ထျိုးမြာ
သစ်ပင်တွေပြောင်လုနီးဖြစ်အောင်ရှင်းလင်းထားတဲ့ တောင်ကုန်းတောင်တန်းတွေရဲ့ကြားထဲမှာရွာလေးတစ်ရွာရှိပါတယ်။ အဲ့ဒီရွာရဲ့နာမည်ကတော့ ဒေါကလဲတင်ရွာလို့ခေါ်ပါတယ်။ ဒေါကလိုက်တေရွာဟာ ကယားပြည်နယ်၊ ရှားတောမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့စီးသွားမယ်ဆိုရင် တောင်ကုန်းတောင်ကြားတွေထဲကို တစ်နာရီလောက်ရှိပါတယ်။
ရွာထဲမှာတော့ ကျွဲတစ်ကောင်နှစ်ကောင်စတွေ့ရပြီးတော့ တစ်ရွာလုံးမှာရေတွင်းတစ်တွင်းနဲ့ ကြက်၊ ဝက်တို့ကိုပဲတွေ့ရပါတယ်။ ပြီးတော့ ဘုရားကျောင်းတစ်ကျောင်းနဲ့ အိမ်ခြေလေးငါးဆယ်အိမ်လောက်သာလျှှင်တွေ့ရပါတယ်။ လူမျိုးတွေကတော့ ကယားရိုးရာခေတ်ဟောင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ချို့နဲ့ လူအနည်းငယ်ကိုသာတွေ့ရပါတယ်။
အိမ်ခြေလေးငါးဆယ်အိမ်ပဲရှိတဲ့ရွာဟာ အမှန်တော့ဒေါကလိုက်တင်ရွာဟောင်းပါ။ အရင်တုန်းက အခြေအနေကြောင့်စစ်ဖြစ်လို့ ကျေးရွာတွေပြောင်းရွေ့နေထိုင်ခဲ့ရပြီးတော့ ရွာဟောင်းကို သံယောဇဉ်မကုန်လို့ ပြန်လာနေကြတဲ့သူတွေပါ။ အမှန်တော့ ရွာရဲ့အနီးအနား( အရှေ့ဘက်)လောက်မှာလည်း ရွာသစ်ချပြီးတော့ အိမ်ခြေတစ်ချို့နေထိုင်ကြပါသေးတယ်။
အရင်က စစ်ဖြစ်ခဲ့လို့ပစွည်းတွေဆုံးရှုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဘဝကနေ အခု ဘဝအသစ်ကိုရွာဟောင်းမှာ ပြန်လည်အခြေချနေထိုင်ကြတဲ့သူတွေထဲမှာ ဦးဗျားရယ်နဲ့ ဒေါ်မီးမြာတို့မိသားစုပါဝင်ပါတယ်။ ဦးဗျားရယ်ဟာ အသက်ခုနှစ်နှစ်၊ လေးနှစ်၊ နှစ်နှစ်အရွယ်ရှိတဲ့သားသုံးယောက်နဲ့ မျက်စိတစ်ဘက်ကွယ်နေတဲ့ ငါးနှစ်အရွယ်(အသက်ခန့်မှန်းခြေ)သမီး အားလုံး သားသမီးလေးယောက်ထွန်းကားပါတယ်။
အရင်တုန်းကဆိုရင် ကျွဲတွေ အများကြီးရှိတယ်။ စပါးဂျီတွေလည်း တစ်ခုနှစ်ခုရှိတယ် ဒါပေမဲ့ အခုကဘားမှမရှိတော့ဘူး။ စစ်ဖြစ်တဲ့အချိန်တုန်းက ရွာကိုမီးရှို့စပါးဂျီတွေကိုလည်းမီးရှို့ လူတွေကိုလည်းဖမ်းသွားကြတယ်လို့ သူ့အမျိုးသမီးဖြစ်တဲ့ ဒေါ်မီးမြာက သူမဘဝရဲ့အတွေ့အကြုံကိုပြန်တွေးရင်း ဝမ်းနည်းစွာဖြင့်ပြောပြနေပါတယ်။
“သူတို့မေးတာကို သိတဲ့အတိုင်းဖြေပေးလဲရိုက်တာပဲ သစ်ပင်နဲ့လည်းချီထားသေးတယ် ” လို့ ဒေါ်မီးမြာကပြောပါတယ်။
စစ်ဖြစ်တဲ့အချိန်တုန်းက ရှားတောမြို့ပေါ်ကိုထွက်ပြေးပြီးတော့ ရွာသစ်ဖြစ်တဲ့အရှေ့ဘက်ရွာက်ိုခဏပြန်လာနေတယ်။ ပြီးတော့ လက်ရှိရွာဟောင်းကို ပြန်ပြောင်းလာတာဆိုရင်သုံးနှစ်လောက်ရှိပြီလို့ ဦးဗျားရယ်ကပြောပါတယ်။
အခုဆိုရင် သူတို့မိသားစု စားဝတ်နေရေးအတွက် အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးဗျားရယ်ကပဲ ရှာရတယ်လို့ပြောပါတယ်။ ဒေါ်မီးမြာကတော့ ကလေးငယ်တွေရှိလို့ ခြံထဲသွားလို့ သိပ်အဆင်မပြေပါဘူး။ သူတို့မိသားစုဟာ ဆန်ကိုလည်း အပေါဆုံးဆန်ပဲ ဝယ်စားပြီးတော့ နို့ဆီဗူးအဗူးသုံးဆယ်ကို ငါးထောင်ကျပ်နဲ့ ဝယ်စားတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ အလုပ်အကို်င်ကတော့ တောင်ယာပါ။
ဦးဗျားရယ်တို့ လင်မယားနှစ်ဦးဟာဆိုရင် သူတို့အသက်ဘယ်လောက်ရှိပြီဆိုတာကိုလည်း တိတိကျကျမသိကြပါဘူး။ သို့သော် သူတို့နှစ်ဦးစလုံးဟာ အသက် (၄၅ နဲ့ ၅၀) အရွယ်တွေရှိနေပါပြီ။ စစ်ဖြစ်ခဲ့တဲ့ခုနှစ်တွေကိုလည်း သူတို့ တိတိကျကျမသိပါဘူး။ ခန့်မှန်းခြေအရ (ရှစ်နှစ်လား၊ ဆယ်နှစ်လား)လို့ပဲ ပြောကြပါတယ်။
သို့သော် သူတို့ဟာ စစ်ဘေးစစ်ဒဏ်ကိုတော့ ကောင်းကောင်းခံခဲ့ရပြီးတော့ နောက်ဆက်တွဲဒုက္ခကို အခုအချိန်ထိ ခံစားနေရတယ်လို့ပြောပါတယ်။ ပြီးတော့ အဲဒီတုန်းကဆိုရင် ဗမာစစ်သားတွေကဒီအနီးနားတစ်ဝိုက်မှာ နေရာအပြည့်ယူထားတယ်လို့ ၎င်းတို့ရဲ့အိမ်နီးနားတောတောင်တွေ မြေလွတ်နေရာတွေကို လက်ညိုးထိုးပြောပြပါတယ်။
“နောက်ဆုံးတစ်ခေါက်ဖြစ်တဲ့အချိန်တုန်းကဆိုရင် အိမ်လည်းပါသွားတယ်။ စပါးဂျီတွေလည်းမီးရှို့ကုန်တယ်။ အရမ်းရက်စက်တာပဲ။ ငါတို့က အရမ်းကံဆိုးတယ်။ ဘာပဲဖြစ်ဖြစ် တစ်ချိန်ကျရင်ဘုရားသခင်ကကောင်းချီးပေးလိမ့်မယ်။ ငါတို့ကို ဘုရားက အားအင်တွေပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်လေး ” လို့ ဒေါ်မီးမြာက မျက်ရည်ဝဲဝဲနဲ့ပြောဆိုပြီး ထိုင်ရာကနေအိမ်ပေါ်သို့တက်သွားပါတော့တယ်။
ဒေါကလဲတင်ရွာဟာ ရွာသစ်နဲ့ရွာဟောင်းနှစ်ရွာပေါင်းလို့ အိမ်ခြေ သုံးဆယ်လောက်ပဲရှိပါတယ်။ ရွာဟောင်းမှာပြန်လာနေတဲ့သူတွေကတော့ ဘုန်းကြီးက ပြန်ခွင့်ပြုပေးလို့ ပြန်လာနေကြတယ်လို့ ဒေါကလိုက်တင်ရွာ ဥက္ကဌ ဦးမီရယ် ကပြောပါတယ်။
ရွာရဲ့အခြေအနေကတော့ ဖုန်းလိုင်းမရှိ၊ လျှပ်စစ်မီးတွေမရှိပါဘူး။ စာသင်ကျောင်းတွေလည်းမရှိလို့ မူလတန်းကျောင်းကို ဘုရားကျောင်းမှာစာသင်ကြတယ်လို့သိရပါတယ်။
“ အရင်နှစ်စာသင်ကျောင်းကျမယ်ဆိုပြီးတော့ မကျဖြစ်ဘူး။ ဒီနှစ်ကျရင်ကျမယ်ထင်တယ် ” လို့ ဦးမီရယ်ကပြောပါတယ်။
အဲ့ဒီရွာမှာ ပညာရေးအနေနဲ့ဆိုရင် ဆယ်တန်းအောင်တယ်ဆိုတဲ့ကလေးတွေလည်း တစ်ယောက်မှမရှိဖူးပါဘူး။ လျှပ်စစ်မီးဆိုရင်လည်း မရရှိသေးပါဘူး။ ဈေးတစ်ခုခုဝယ်ချင်ရင်လည်း ရှားတောမြို့ပေါ်အထိသွားဝယ်ရတယ်လို့သိရပါတယ်။
စားဝတ်နေရေးအဆင်အခက်အခဲရှိခဲ့ပေမဲ့ထွက်ပြေးနေခဲ့ရပါတယ်။ အခုဆိုရင် ကျွဲတွေမရှိတော့ဘူး၊ စပါးတွေများများမရတော့ဘူး၊ စားဝတ်နေရေးအတွက်ခက်ခဲနေတယ်ဆိုပေမဲ့ စစ်ပွဲတွေမရှိတော့လို့ပြန်လာနေထိုင်ရတာ စိတ်အေးရပြီထင်လို့ပါလို့ ဦးဗျားရယ်ကပြောပါတယ်။
ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာ အရင်ကတည်းက စစ်ဖြစ်ခဲ့တဲ့နေရာတွေကြောင့် ကျေးရွာတော်တော်များများက ဒေသခံတွေဟာ အရှေ့ဘက်နယ်စပ်ဘက်မှာ တချို့ လွိုင်ကော်မြို့ပေါ် တချို့ ရှားတောမြို့ပေါ်တချို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပြီး ယခုလို အပစ်အခတ်ရပ်စဲထားတဲ့ နောက်ပိုင်းမှာ ရွာဟောင်းကို အသက်မွေးဝမ်းကျောင်းအတွက် ပြန်လာနေထိုင်ကြလာကြတဲ့သူတွေ အနည်းငယ်တွေ့နေရပြီဖြစ်ပါတယ်။
ဦးဗျားရယ်က မိသားစုအတွက် စစ်ပွဲနောက်တစ်ကြိမ်ဖြစ်လာမယ်ဆိုရင် ထွက်မပြေးချင်တော့ဘူးလို့ ပြောပါတယ်။