spot_imgspot_imgspot_imgspot_img
Thursday, November 21, 2024
spot_imgspot_imgspot_imgspot_img

စစ်မှန်သောဖက်ဒရယ်စနစ် ပေါ်ပေါက်လာဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ

Author

Date

Category

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။

ဖက်ဒရယ်စနစ်ဆိုတဲ့ စကားလုံးရဲ့ စကားအနက်အဓိပ္ပာယ်ကို လိုရင်းတိုရှင်းပြောမယ်ဆိုရင် ပြည်နယ်ဒေသရဲ့ အခွင့်အရေးလို့ ပြောဆိုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး ရင်ဆိုင်ကြုံတွေ့ရတဲ့  ပြဿနာဟာ ပြည်နယ်ဒေသအခွင့်အရေးဆုံးရှုံးတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ပြည်နယ်ဒေသ အခွင့်အရေး ဆုံးရှုံးတဲ့ ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးဆုံးနဲ့ အကောင်းဆုံး နည်းလမ်းကတော့ ပြည်နယ်မှာရှိတဲ့ ဒေသခံအဖွဲ့အစည်းများ လူမျိုးစုများက ကိုယ့်ပြည်နယ်ကို ကိုယ်စားပြုနိုင်အောင် ကြိုးစားတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒေသခံပြည်နယ် အစိုးရအောက်မှာ နေတာထက် ပြည်ထောင်စု အစိုးရအောက်မှာနေတာ ပိုကောင်းပါတယ်ဆိုတဲ့ ပြည်သူကြားက ပြည်သူ့စကားသံတစ်ချို့ဟာ တစ်ဦးတစ်ယောက်ရဲ့ အကျိုးကို ရည်ရွယ်ပြီး ပြောဆိုတဲ့ စကားသံသာ ဖြစ်ပါတယ်။ ပြည်နယ်ကို ကိုယ်စားပြုတဲ့ စကားသံ မဟုတ်ပါဘူး။

၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ ပြည်နယ်ဒေသကို ကိုယ်စားမပြုဘဲ အဖွဲ့အစည်းတစ်ခုကိုသာ ကို်ယ်စားပြုတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ပြည်နယ်ဒေသကို ကိုယ်စားမပြုဘဲ အဖွဲ့အစည်းတစ်ခုကိုသာ ကိုယ်စားပြုတဲ့ ဘယ်ရွေးကောက်ပွဲမဆို စစ်မှန်တဲ့ ဖက်ဒရယ်စနစ်တစ်ခုကို ဘယ်သောအခါမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ ဘယ်နိုင်ငံမှာ မဆို ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကို ညီတူညီမျှ အာဏာခွဲဝေ ကျင့်သုံးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ်မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ပြည်နယ်အစိုးရမှာ အာဏာမရှိဘဲ ဗဟိုအစိုးရမှာဘဲ အာဏာရှိနေလို့ပဲ ဖြစ်ပါတယ်။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရကြား အာဏာခွဲဝေဖို့ဆိုရင် ဗဟိုအစိုးရမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်နယ်ဒေသခံတိုင်းရင်းသားများမှာလည်း များစွာ တာဝန်ရှိပါတယ်။ အချင်းချင်းအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ကိုယ့်ပြည်နယ်ကို ကိုယ်စားမပြုနိုင်သရွေ့ အာဏာဟာ ဗဟိုအစိုးရမှာပဲ ဆက်လက်ရှိနေအုန်းမှာ ဖြစ်ပါတယ်။ လက်ရှိအရပ်သားအစိုးရလက်ထဲမှာ ပြည်နယ်အစိုးရပေါ်ပေါက်လာပေမဲ့ ပြည်နယ်ဒေသကို ကိုယ်စားမပြုနိုင်ပဲ အဖွဲ့အစည်းကိုသာ ကိုယ်စားပြုနိုင်တဲ့ အစိုးရပဲ ဖြစ်ပါတယ်။

ပြည်နယ်အစိုးရက ပြည်နယ်ဒေသကို ကိုယ်စားမပြုနိုင်တာကြောင့် မြန်မာ့ငြိမ်းချမ်းရေးအခန်းကဏ္ဍမှာ ပြည်နယ်အစိုးရရဲ့ အခန်းကဏ္ဍ ပါဝင်ခွင့်မရှိတာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ပြည်နယ်ဒေသကို ကိုယ်စားမပြုနိုင်သမျှ ကာလပတ်လုံး မြန်မာ့ငြိမ်းချမ်းရေးခရီးဟာ မသေချာမရေရာတဲ့ အခြေအနေမှာ ဆက်လက်ရှိနေအုန်းမှာ ဖြစ်ပါတယ်။

၂၃.၉.၂၀၁၈ ရက်နေ့မှာ အမျိုးသားလွှတ်တော်နှစ်ဦး ပါတီကနေ နူတ်ထွက်ကြောင်းကြားသိရပါတယ်။ ပါတီနူတ်ထွက်ရခြင်း၏ အဓိက အကြောင်းအရင်းကတော့ ပါတီထက် မဲဆန္ဒနယ်မြေကို ကိုယ်စားပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကိုယ့်ရဲ့ မဲဆန္ဒမြေကို အမှန်တကယ်ကိုယ်စားပြုနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မှာ ဖြစ်သလို ပြည်နယ်အစိုးရများဟာ ကိုယ့်ရဲ့ပြည်နယ်ဒေသကို အမှန်တကယ်ကိုယ်စားပြုနိုင်မှသာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အင်အားကြီးနိုင်ငံများမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပြည်နယ်ဒေသအခွင်းအရေးအတွက် ရည်ရွယ်ပြီး ကျင်းပတဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အဖွဲ့အစည်း၏ အခွင့်အရေး အဖွဲ့အစည်းခေါင်းဆောင်ရဲ့ အခွင့်အရေးကို အဓိက ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာကြောင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်တဲ့ အခါတိုင်း ပြဿနာအမျိုးမျိုး ပေါ်ထွက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ကိုယ့်ရဲ့ပြည်နယ်ဒေသအကျိုးထက် ကိုယ့်ရဲ့အဖွဲ့အစည်းအကျိုးကိုသာ ဦးစားပေးပြီး မဲထည့်မယ်ဆိုရင် တရားမျှတဲ့ ရွေးကောက်ပွဲတစ်ခု ဘယ်သောအခါမှ ရရှိမှာ မဟုတ်ပါဘူး။ ပြည်နယ်ဒေသတစ်ခု ပေါ်ပေါက်လာဖို့ဆိုရင် လူတစ်ဦးတစ်ယောက် လူမျိုတစ်စုနဲ့သာ ဖြစ်ပေါ်လာနိုင်တာ မဟုတ်ပါဘူး။ လူမျိုးစု တစ်ခုနဲ့တစ်ခု တစ်စုတစ်စည်းတည်း အတူယှဉ်တွဲနေထိုင်ရာကနေ ပြည်နယ်ဒေသ ဖြစ်ပေါ်လာရတာပါ။ ဒါကြောင့် ပြည်နယ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး အခွင့်အရေး ရရှိဖို့ဆိုရင် ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ တောင်းဆိုမှုနဲ့သာ အခွင့်အရေးကို တောင်းခံရမှာ ဖြစ်ပါတယ်။

ပြည်နယ်ဒေသကို ကိုယ်စားမပြုဘဲ ရွေးကောက်ပွဲမှာ အနိုင်ရတာဟာ စစ်မှန်တဲ့ အခွင့်အရေးတစ်ခုလို့ ပြောဆို၍ မရသလို ပြည်နယ်ဒေသကို ကိုယ်စားပြုပါလျှက်နဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတာဟာ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတယ်လို့ ပြောဆိုလို့ မရပါဘူး။ ဘာကြောင့်လည်းဆိုရင် ရွေးကောက်ပွဲ အနိုင်အရှုံးဟာ ပြည်သူရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်မဟုတ်သလို ကိုယ်စားပြုမှုဟာ ပြည်နယ်ရဲ့ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်တာကြောင့် ဖြစ်ပါတယ်။

ကိုယ်စားပြုမှုနှင့် ပတ်သက်ပြီး သက်သေသာဓကတစ်ခုကို တင်ပြချင်ပါတယ်။ ၁၉၄၅ ခုနှစ် မေလ(၁၆)နေ့မှာ ဗြိတိသျှဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မိတ္တီလာမှာ တွေ့ဆုံကြတဲ့အခါ ဗိုလ်ချုပ်အေင်ဆန်းက “ စစ်မြေပြင်မှာရှိတဲ့ ဗမာ့မျိုးချစ်တပ်မတော်ကို လစာနှင့် ရိက္ခာထောက်ပံ့ပေးနိုင်မလား” လို့ မေးလာတဲ့အခါ ဗြိတိသျှဗိုလ်ချုပ်က “ ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်သည် မိမိ၏ အမိန့်ကို လက်ခံမည်ဆိုပါက လစာကိုသော်လည်းကောင်း၊ ရိက္ခာထောက်ပံ့ခြင်းကိုသော်လည်းကောင်း ဆောင်ရွက်ပေးနိုင်ပါသည်” လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီအခါမှာ ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်ုပ်၏ လက်အောက်ခံ တပ်မှူးအနေဖြင့် အမိန့်နာခံရန်ကိစ္စကို ကျွန်ုပ်၏ အစိုးရအဖွဲ့နှင့် တိုင်ပင်ပါဦးမည်၊ နောက်တစ်ပတ်တွင် ပြန်လည်တွေ့ဆုံပါမည်” ဟု ဖြေကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟယ ဗမာ့တပ်မတော်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပေမဲ့ ဗြိတိသျှဗိုလ်ချုပ်ရဲ့ အကူအညီကို ချက်ခြင်းလက်မခံဘဲ ကျွန်ုပ်အစိုးရနဲ့ တိုင်ပင်ပါဦးမည်ဟု ပြောကြားတာဟာ ဗိုလ်ချုပ်က ဗမာ့တပ်မတော်တစ်ခုတည်းကိုသာ ကိုယ်စားမပြုဘဲ မြန်မာပြည်ကြီးတစ်ခုလုံးကို ကိုယ်စားပြုတာကြောင့် ဖြစ်ပါတယ်။

ကိုယ်စားပြုမှု ပီသတဲ့ ဘယ်ခေါင်းဆောင်မျိုးမဆို သူ့ဒေသရဲ့ အခက်အခဲကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းရရှိအောင် အမြဲတမ်း ကြံရွယ်လုပ်ဆောင်နေရတာပါ။ ၁၉၄ရ ခုနှစ် ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြတဲ့ ခေါင်းဆောင်တွေဟာ ပြည်နယ်ဒေသတစ်ခုလုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ကြပါတယ်။ အဖွဲ့အစည်းတစ်ခုကိုကိုယ်စားပြုတဲ့ ခေါင်းဆောင်တစ်ဦးတစ်ယောက်မျှ မပါရှိခဲ့ပါဘူး။

၁၉၄ရ ခုနှစ် ဇူလှိုင်လ (၁၉)ရက်နေ့မှာ မသမာသူအချို့ရဲ့ စာနာမှု ကင်းမဲ့တဲ့ လုပ်ရပ်ကြောင့် အညှာမခိုင်သေးတဲ့ မြန်မာ့ အာဇာနည်ခေါင်းဆောင် ကြယ်ပွင့်များ မြေမှာ ကျခဲ့ရတာပါ။ ခေါင်းဆောင်များ ကျဆုံးခဲ့ရပေမဲ့ မြန်မာပြည်ကြီးအပေါ် စစ်မှန်တဲ့ သူတို့ရဲ့ ကိုယ်စားပြုမှုဟာ မြန်မာသမိုင်းမှာ ဆက်လက်ထင်ကျန်နေအုန်းမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို အခြေခံပြီး စစ်မှန်တဲ့ဖက်ဒရယ်စနစ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ပြည်နယ်ဒေသကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့် အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ မြောက်များစွာ ပေါ်ထွက်လာနိုင်ပါစေ။

spot_img
spot_img

Recent posts