခဲ့တာပါ။ ဒီလိုစွန့်စားမှုကလည်း သူမအတွက် ရင်ကွဲမတတ် ခံစားခဲ့ရစေပါတယ်။
“ဒီကိုထိုင်းနိုင်ငံကိုလာတဲ့အချိန် အခက်ခဲဆုံး ဆုံးဖြတ်ချက်က အဲတခုပဲ။ ဘာလို့ဆို ကလေးနဲ့ ခွဲနေရမှာကော။ ကိုယ်ကမိခင်ဖြစ်တဲ့အတွက် ကလေးနဲ့မခွဲချင်ဘူး။ ကိုယ်က CDMလုပ်ထားတော့ မြန်မာနိုင်ငံမှာ အလုပ်လျှောက်ကြည့်တယ်ပေါ့နော။ အလုပ်လျှောက်ခါကျတော့ သူတို့က စီ(CDM) သမားဆို သူတို့ကမခေါ်ဘူး။ အဲကြောင့်မို့ကိုယ်ကလည်း အလုပ်မရှိတာလည်း ကြာလာပြီ၊ ဝင်ငွေမရှိတာလည်း ကြာလာပြီဆိုတော့ ဒီထိုင်းဖက်ကိုပဲ ရွေးချယ်ဖြစ်သွားတယ်” လို့ ထိုင်းဖက်ထွက်လာဖို့ ခက်ခဲစွာဆုံးဖြတ်ချက်ချခဲ့ရတဲ့အကြောင်း မော်ဘူးမြာက ငိုရင်း ပြောပြနေပါတယ်။
ထိုင်းနိုင်ငံကို ရောက်တဲ့အခါမှာလည်း အလွယ်ကူဆုံးဖြစ်တဲ့ အိမ်အကူအလုပ်ကလွဲလို့ ရွေးချယ်စရာ မရှိဘူးလို့ သူမက ဆက်ပြောပါတယ်။
ဝန်ထမ်းဘဝနဲ့ သားဖွားဆရာမအလုပ်ဟာ မော်ဘူးမြာအတွက် ဝါသနာအရင်းခံပြီး စနစ်တကျ လေ့လာ သင်ယူတတ်မြှောက်ထားတဲ့ ပညာရပ်ဖြစ်သလို ပြည်သူတွေအပေါ် စေတနာထားပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးနေရတာဟာ သူမအတွက် ပင်ပန်းခဲ့ရင်တောင် ပြည်သူဆီက ပြန်ရတဲ့မေတ္တာတွေနဲ့ ပျော်နေခဲ့ရသူပါ။
လက်ရှိ အိမ်အကူအလုပ်ဟာ သူမအတွက် အိပ်မက်တောင်မမက်ဖူးသလို အရင်ဘဝနဲ့ လုံးဝကွာခြား သွားခဲ့ရပါတော့တယ်။
“အိမ်အကူဆိုပေမဲ့လည်း မိန်းကလေး တိုင်းလုပ်တတ်တဲ့ အလုပ်ပဲ၊ ဒီနေ့စဉ်ဘဝ လုပ်နေကျ အလုပ်ပဲ လွယ်ပါတယ်လို့ ထင်ကောင်းထင် လိမ့်မယ်ပေါ့နော။ တကယ်တော့ လက်တွေ့ ဘဝမှာ ကျတော့ ကိုယ့်အိမ်လိုသန့်ရှင်းရေး သန့်သန့်ရှင်းရှင်း ဖြစ်နေရင် ပြီးရောဆိုပြီးတော့မှ ဖြစ်သလိုလုပ်လို့ လည်း မရဘူးပေါ့နော။ အဲလိုမျိုးပေါ့။ ပြီးလို့ရှိရင် ကိုယ့်အိမ်မှာလို စိတ်လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ နေလို့မရဘူးပေါ့နော။ အိမ်ရှင်ရဲ့သဘောကို အမြဲတမ်းအကဲခတ်ကြည့်ရတယ်ပေါ့နော။ အဲလိုမျိုးတွေ။ ပြီးလို့ရှိရင် ဒီစိတ်ပိုင်းဆိုင်ရာမှာတော့ ဒီစိတ်ဓာတ်မကျအောင်တော့ အမြဲတမ်းဂရုစိုက်ရတဲ့ အထဲမှာ ပါတယ်ပေါ့နော။” လို့ မော်ဘူးမြာက ပြောပါတယ်။
လက်ရှိမော်ဘူးမြာဟာ ထိုင်းနိုင်ငံကို ရောက်ရှိတာ ၇ လထဲ ရှိနေပါပြီ။ စစ်ရှောင်မှာ ကျန်ခဲ့တဲ့ မိသားစု ကို ထောက်ပံ့ဖို့ နဲ့ ထိုင်းနိုင်ငံကို ထွက်လာဖို့ ကုန်ကျတဲ့ လမ်းစရိတ် အကြွေးတချို့ ဆပ်နိုင်ဖို့ သူမရတဲ့ လစာငွေကို ခွဲခြမ်းစိတ်ဖြာနေရပါတယ်။
ထိုင်းနိုင်ငံကိုထွက်လာဖို့ ပွဲစားခအပါအဝင် စုစုပေါင်းလမ်းစရိတ် မြန်မာကျပ်ငွေ ၂၅ သိန်း ကုန်ကျခဲ့ ပါတယ်။ လမ်းစရိတ်ကို အကြွေးအကုန်ဆပ်ပြီးရင် သူမရဲ့ ၃ နှစ်အရွယ်သမီးလေးကို ထိုင်းနိုင်ငံမှာ ကျောင်းထားပေးချင်တယ်လို့ ဆိုပါတယ်။
လက်ရှိသမီးလေး ပညာရေးအတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေဟာလည်း အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဘာတခုမှဖြစ်မြောက်အောင် မလုပ်နိုင်သေးဘူးလို့ မော်ဘူးမြာက ညည်းနေမိပါတယ်။
“ကိုယ့်ကလေးကို ဘယ်မိခင်မဆို ကိုယ့်ကလေးကို အကောင်းဆုံး ပေးချင်ကြတာကြီးပဲပေါ့နော။ သူ့ကိုဒီဖြတ်သန်းရတဲ့ဘဝမှာ အခက်အခဲတွေကို ခံနိုင်ရည်ရှိအောင် ကျော်ဖြတ်ရမယ်ဆိုတဲ့ သင်ခန်းစာတွေ၊ သူကကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်၊ ပြီးလို့ရှိရင်လည်း ဒီပညာရေးပိုင်းမှာကော ဘယ်လိုတိုးတက်အောင် ဆိုပြီးတော့ plan(အစီအစဥ်) ချထားတာတော့ရှိတယ်။” လို့ မော်ဘူးမြာက သူမသမီးအပေါ်ထားတဲ့ မိခင်တယောက်ရဲ့ ဖြစ်ချင်စိတ်တွေကို ပြောပြပါတယ်။
အာဏာသိမ်း နောက်ဆက်တွဲပဋိပက္ခတွေကြောင့် ကရင်နီမှာ အလုပ်လက်မဲ့ဘဝနဲ့ နေထိုင်ရတဲ့ CDM သမားတွေ အများအပြားရှိနေပါတယ်။
ကရင်နီပြည်တွင်းမှာ ဌာနဆိုင်ရာပေါင်း ၂၀ ကျော်က ဝန်ထမ်း ၅၈၀၀ ဝန်းကျင် CDM ပြုလုပ်ထားတယ် လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ CDM ကော်မတီကောက်ယူထားတဲ့ စာရင်းအရ သိရ ပါတယ်။
တခြားလက်လှမ်းမမီနိုင်သေးတဲ့ CDM တွေရှိနိုင်ပြီး လက်ရှိ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အုပ်ချုပ်ရေးယန္တရားလက်အောက်မှ ဝန်ထမ်း ၉၀၀ ဦးရှိတဲ့အနက် ၃၅ ရာခိုင်နှုန်းဟာ CDM တွေဖြစ်ကြတယ်လို့ IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။
ဒါ့အပြင် CDM တွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေက အခြေခံကျတဲ့ အုပ်ချုပ်ရေးစနစ် တည်ဆောက်ရာမှာ များစွာ အထောက်အကူဖြစ်စေတယ်လို့ သူကဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး သိပ်မကြာခင်ကာလတွေမှာ အစိုးရဝန်ထမ်းတွေကို စစ်တပ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM မှာ ပါဝင်လာ ကြဖို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ အပြင် နိုင်ငံရေးတက်ကြွသူတွေက တိုက်တွန်းခဲ့ကြပါတယ်။
CDM မှာ ပါဝင်ခဲ့သူတချို့ကိုလည်း ထောက်ပံ့ငွေပေးတာမျိုးရှိခဲ့ပေမယ့် တော်လှန်ရေးကာလ တနှစ်ကျော်ကြာလာပြီးနောက်ပိုင်း ထောက်ပံ့ငွေတွေရရှိသူ မရှိသလောက် နည်းပါးလာခဲ့ပါတယ်။
ဒါကြောင့် CDM လှုပ်ရှားမှုမှာ ပါခဲ့သူများဟာ အောက်ခြေအလုပ်အကိုင်များနဲ့ ဘ၀ ရပ်တည်နေရပြီး အိမ်အကူ၊ သန့်ရှင်းရေးနဲ့ အချို့ အမှိုက်ကောက်သူများအထိ အလုပ်လုပ်ကိုင်နေကြရပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်ရဖို့ခက်ခဲတာနဲ့ စစ်ကောင်စီကနေပြီး CDM မှာ ပါဝင်တဲ့ သူတွေကို ဝန်ထမ်းအိမ်ယာတွေကနေ အတင်းဖယ်ရှားတာ၊ ဥပဒေတပ် တရားစွဲဆို ဖမ်းဆီးတာ၊ ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်တာတွေ စတဲ့ လုံခြုံရေးတွေကြောင့် CDM သမားတွေဟာ နီးစပ်ရာ ထိုင်းနိုင်ငံကို တရားမဝင်နဲ့ ဝင်ရောက်ခိုလှုံခဲ့ကြတာတွေ ပိုများလာခဲ့ပါတယ်။
မြန်မာနိုင်ငံ တဝှမ်းလုံးမှာ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းပေါင်း လေးသိန်းကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM မှာ ပါဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာရင်း အရသိရပါတယ်။
မော်လိမာနဲ့ မော်ဘူးမြာတို့နှစ်ယောက် တူညီတဲ့အချက်ကတော့ ကရင်နီမှာရှိတဲ့ ပြည်သူတွေအားလုံး စစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်စေချင်ပြီး ကလေးသူငယ်၊ လူငယ်လူရွယ် တွေကို အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားစေလိုကြတာပါ။
တော်လှန်ရေးအောင်မြင်တဲ့တနေ့ကျရင်လည်း သူမတို့ရဲ့ အရင်ထမ်းဆောင်ခဲ့ဖူးတဲ့ ဌာနတွေမှာ ပြန်လည်ထမ်းဆောင်ဖို့လည်း ဆန္ဒထပ်တူရှိကြပါတယ်။
စစ်ကောင်စီကနေပြီး CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ ၊ အမည်မည်းစာရင်း (Black Lists) ပါနေသူ တွေကို ဖြေလျှော့ပေးမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂) နေ့မှာ ထုတ်ပြန်ထားပြီး ပြန်လည်ဝင်ရောက်လိုတဲ့ ဝန်ထမ်းတွေဟာ ဇူလိုင်လ ၁၅ ရက်နေ့ကနေစပြီး မိမိထမ်းဆောင်ခဲ့တဲ့ သက်ဆိုင်ရာဌာနတွေမှာ အမည်စာရင်းသွင်းနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါတွေဟာ စစ်ကောင်စီကနေပြီး သူတို့ရဲ့ ယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ မျှားခေါ်တာဖြစ်သလို ဘာအကြောင်းနဲ့မှ ပြန်ဝင်မှာလည်း မဟုတ်ဘူးလို့ မော်ဘူးမြာနဲ့ မော်လိမာက ပြောပါတယ်။
CDM မှာ ပါဝင်လို့ တခြားသူထက် အခွင့်အလမ်းတွေ ဆုံးရှုံးပြီး ပိုခက်ခဲမယ် ဆိုရင်တောင် လုံးဝနောင်တမရတဲ့အပြင် ပြည်သူတွေအပေါ် မတရားအာဏာသိမ်းယူလိုက်တဲ့ စစ်ကောင်စီကိုလည်း အဆုံးထိဆန့်ကျင်သွားမယ်လို့ မော်လိမာက ပြောပါတယ်။
“ဘယ်သူ့ပြည်သူတဦးတယောက်အပေါ်မှာ မငဲ့ညှာတဲ့အတွက်ကြောင့်မို့လို့ အများကြီး ဘဝတွေအများကြီး ဆုံးရှုံးရတယ်ပေါ့နော။ အနာဂတ်တွေ၊ ကလေးရဲ့အနာဂတ်တွေ အများကြီးပျောက်ခဲ့ ရတယ်ပေါ့နော။ ကျမ စီဒီအမ်လုပ်တာနောင်တရလားဆိုရင် နောင်တမရဘူး ။ အသက်ပေးသွားတဲ့ကလေးတွေထက်စာရင် ကျမ CDM လုပ်တာ ဘာမှမပြောပလောက်ဘူးလို့ ကျမအမြဲတမ်း ကျမဦးနှောက်ထဲမှာ ရှိတာပေါ့နော။” လို့ မော်လိမာက ပြောဆိုသွားပါတယ်။