စူးမယ်
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည် မိန်းကလေးတွေကို ပြည့်တန်ဆာပြုလုပ်ခိုင်းနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်း ဧပြီလအတွင်း ထွက်ပေါ်ပြီးနောက်မှာတော့ ကရင်နီ အမှတ် ၁ စခန်း ဒုက္ခသည်မှာ အဝင်အထွက် ပိတ်ဆို့မှုကို တစ်လနီးပါး ပြုလုပ်ခဲ့ပါတယ်။
တစ်လနီးပါး လမ်းပိတ်ဆို့မှုရဲ့ အကြောင်းပြချက်က ကရင်နီဒုက္ခသည်စခန်းရှိ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်များ လူကုန်ကူးခံနေရတယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် ဖြစ်ပါတယ်။ ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ နေထိုင်နေတဲ့ လူဦးရေ တစ်သောင်း တစ်ထောင်ကျော်ထဲက တစ်ဝက်ခန့်ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။
စခန်းအတွင်းကနေထိုင်သူ စခန်းအပြင်ကို မထွက်ဖို့နဲ့ အပြင်ကလူ စခန်းအတွင်းကို ဝင်မလာစေဖို့ အဝင်အထွက် လုံခြုံရေးကို တင်းကြပ်ထားခဲ့ပါတယ်။ အဝင်အထွက်ပိတ်ဆို့ထားမှုကို ထိုင်းအာဏာပိုင်တွေနဲ့အတူ ဒုက္ခသည် လုံခြုံရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့အပြီး တစ်လခန့်အကြာမှာသာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။
ကရင်နီဒုက္ခသည်စခန်းမှာ လူကုန်ကူးမှုနဲ့ အသက်မပြည့် မိန်းကလေးငယ်များကို ပြည့်တန်ဆာ ခိုင်းစေမှုမှာ စခန်းက ဒုက္ခသည် အမျိုးသမီးငယ်များ မပါဝင်ကြောင်း အတည်ပြုနိုင်ပြီးမှသာ ထွက်ပေါ်နေတဲ့ ကောလဟာလဟာ မဟုတ်မှန်ကြောင်း ထင်ရှာတဲ့အတွက် စခန်းရဲ့ အဝင်အထွက်ကို ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။
ကရင်နီဒုက္ခသည် စခန်းကော်မတီ မော်မိုးဘူးက “အရင်တုန်းကဆိုရင် အပူတပြင်းကာလပေါ့။ လူကုန်ကူးမှုနဲ့ ပြည့်တန်ဆာဆိုတဲ့ အမှု နှစ်ခုတွဲလာပြီးတော့ စခန်းထဲလည်း အမဲစက် ဖြစ်လာတဲ့အတွက်ကြောင့် ကျမတို့ စခန်းထဲက မဟုတ်ပါဘူးဆိုတဲ့ဟာပေါ့။ ကျမတို့ တကယ်လည်း မဟုတ်ပါဘူး အဲဒီခါကျတော့ ကျမတို့မဟုတ်ပါဘူးဆိုတဲ့အနေနဲ့ လမ်းခဏ ပိတ်ထားတယ်ပေါ့။ အဲဒါကြောင့် အပြင်က ကျမတို့ကို ကြည့်ရှုစောင့်ရှောက်တဲ့ အာဏာပိုင်ကလည်း သူတို့အနေနဲ့ ဖြေရှင်းရမယ့် ပြဿနာတချို့ရှိနေတဲ့ခါကျတော့ ကျမတို့ လမ်းကို ခဏ ပိတ်ထားတာဖြစ်တယ်”လို့ ပြောပါတယ်။
အခုဆိုရင် အဝင်အထွက်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးထားပြီဆိုပေမယ့် လူဝင်/လူထွက်ရဲ ့ စာရင်းကို စိစစ်ပြီးမှသာ ဝင်ထွက်သွားလာခွင့်ကဒ်ကို ထုတ်ပေးပါတယ်။
လူကုန်ကူးမှုနှင့် အသက်မပြည့် မိန်းကလေးငယ်များကို ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုမှာ ကရင်နီ ဒုက္ခသည်စခန်းက အမျိုးသမီးများ မပါဝင်ခဲ့ပေမယ့် ကောလဟာလ သတင်းထွက်ပေါ်ခဲ့ခြင်းဟာ စခန်းကို နာမည်ပျက်/နာမည်ဆိုး ကျန်ခဲ့စေပြီလို့ မော်မိုးဘူးက ဆက်ပြောပါတယ်။
ကရင်နီ ဒုက္ခသည်စခန်းအတွင်းမှာ ဧည့်သည်တွေအနေနဲ့ ညအိပ်တည်းခိုပါက ဧည့်စာရင်းတိုင်ကြားရခြင်းအပြင် စုံစမ်းစရာကိစ္စတစ်ခုခုပေါ်ပေါက်လာရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ရှောင်တခင် သွားရောက် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။
၂၀၁၂ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ မြန်မာအစိုးရတို့ ပဏာမ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးအပြီး ထိုင်းနိုင်ငံ နယ်စပ်နဲ့ ကယားပြည်နယ်အတွင်း သွားလာလို့ရတဲ့ လမ်းကို နားလည်မှုအရ ဖွင့်လှစ်ပေးခဲ့တဲ့နောက်မှာ ခရီးသွားဧည့်သည်တွေက ကရင်နီဒုက္ခသည်စခန်းကို ဖြတ်သန်းဝင်ရောက်မှုတွေ ယခင်ကထက် များပြားလာပါတယ်။
မော်မိုးဘူးက “ကျမထင်တယ်။ ကျမတို့က သူတို့နဲ့လည်းနီးတယ်။ ကျမတို့ စခန်းထဲမှာက လူဝင်လူထွက်ကလည်းများဆိုတော့ ကျမတို့ မသိခဲ့ဘူး။ ပါလား မပါလားဆိုတာလည်း မသိခဲ့ဘူး။ အမှန်တကယ် ကျမတို့စခန်းထဲက ကျမတို့လူဆိုတာကို ကျမတို့ မကြားပါဘူး။ ဒါပေမယ့် တခါတရံမှာ ပြည်တွင်းက လာတာဖြစ်စေ၊ တစ်နေရာရာကနေပြီးတော့မှ လာတာဖြစ်စေ ကျမတို့က စခန်းထဲမှာ ခဏ ယာယီလာနေပြီးတော့မှ ပြန်ပြီး ဆက်သွားလိုက်တဲ့ဟာမျိုးတွေက ကျမတို့ကိုု နာမည်သွားရောင်းစားတာတွေလည်း ရှိတာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျမတို့ကို မြင်လာကြတာပေါ့”လို့ ပြောပါတယ်။
ကရင်နီဒုက္ခသည်စခန်းမှာ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ စည်းရုံးလှုပ်ဆော်မှုတွေ၊ အသိပညာပေး ဟောပြောမှုတွေကို စခန်းကော်မတီ၊ အမျိုးသမီးအဖွဲ့အစည်းနဲ့ စခန်းတွင်း လူမှုအသင်းအဖွဲ့တို့မှ ပူးပေါင်းပြီး ပြုလုပ်လေ့ရှိပါတယ်။
ဒါ့အပြင် စခန်းအပြင်ဖက်မှ တစ်ဦးဦးက စခန်းနေ အမျိုးသမီးကို လက်ထပ်ဖို့ လာရောက် တောင်းရမ်းရင်လည်း မိဘများက စခန်းတာဝန်ရှိသူများနဲ့ တိုင်ပင်ဖို့၊ လာရောက်တောင်းရမ်းသူဖက် နေထိုင်တဲ့ နေရပ်က အသိသက်သေအဖြစ် တာဝန်ရှိသူတွေ ပါဝင်မှသာ လက်ခံဖို့ ကွင်းဆင်းတွေ့ဆုံချိန်မှာလည်း မိဘများကို အသိပညာပေးမှုတွေ ပြုလုပ်လေ့ရှိပါတယ်။
ကရင်နီဒုက္ခသည်စခန်းမှ အမျိုးသမီးများ မပါဝင်ဘူးလို့ ဆိုနိုင်ပေမယ့် စခန်းအနီးရှိ ထိုင်းရွာဆီကို နေ့ခစားအဖြစ် အလုပ်သွားရောက် လုပ်ကိုင်တာတွေလည်း ရှိနေပြန်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး စခန်း အတွင်းရေးမှူး နော်စေးစေးက အခုလို ပြောပါတယ်။
နော်စေးစေးက “စိန်ခေါ်မှု အခက်အခဲတွေဆိုရင် ရှင်းရှင်းပြောရရင် ကလေးမတွေလေ။ ကျမတို့အလုပ်လုပ်တာ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အလုပ်လုပ်တယ်ပြောပေမယ့် တချို့ကလေးတွေက အပြင်ထွက်သွားတာတို့ ဘာတို့ဆို ရှိတော့ စိန်ခေါ်မှု အခက်အခဲ ဖြစ်တယ်လေ။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့အနေနဲ့ ကာကွယ်ပေးတယ် ပြောပေမယ့် ကျမတို့အနေနဲ့က ကာကွယ်ပါတယ်။ ဘာဖြစ်လု့ိလဲဆိုရင် ကျမတို့ လူကုန်ကူးမှုနဲ့ပါတ်သက်ပြီး စည်းလုံးရေးတွေလုပ်တယ်။ ရပ်ကွက်ထဲသွားပြီး ပညာပေးတာတွေ ကျမတို့ လုပ်တယ်လေ။ ဒါပေမယ့် ဒီကြားထဲမှာ ကလေးမတွေ အပြင်ထွက်သွားတယ်ဆိုတာ ကျမတို့ မသိတဲ့အပိုင်းတွေ အများကြီးရှိတယ်ဆိုရင် ကျမတို့ လုပ်နေတဲ့ အလုပ်လို့ ပြောပေမယ့် ကိုယ်ကိုတိုင် ကာကွယ်မှုအပိုင်းကို လုပ်နေပေမယ့် ကလေးမတွေ ထွက်သွားတယ်ဆိုရင် မပြောတတ်ဘူးလေ”လို့ ပြောပါတယ်။
လက်ရှိတွင် ဒုက္ခသည်စခန်းအတွင်းမှာ နိုင်ငံတကာ အလှူရှင်များမှ စားနပ်ရိက္ခာတွေ လျော့ချလာပြီးနောက်ပိုင်း ဝမ်းစာလိုအပ်ချက်အရ စခန်းအနီးရှိ ထိုင်းရွာတွေမှာ နေ့စားအလုပ် သွားလုပ်သူတွေ ရှိသလို၊ စားဝတ်နေရေးအတွက် နီးစပ်ရွာ ထိုင်းရွာက ဈေးသည်မှ လာရောက် ရောင်းချသည့် ဟင်းသီးဟင်းရွက်များကိုသာ ဝယ်စားနေရတဲ့အတွက် အဝင်အထွက်တွေကို ထပ်ပြီးပိတ်ဆို့မယ်ဆိုရင် စခန်းအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ကြောင်း လူငယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဂျူအားနာက ပြောပါတယ်။
“အဲဒီကိစ္စနဲ့ပါတ်သက်ပြီးတော့ ထိုင်းဖက်က လူတွေက ဒီထက်ပိုပြီး တင်းကျပ်လာမှာကို ကျမစိုးရိမ်တယ်။ မြင်တယ်။ ဘာကြောင့်လဲဆိုရင် အခု အဲလိုမျိုး သတင်းထွက်တောင်မှ ကျမတို့ကို လမ်းပိတ်လိုက်တာ။ ဆိုင်ကယ်တွေလည်း ပေးမသွားတော့ဘူး။ တကယ်လို့ ဒုကိ္ခတမှာ ကျောင်းဆက်တက်နေတဲ့ကလေးဆိုရင် သူတို့အတွက်က တစ်ရက်နှစ်ရက် ပိတ်ရင်လည်း တစ်ရက်နှစ်ရက်စာ နောက်ကျသွားတဲ့ ပုံစံမျိုးတွေပေါ့” လို့ ဂျူအားနာက ပြောပါတယ်။
စခန်းနေပြည်သူများအနေနဲ့ တောင်ယာလုပ်ခွင့်မရှိတဲ့အတွက် စခန်းအတွင်း ထပ်မံ တင်းကျပ်မယ်ဆိုရင် အပြင်မထွက်ရပဲ စားဝတ်နေရေးအခက်အခဲဖြစ်လာပြီး ခိုးမှု၊ လုမှုအပြင် လင်၊ မယား မိသားစုအကြား အိမ်တွင်းအကြမ်းဖက်မှု ပိုဖြစ်မှာကို စိုးရိမ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။
ကရင်နီဒုက္ခသည်တွေ ထိုင်းနိုင်ငံမှာ လာရောက်ခိုလှုံတဲ့ နှစ်ပေါင်း ၃ဝ နီးပါးအတွင်း ယခုလို သတင်းထွက်ပေါ်ခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒုက္ခသည်စခန်းက အမျိုးသမီးတွေ ပါဝင်ခြင်းမရှိကြောင်းကိုလည်း သက်သေပြနိုင်ခဲ့တယ်လို့ မော်မိုးဘူးက ပြောပါတယ်။
“ကျမတို့ဖက်က အမျိုးသမီးအဖွဲ့အစည်း တခြားသော အဖွဲ့အစည်းတွေ ရှိတဲ့အတွက်ကြောင့် ကျမတို့ မပါဘူး။ နာမည်တော့ထွက်ခဲ့တယ်။ ကျမတို့ မပါဘူးဆိုတာကိုတော့ ပြနိုင်ခဲ့တယ်ပေါ့။ နောက်ထပ် ကျမတို့ နာမည် မထွက်လာဖို့အတွက် နာမည်ပျက်နဲ့ နာမည်ဆိုး မထွက်လာဖို့အတွက်ဆိုရင် ကျမတို့ အဖက်ဖက်က အထူးသဖြင့် အမျိုးသမီးအဖွဲ့အစည်းပေါ့နော် ဝိုင်းဝန်းလုပ်ဆောင်သွားရမယ်”လို့ မော်မိုးဘူးက ဆိုလိုက်ပါတယ်။