spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

ခြေ၂ဖက် မရှိပေမဲ့ လယ်စိုက်နေတဲ့ ရဲဘော် (သို့မဟုတ်) ဘဝကို အရှုံးမပေးသူ ခူးဘိုးရယ်

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ရဲဘော်ခူးဘိုးရယ်တယောက် သူစိုက်ထားတဲ့ စပါးခင်းထဲက ပေါင်းပင်တွေကို လက်နဲ့ နုတ်ရင်း လယ်ကွင်းရဲ့ ကန်သင်းရိုးပေါ်မှာ ပေါင်းပင်တွေကို ပစ်တင်နေပါတယ်။ သူ့စပါးခင်းတွေကတော့ အခြေအနေမကောင်းပါဘူး။ ပေါင်းပင်တွေများပြီး စပါးတွေကလည်း မျှော်မှန်းထားသလောက် မအောင်မြင်တာမို့ သူမပျော်ပါဘူး။

ဒီစပါးခင်းတွေကို စိုက်ဖို့ကလည်း သူ့အတွက် လွယ်ကူနေတာမဟုတ်ပါဘူး။ သာမန်လူတွေအဖို့တောင် ဒီလိုစစ်ရှောင်ကာလမှာ စပါးစိုက်ဖို့ ကုန်ကျစရိတ်တွေ၊ သွားလာစရိတ်တွေနဲ့ မျိုးစပါးအပြင် အခြားသော အထွေထွေကုန်ကျမှုက များလှပါတယ်။

ဒီလိုကုန်ကျမှုတွေအပြင် ခြေ၂ဖက်လုံးမရှိတော့တဲ့ ရဲဘော်ခူးဘိုးရယ် တယောက်အတွက်ကတော့ ကိုယ်တိုင်ကိုယ်ကျ လယ်ယာစိုက်ပျိုးလုပ်တဲ့အခါ စိုက်ထုတ်ရတဲ့ အားကသာမန်လူတွေထက် အများကြီးပိုပါတယ်။

ရဲဘော်ခူးဘိုးရယ်ဟာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ မှာ တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ခြေနှစ်ဖက် ဆုံးရှုံးထားခဲ့သူပါ။

၂၀၂၂ ခုနှစ်က ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲအတွင်း ရှေ့တန်းစစ်မြေပြင်တနေရာမှာ မြေမြုပ်မိုင်းဖြစ်တဲ့ ၁၆ မိုင်းကို နှင်းမိတာကြောင့် ခြေနှစ်ဖက်လုံးကို ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။

သူဟာ စစ်တပ်အာဏာသိမ်းမှုအပေါ် လက်သင့်မခံနိုင်လို့ လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြစဥ် အချိန်ကတည်းက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတဦးပါ။ ဒါတွေမကသေးဘဲ သူဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက လူငယ့်အရေးတွေ၊ အမျိုးသားရေးတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ ကယားလီဖုလူငယ်တဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ ရှေ့တန်းအထိ တိုက်ပွဲမဝင်နိုင်တော့တဲ့အတွက် သူတတ်နိုင်တဲ့ဘက်ကနေ သူနဲ့ သူ့မိသားစု စားဝတ်နေရေးအတွက် ရည်ရွယ်ပြီး လယ်စပါး စိုက်ပျိုးထားတာပါ။ အလှူရှင်တွေနဲ့ သူ့ရဲ့ အသိမိတ်ဆွေဆီတွေက ရတဲ့အကူအညီတွေကိုစုပြီး လယ်စိုက်ထားတာပါ။ ဒီလိုစိုက်တာကလည်း သူ့ကိုလှူပေးတဲ့ အလှူရှင်တွေသက်သာအောင်လည်း ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

“မိုင်းထိပြီးတဲ့အချိန်က အားအားနေတယ်ပြောရင်လည်း ဟုတ်တယ်။ တခါတလေတော့ မလုပ်ရင်ဘာစားမလဲပေါ့။ လုပ်ကိုလုပ်ရမယ်ဆိုမှ လုပ်တော့ ဒီလိုမျိုး ဖြစ်သွားတယ်ပေါ့နော်။ အခက်အခဲ အမျိုးမျိုးတော့ ရှိတာပေါ့နော်။ အစကတည်းက မလုပ်ဘူးလို့လည်း စိတ်ကူးထားတယ်။ ဒါပေမယ့် မဖြစ်မနေတော့ လုပ်ရမှာဘဲ ကိုယ့်ရဲ့ဝမ်းစာအတွက်ပေါ့နော်။ လယ်လည်း ဒီမှာ နည်းနည်းလုပ်ထားတယ်။ ပြီးတော့ တောင်ယာနည်းနည်းပေါ့။” လို့ ရဲဘော်ခူးဘိုးရယ်က သူ လယ်စိုက်ဖြစ်ရတဲ့အကြောင်းရင်းကို ပြောပြလာပါတယ်။

သူ့မှာ ခြေ ၂ဖက်လုံးမရှိတော့ပေမဲ့ အလှူရှင်ကိုပဲ မျော်ကိုးပြီး ထိုင်စားရတဲ့ ဘဝမျိုးကို မလိုလားပါဘူး။
သူ့အနေနဲ့ ရှေ့ဆက်ပြီး ရဲဘော်တွေနဲ့အတူ ရှေ့တန်းအထိတိုက်ပွဲမဝင်နိုင်တော့ပေမယ့် သူဟာ ရဲဘော်ရဲဘက်တွေ ၊ အသိ မိတ်ဆွေတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရလေအောင် ကြိုးစားနေသူပါ။

ဒါကြောင့်လည်း သူ့ကိုပေးပို့လာတဲ့ အကူအညီတွေကို သူနဲ့အတူ မိသားစု၊ ဘဝတူရဲဘော်တွေအတွက် တနိုင်တပိုင် အထောက်အကူဖြစ်နိုင်အောင် စပါးတွေစိုက်ဖြစ်ပါတယ်။

ခူးဘိုးရယ်ဟာ သူစိုက်ပျိုးထားတဲ့စပါးခင်းမှာ သူကိုယ်တိုင်သွားရောက်ပြီး ပေါင်းလိုက်တာ၊ ရေသွင်းတာတွေကို တခြားသော ရဲဘော်တွေနဲ့အတူ လုပ်ဆောင်လေ့ရှိပါတယ်။ လယ်ထဲသွားဖို့ကို တပါးသူရဲ့ အကူအညီနဲ့သာ သွားလာရတာကြောင့် သူ့ရဲ့စပါးခင်းကိုတော့ သူ ပုံမှန် မပြုစုနိုင်ဘူးလို့ ပြောပါတယ်။

သူစိုက်ပျိုးထားတဲ့စပါးခင်းကိုတော့ မြေဩဇာပုံမှန် မထည့်ပေးနိုင်တာကတစ်ကြောင်း၊ ပုံမှန်မပြုစုပေးနိုင်တာက တစ်ကြောင်းနဲ့ စပါးပင်တွေက ပိုးတွေကျပြီး အပင်မအောင်တာတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ခက်တာက ရက်တိုင်း ကျနော်လည်း မသွားကြည့်နိုင်တာလည်း ရှိတယ်။ ပုံမှန်ပြုစုပေးရတာပေါ့နော်။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ဒါကလည်း ကိုယ့်ရဲ့ ရပ်တည်မှုတခုပါဘဲ။ ဒါပေမယ့် မအောင်တာကတော့ တခုပေါ့နော်။ ကျနော့်ကို ပံ့ပိုးကူညီပေးတဲ့ သူငယ်ချင်း၊ ဆရာ၊ ဆရာမတွေ အကုန်လုံးကို အားလည်းနာတယ်။ ကျနော်လည်း စိတ်မကောင်းဘူးပေါ့နော်” လို့ ခူးဘိုးရယ်က သူစပါးစိုက်ဖို့ ပံ့ပိုးကူညီပေးခဲ့သူတွေကို သူ့စပါးခင်း မအောင်တာကြောင့် အားနာနေကြောင်းကို ပြောပြလာတာပါ။

လယ်ယာခင်းထဲသွားဖို့အတွက် ခူးဘိုးရယ်က သူ့ကို ကူညီပေးနိုင်မယ့် ရဲဘော်တစ်ဦးကိုလည်း သူသွားလာတဲ့အခါတိုင်း ခေါ်သွားရပါသေးတယ်။ ဘေးလွယ်အိတ်ထဲ မိုးကာ၊ ကွမ်းထုပ်လေးထည့်ပြီး ဆိုင်ကယ်နောက်မှာ ထိုင်လိုက်ရင်း စပါးခင်းတွေဆီကို သွားလာနေရပါတယ်။

အခုလိုမိုးရာသီကာလမှာတော့ သာမာန်လူတွေအတွက်တောင် ခက်ခဲပြီး ချော်လှတဲ့ လမ်းခရီးဟာ ခူးဘိုးရယ်အတွက်တော့ ပိုပြီး ခက်ခဲနေပါတယ်။ ဒါပေမယ့်လည်း ဝမ်းစာအတွက် အထောက်အကူဖြစ်နိုင်ဖို့ ရည်ရွယ်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။

သူဟာ အကူအညီရထားတာတွေနဲ့ သူတတ်နိုင်တာလေးတွေကို အကောင်အထည်ဖော်ပြီး ပြသချင်ပေမယ့် သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုကြားက မျှော်မှန်းထားသလို ဖြစ်မလာတဲ့ စပါးခင်းလေးကို ကြည့်ပြီး သူ့ကိုပံ့ပိုးပေးခဲ့သူတွေကို အားနာတယ်လို့လည်း ပြောပါတယ်။

“ကျနော်လည်း ကိုယ့်ရဲ့ဝမ်းစာအတွက်၊ ကျနော်တို့ စားဖို့သောက်ဖို့အတွက် ဆိုပြီးတော့ လုပ်လိုက်မိတယ်။ ဒါပေမယ့် ပုံမှန်သွားမကြည့်နိုင်တာကလည်း တော်တော်လေး ခက်ခဲသွားတယ်။ ကျနော်လည်း လုပ်မိတာမှားသွားလား တခါတလေ တွေးမိတာပေါ့။” ဆိုပြီး ခူးဘိုးရယ်က ပိုးကျပြီးမအောင်တဲ့ သူ့ရဲ့စပါးခင်းကို ကြည့်ပြီး ပြောသွားပါတယ်။

spot_img
spot_img
spot_img

Recent posts