Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

“ ငါတို့တွေ ဘယ်တော့အိမ်ပြန်ရမလဲ”

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ရင်ထဲထိ ခပ်စိမ့်စိမ့်တုန်နေအောင် အေးချမ်းလှတဲ့ ဒီဇင်ဘာလရဲ့ ညနေခင်း‌စောင်းလေးတစ်ညမှာ အေးအေးလေးနဲ့ အနွေးထည်လေး ဝတ်ကာ ဆိုင်ကယ်လေး မောင်းနှင်လာပြီး မီးပုံနံဘေးမှာ ဝိုင်းဖွဲ့ကာ မိသားစုလိုက် မီးလှုံ‌နေကြတဲ့ စစ်ရှောင်စခန်းတစ်ခုဆီကို ကျနော် ရောက်ရှိသွားခဲ့ပါတယ်။

ညနေစောင်းလေးဆိုတော့ လေလေးကလည်း တဖြူးဖြူးနဲ့ ကြက် ၊ ငှက် ကလေးတွေကလည်း အိပ်တန်းတက်နေကြတဲ့ ညနေစောင်း အချိန်လေးပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလရဲ့ အငွေ့အသက်ကို ခံစားရင်း စစ်ရှောင်မိသားစုတွေဟာ မီးပုံလေးနံဘေးမှာ ဝိုင်းဖွဲ့ကာ စကားပြောဆိုနေကြစဉ်မှာ ကြားလိုက်မိတဲ့ စကားတစ်ခွန်းကတော့

“ငါတို့တွေ ဘယ်တော့အိမ်ပြန်ရမလဲ” ဆိုတာပါပဲ။

စစ်ရှောင်စခန်းတွေတော်တော်များများကို ကျနော် ရောက်ရှိခဲ့ဖူးပါတယ်။ စစ်ရှောင်စခန်း‌တွေကို ရောက်တိုင်း သက်ကြီးရွယ်အိုတွေဆီက အများဆုံးကြားရတဲ့ မေးခွန်းကတော့ “သားရေ…ငါတို့တွေ ဘယ်တော့မှ အိမ်ကို ပြန်ကြရမလဲ” ဆိုတဲ့ မေးခွန်းပါ။

ဒီမေးခွန်း အမေးခံရတိုင်း ရင်ထဲမှာ ဝမ်းနည်းကြေကွဲမတတ်ခံစားရပါတယ်။

သို့ပေမဲ့လည်း သူတို့ကို ပြန်လည် နှစ်သိမ့်ရုံမှ တပါး ကျနော့်မှာတော့ သူတို့ကို ဘာတစ်ခုမှ ကူညီနိုင်ခြင်း မရှိခဲ့ပါဘူး။ သူတို့တွေ ဘာကြောင့်အခုလိုတွေ မေးတာလဲ၊ တောထဲ‌၊ တောင်ထဲမှာ ဘယ်လောက်ထိ ဒုက္ခဆင်းရဲ ဒဏ်ကို ခံစားနေခဲ့ကြရသလဲ။

ဒီဇင်ဘာလဆိုတော့ ရာသီဥတုက အရမ်းအေးတယ်ဗျ။ အနွေးဓါတ်လေးရဖို့ မွှေးထားတဲ့ မီးပုံလေးရဲ့ ဘေးမှာ သူတို့တွေ တစ်ရက်ပြီး တစ်ရက် ရင်ဆိုင် ကြုံတွေ့ နေကြရတဲ့ လောကဓံအကြောင်းကို ရင်ဖွင့်ကြရင်း အမြဲပြောဖြစ်ကြတာကတော့ အိမ်ပြန်ချိန် အကြောင်းပါ။ ကျနော်ကလည်း နားထောင်ကောင်းရင်း နားထောင်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ခမျာမှာတော့ မီးလှုံတာတောင်မှ စိတ်ဖြောင့်ဖြောင့်နဲ့ မလှုံနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲမေး‌တော့ “မီးအလင်းရောင်တွေ့ရင် လက်နက်ကြီးတွေလေယာဥ်တွေ လာနိုင်တယ်”လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက သူစိုးရိမ်ပုံကို ထပြောလာပါတယ်။

စစ်တပ်ရဲ့ မတရားပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဒဏ် အပြင် မထင်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှုဒဏ်ကို နေ့စဉ်နဲ့အမျှခံစားနေကြရလို့ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေကြတာပါ။

လူသားတွေတင် မကပါဘူး။ အိမ်မွေး တိရစ္ဆာန်ဖြစ်တဲ့ ခွေးတွေတောင်မှပဲ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်က လက်နက်ကြီးထွက်တဲ့ အသံကြားရင် လူတွေထက်မြန်အောင် ဗုံးခိုကျင်းထဲကို အရောက်ပြေးနေတတ်ကြတာကို ကျနော်ကိုယ်တိုင် မကြာခဏ ကြုံတွေ့ခဲ့ဖူးပါတယ်။

စစ်ကောင်စီက စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ အပေါ်မှာတော့ စစ်ရှောင်တွေက သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်တာကိုတော့ ကျနော်မအံ့ဩတော့ပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ ကြားရ ၊ ကြုံရ ၊ မြင်တွေ့ နေကြရတဲ့ စစ်ရှောင်တွေအဖို့ ပြတင်းပေါက် ပိတ်တဲ့အသံကြားရင်တောင် လက်နက်ကြီးသံလို့ ထင်ယောင်ထင်မှား ဖြစ်ကုန်ကြတဲ့အထိ ကျနော့်ကိုယ်တွေ့ပါပဲ။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကို မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်အထိ နေအိမ်တိုင်း ဗုံးခိုကျင်းတွေကို မဖြစ်မနေ တူးထားကြဖို့ကို ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ထီးဖိုးကလိုး ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးဖြစ်တဲ့ ဦးနျားရယ်ကတော့ ဗုံးခိုကျင်းကို မတူးထားမိလို့၊ ဗုံးခိုကျင်းထဲကို အချိန်မီ မပြေးလိုက်နိုင်လို့ သေဆုံးသွားသူတွေကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ပြောပြပါတယ်။

“တကယ်လို့ ဗုံးခိုကျင်းမတူးခဲ့ရင် လက်တွေ့ပဲ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့တာပေါ့နော်။ ကျနော်တို့ရွာမှာဘဲ ဖြစ်တယ်။ ဗုံးခိုကျင်းထဲကို မပြေးပုန်းတဲ့အခါကျတော့ ပွဲချင်းပြီး သေဆုံးတာတွေ ဒဏ်ရာရတာတွေ အဲလိုမျိုးတွေနဲ့ ကျနော်တို့ ခဏခဏ ကြုံနေရတယ်”လို့ ဦးနျားရယ်ကပြောပါတယ်။

လက်နက်မဲ့ စစ်ရှောင်ပြည်သူတွေ ဖြစ်တဲ့ အတွက် စစ်ကောင်စီရဲ့ လေကြောင်းရန် ၊ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဗုံးခိုကျင်းကိုကောင်းကောင်းမွန်မွန် တည်ဆောက်ပြီး ပုန်းနေရုံအပြင် ဘာတခုမှ တုံ့ပြန်လုပ်နိုင်စွမ်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်နေသူ (၃)ဦး သေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ညနေခင်းမှာတော့ ဒီးမော့ဆို အခြေစိုက် ခမရ ၁၀၂ တပ်ရင်းက လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် သက်ကြီးရွယ်အို စစ်ရှောင်တွေ အများစုမှာ ညလုံးပေါက် ဗုံးခိုကျင်းထဲမှာ အိပ်စက်ခဲ့ကြရတာတွေ ရှိနေပါတယ်။

အဆင်ပြေတဲ့ မိသားစုတွေမှာတော့ ပုန်းခိုကျင်းကို ကွန်ကရစ်လောင်းကြပြီး စိတ်ချရတဲ့အထိ ကောင်းမွန်စွာ တည်ဆောက်ကြပြီး နေထိုင်နေကြတာတွေ ရှိပေမဲ့ အများစုမှာတော့ မတည်ဆောက်နိုင်ကြပါဘူး။ ဗုံးခိုကျင်းသေးသေးလေးထဲမှာ မိသားစုအပြုံလိုက် အိပ်စက်နေကြရတာတွေ ကရင်နီပြည်မှာတော့ ရေတွက်လို့ ကုန်မယ် မထင်ပါဘူး။ ဒီလိုဒုက္ခတွေကို ခံစားနေကြရင်း ခံစားနေကြရမြဲပဲ ဖြစ်ပါတယ်။

ယခင် စစ်တပ်အာဏာကို မသိမ်းယူခင် ၂၀၂၁ခုနှစ် အစောပိုင်းကာလမှာဆိုရင် ကိုယ့်အိုးကိုယ့်အိမ်မှာ မိသားစု စုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါးနေထိုင်ကြပြီး ဆောင်းရာသီဝင်တဲ့ ညနေခင်းမှာဆိုရင် တစ်အိမ်နဲ့တစ်အိမ် အိမ်အလည်သွားကြရင်း မီးပုံလေး‌ဘေးမှာ ဝိုင်းဖွဲ့ စကားပြောလေ့ရှိကြပါတယ်။

ဒီလို ဓလေ့မျိုး အများစုကို တိုင်းရင်းသား‌ကျေးရွာတွေမှာ ‌တွေ့မြင်ရတတ်ပါတယ်။ စစ်တပ်အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ နောက်ပိုင်းမှာတော့ ဒီလိုပျော်စရာကောင်းလှတဲ့ တိုင်းရင်းသား ဓလေ့ရိုးရာတွေကို မြင်တွေ့ရဖို့ ခက်ခဲလာတဲ့အပြင် အိုးအိမ်ကို စွန့်ခွာပြီးတောတောင်တွေထဲမှာ တိမ်းရှောင်ကြရင်း စစ်ကောင်စီတပ်ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို နေ့စဥ်နဲ့ အမျှ ခံစားနေကြရတာ ယနေ့ထိတိုင်ပဲ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts