spot_imgspot_imgspot_imgspot_img
Sunday, January 5, 2025
spot_imgspot_imgspot_imgspot_img

“ခေတ်ပျက်ကြီးအတွင်း မလိုချင်သေးဘဲ ရလာတဲ့ကိုယ်ဝန်တွေ”

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လသားအရွယ်သားငယ်လေးကို ရင်ဝယ်ပိုက်လို့ ရိုးရာယက်ကန်းစောင်နဲ့ စလွယ်သိုင်းလွယ်ထားပြီး စစ်ရှောင် စခန်းက ကလေးငယ်တွေကို စာသင်ပေးနေသူကတော့ မူဗီတိုးရိယာ (နာမည်လွှဲ) ပါ။

သူမကတော့ အသက် ၂၃ နှစ်သာရှိသေးတဲ့ ကလေးမိခင်တဦးဖြစ်ပါတယ်။

လက်ရှိ သူမရဲ့ အိမ်ထောင်သက်တမ်း နှစ် နှစ်ကျော် ရှိနေပြီဖြစ်ပြီး ၆ လအရွယ် သားကလေးတဦး ရရှိခဲ့ပါပြီ။
အဖက်ဖက်က ခက်ခဲလှတဲ့ ဒီလိုအချိန်ကာလမှာ အိမ်ထောင်ပြုခဲ့တဲ့ မူဗီတိုးရိယာအဖို့ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ ကိုယ်ဝန်ရခဲ့တာပါ။

“ နှစ်ဦးစလုံးကလည်း ကလေးယူဖို့အစီအစဉ် မရှိသေးဘူး။ ဒါပေမဲ့ ဒီသုံးတဲ့ ဆေးတွေနဲ့ မရင်းနှီးတဲ့ခါကျတော့ သားဆက်ခြားတဲ့ ပစ္စည်းတွေနဲ့ မရင်းနှီးတဲ့ခါကျတော့ ဖြစ်သွားတာပေါ့” လို့ သူမက‌ ပြောပါတယ်။

သားဆက်ခြားနည်းနဲ့ပတ်သက်ပြီး မူဗီတိုးရိယာကိုယ်တိုင် အသိပညာမရရှိခဲ့ပါဘူး။

သားဆက်ခြားတဲ့ နည်းလမ်းတွေအများကြီးရှိတဲ့အထဲက တချို့နည်းလမ်းတွေကတော့ လိုချင်တဲ့အချိန်မှာ သန္ဓေသားကို ပြန်ယူဖို့ ခက်ခဲနိုင်တာရှိပါတယ်။

မူဗီတိုးရိယာအိမ်ထောင်ပြုချိန်မှာ အသက် ၂၀ ပဲရှိနေပါသေးတယ်။ အထက်တန်းအောင်မြင်ပြီးခါစ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားရတာကြောင့် ကျောင်းတွေဆက်မတက်နိုင်ခဲ့သလို အာဏာသိမ်းနောက်ဆက်တွဲ စစ်ဘေးရှောင်နေရင်းကနေ အိမ်ထောင်ရက်သားကျသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မူဗီတိုးရိယာကတော့ ပညာရေးဆုံးခန်းတိုင်အောင် မတက်ရောက်နိုင်ခဲ့ပေမဲ့ ဆရာ၊ဆရာမတွေ လိုအပ်နေတဲ့ စစ်ရှောင်စခန်းက စာသင်ကျောင်းတခုမှာ ကလေးတွေကို စာသင်ပေးနေပါတယ်။ ရရှိတဲ့ ထောက်ပံ့ကြေး အနည်းငယ်ကလည်း သူမရဲ့သားငယ်လေးအတွက် ဖြည့်စွက်စာ ဝယ်တာနဲ့တင် မလုံလောက်တဲ့အနေအထားမှာ ရှိနေပါတယ်။

ဗီတိုးရိယာလိုပဲ အာဏာသိမ်းပြီးအိမ်ထောင်ပြုခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် မော်မိုး (အမည်လွှဲ)ကလည်း လက်ရှိမှာ ၂ နှစ်ခွဲအရွယ် သားလေးတယောက်ရှိနေပါပြီ။ သူမကတော့ ဆေးရုံဆေးပေးခန်းလက်လှမ်းမီတဲ့ နေရာမှာနေထိုင်တဲ့အတွက် သုံးလခံ သန္ဓေတားနည်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီး အသုံးပြုခဲ့ပါတယ်။

ဆေးရဲ့ ဓာတ်မတည့်မှုကြောင့် မော်မိုးဟာ သန္ဓေတားဆေးတွေ အသုံးမပြုတော့ဘဲ သဘာဝနည်းလမ်းဖြစ်တဲ့ ရက်တွက်နည်းကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းက အပြည့်အဝမကာကွယ်ပေးနိုင်တာအပြင် ကလေးထပ်ယူဖို့လည်း အဆင်သင့် မဖြစ်သေးဘူးလို့ မော်မိုးက ပြောပါတယ်။

“သားလေးက ၂ နှစ်ကျော်ပြီဆိုတော့ နောက်ထပ်ကလေးယူဖို့ကလည်း အချိန်ကိုက်ပဲလေ။ ဒါပေမဲ့ ဒီလိုခေတ်ကာလမှာတော့ ကလေးထပ်ယူဖို့က မရဲသေးဘူဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်အထိ ကရင်နီပြည်မှာ အစိုးရကျန်းမာရေးဝန်ကြီးဌာနကနေ ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ရရှိကြပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရှိကြတော့ ပါဘူး။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ကိုယ်ထူကိုယ်ထ ကျန်းမာရေးဆေးခန်းတွေရှိတဲ့ နေရာတွေမှာသာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရရှိခဲ့ကြတာပါ။

တဖက်မှာလည်း ကုန်ဈေးနှုန်းမြှင့်တက်မှုနဲ့ ဆေးဝါးပြတ်လတ်မှုတွေလည်း ကြုံတွေ့နေကြရပါတယ်။ အဲဒီအထဲမှာ သန္ဓေတားနည်းအတွက် ဆေးတွေလည်း အပါအဝင်ပါ။

“ဒီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာခါကျတော့ ဆေးရုံဆေးခန်းတွေက ဒီဟာ(သန္ဓေတား)တွေက ဝယ်နေရတယ် ပေါ့နော။ ဝယ်နေရတဲ့ခါကျတော့ လိုနေတာက အယောက် ၅၀၊ ဆေးရှိတာက ၁၀ ယောက်စာပဲ။ ဆိုတဲ့ခါကျတော့ ဒီအယောက်တိုင်း မပေးနိုင်တဲ့အခါမှာ သူတို့ပြည်သူတွေအနေနဲ့ ဝယ်သုံးနေရတယ်ပေါ့နော်” လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ဆေးဆိုင်ရောင်းတဲ့ အမျိုးသမီး တဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၁ လေးလုံးမြို့သိမ်းတိုက်ပွဲနောက်ပိုင်းမှာ လွိုင်ကော်မြို့ ပေါ်က ကုန်စည်စီးဆင်းမှု ပြတ်လပ်ခဲ့သလို ကရင်နီကို ဝင်လာတဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေလည်း ပိုမိုခက်ခဲလာပါတယ်။

အဲဒီနောက်ပိုင်းကစလို့ ကုန်စည်တွေအပါအဝင် ဆေးဝါးတွေကို ရရာနည်းလမ်းတွေနဲ့ တင်သွင်းခဲ့ ရတာပါ။ လမ်းခရီးမှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေနဲ့ ပိတ်ဆို့မှုတွေကြောင့် ဆေးဝါးတွေကိုလည်း လိုသလောက် မရတဲ့ အခြေအနေမှာရှိနေပါတယ်။

ဆေးဝါးတွေထဲက သန္ဓေတားနည်းအတွက် အသုံးပြုရတဲ့ implant သန္ဓေတားပစ္စည်းက အရှားပါးဆုံးဖြစ်သလို ဈေးနှုန်းတွေလည်း အဆမတန် ဈေးတက်သွားတယ်လို့ဆိုပါတယ်။

“ဒီ implant ပေါ့ ဒီလက်မောင်းအောက်ထည့်တဲ့ဆေးကျတော့ တခါလေကျရင် ပြတ်တာရှိတယ်” လို့ ဆေးဆိုင်ပိုင်ရှင်က ဆက်ပြောပါတယ်။

ကရင်နီ ဘက်စုံသားဖွားဆရာမအဖွဲ့အစည်း (KMS) ရဲ့ စာရင်းအရ ကရင်နီက ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးဦးရေ ၁၂၇၆၄ ဦး ရှိပြီး သားဆက်ခြားနည်းတွေသုံးနေတဲ့ အမျိုးသမီး ၈၀၀ ကျော်သာ ရှိတယ်လို့ သိရပါတယ်။ အဲဒီ သန္ဓေတားနည်း အသုံးပြုတဲ့ အမျိုးသမီး ၈၀၀ ကျော်ထဲမှာမှ ၄၀၀ ကျော်ဟာ implant အမျိုးအစားကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ KMS ရဲ့ လက်လှမ်းမီတဲ့ ဒီးမော့ဆို၊ ဖရူဆို ၊မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာနဲ့ စစ်ရှောင်စခန်း တွေသာဖြစ်ပါတယ်။

“ကျမတို့ပြည်သူတွေအကုန်လုံးကို လက်လှမ်းမီပြီးတော့ သတင်းမပေးနိုင်ဘူးပေါ့နော။ အဲလိုမျိုးအခက်အခဲတွေ ရှိတယ်။ နောက်ပြီးတော့ ငွေရေးကြေးရေး အခက်အခဲပေါ့နော” လို့ KMS ရဲ့ တာဝန်ရှိသူ သားဖွားဆရာမတဦးက ပြောပါတယ်။

အာဏာမသိမ်းခင် တပြည်နယ်လုံး လွတ်လွတ်လပ်လပ်သွားလာလို့ရတဲ့ အခြေအနေတွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လုံခြုံရေးအပါအဝင် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျန်းမာရေးစောင့် ရှောက်မှု မပြည့်အဝ မပေးနိုင်တော့ပါဘူး။

ဒီလိုအကျိုးဆက်တွေကြောင့် မလိုချင်သေးဘဲ ကိုယ်ဝန်လိုက်ရတဲ့ အမျိုးသမီးအရေအတွက် ပိုမိုများလာစေ ခဲ့တာပါ။ ဝေးလံခေါင်ဖျားပြီး စစ်ရှောင်စခန်းတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုမရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် ရဲ့ ကလေးသေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

“ဆယ်ကျော်သက်အမျိုးသမီးငယ်လေးတွေတချို့ဆို ငယ်ငယ်လေးတွေနဲ့ မလိုအပ်တဲ့ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရသွားတာမျိုးတို့လည်း ရှိနိုင်တယ်ပေါ့နော။ ကျန်းမာရေးဗဟုသုတမရှိတဲ့အတွက်၊ လက်လှမ်းမမီတဲ့ နေရာဆိုလို့ရှိရင်တော့ ကျန်းမာရေးဗဟုသုတမရှိရင်တော့ အန္တရာယ်တော့ ရှိနိုင်တယ်ပေါ့နော” လို့ သားဖွားဆရာမတဦးက ဆက်ပြောပါတယ်။

ကလေးတယောက်နဲ့ တယောက်ကြားမှာ ၂ နှစ်လောက်မခြားဘဲ မွေးဖွားတဲ့အခါ ကလေးပေါင် မပြည့်တာ၊ သန္ဓေသားဖွံ့ဖြိုးမှု အားနည်းတာ၊ လမစေ့ဘဲ ကလေးမွေးတာ၊ မွေးကင်းစ အရွယ်မှာ ကလေးသေဆုံးတာ၊ မိခင်သားအိမ်ကွဲတာ စတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ငွေရေးကြေးရေး အဆင်မပြေတဲ့ မိသားစုမှာ မလိုလားအပ်တဲ့ မိသားစုပြဿနာတွေလည်း ပိုမိုဖြစ်ပေါ်လာစေနိုင်ပါတယ်။

နိုင်ငံရေးပဋိပက္ခတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမရရှိတဲ့ ဒီလိုကာလမှာ ကလေးယူ ဖို့ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်လို့ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ စစ်ရှောင်နေတဲ့ အသက် ၃၂ နှစ် အရွယ် ခူးရယ် (နာမည်လွှဲ) က ပြောပါတယ်။

“ဒီလိုကာလမျိုးမှာတော့ (သန္ဓေတားနည်း) သုံးသင့်တယ်ပေါ့နော်။ သုံးသင့်တယ်ဆိုတာက အခြေအနေပေါ် မူတည်တာပေါ့။ ကိုယ်ရောက်တဲ့နေရာဒေသမှာ လွတ်မြောက်နယ်မြေလား၊ မဟုတ်ရင်လည်း အချိန်မရွေးစစ်ဖြစ်နိုင်တဲ့ အနေအထားမျိုးလား၊ နိုင်ငံရေးအခြေအနေအရတော့ သုံးသပ်ပြီးတော့ သုံးသင့် မသုံးသင့်ဆိုတာကိုတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ ရောက်တဲ့ ပုံစံမျိုးဆိုရင် တချို့ယူတာ တွေ့တယ်၊ ငွေရေးကြေးရေးအခြေအနေ မယူနိုင်တာလည်းရှိတယ်။” လို့ သူကပြောပါတယ်။

မမြင်နိုင်တဲ့ စစ်ရေးကြောင့် ဘယ်အချိန်ထွတ်ပြေးရမလဲဆိုတာ မသိနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ခဲ့ရင် ဝန်ထုတ်ဝန်ပိုးကြီးဖြစ်စေနိုင်သလို မွေးဖွားလာမယ့် ကလေးငယ်အတွက် အသက်အန္တရာယ် ဖြစ်နိုင်တာကြောင့် ကလေးမယူသေးဘဲ နှစ်ဦးသဘောတူ ကွန်ဒုံးသုံးတယ် လို့ ခူးရယ်က ဆက်ပြော ပါတယ်။

IECရဲ့ ကျန်းမာရေးဌာန နဲ့ KMS တို့ပူးပေါင်းပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေပြီး ကျန်းမာရေးပညာပေးအစီအစဉ်တွေမှာ Gender base ဆိုင်ရာ အသိပညာပေးမှု တွေပြုလုပ်ပေးပါတယ်။

ဒါပေမဲ့ ကရင်နီမှာတော့ သန္ဓေသားဆက်ခြားနည်းအတွက် သီးသန့်ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေ မရှိသေးပါဘူး။ ဒါကြောင့်လည်း သားဆက်ခြားနည်းအသိပညာပေးတွေလည်း လိုအပ်နေတာပါ။

အဲဒီအကျိုးဆက်တွေကြောင့် အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတွေမှာ မလိုချင်သေးဘဲ ရလာတဲ့ ကိုယ်ဝန်တွေရှိနေတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ ကရင်နီပြည်မှာ အိမ်ထောင်သည်တွေအပြင် အိမ်ထောင်မကျသေးတဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချမှု နှုန်းတွေများလာတယ်လို့ IEC ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ဒု- ဌာနမှူး မော်သဲမာက ပြောပါတယ်။

“အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်ပြီး လက်ရှိ ကရင်နီပြည်နယ်မှာဆိုရင် အာဏာသိမ်းပြီး တဲ့နောက်ပိုင်းမှာ ပိုများလာတာကိုတွေ့ရတယ်။ ကျွန်မတို့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာနကို တိုက်ရိုက် တိုင်ကြားလာတာတွေရှိသလို အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းတွေဆီကိုလည်း တိုင်ကြားလာတာ ရှိတယ်။ အဲဒီထဲမှာ မတိုင်ကြားဘဲ ရေငုံနှုတ်ပိတ်ခံနေပြီး ကိုယ့်နည်းကိုယ့်ဟန် ရှာကြံဖြေရှင်းနေကြတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေလည်း ရှိသလို နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းတွေကို သွားပြီး ဖျက်ချပေးဖို့ သွားပြောတဲ့ အမျိုးသမီးတွေ မိန်းကလေးငယ်တွေလည်း ရှိနေတယ်ဆိုတာကိုလည်း ကြားသိရတာတွေ ရှိပါတယ်” လို့ သူမက ပြောပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်အပါအဝင် အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးငယ်တွေအတွက်လည်း ဒီလိုအကြပ်အတည်းကာလမှာ ကလေးမလိုချင်ဘဲ ရလိုက်တာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သန္ဓေသားဆက်ခြားနည်းကို ပညာပေးနိုင်တဲ့အဖွဲ့အစည်းတွေ လိုအပ်တယ်လို့ မူဗီတိုးရိယာက အမျိုးသမီးအားလုံးကိုယ်စား တောင်းဆိုလိုက်ပါတယ်။

spot_img
spot_img
spot_img

Recent posts