spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ဖမ်းဆီးရိုက်နှက်ခံထားရတဲ့ မွေးရာပါ ဆွံ့အ နေသူ ဟာ ဒဏ်ရာကြောင့် အိပ်ယာထဲလှဲနေရ

ကေးဒူ(ကန္တာရဝတီတိုင်း(မ်))

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီး ၊ ရိုက်နှက်ခံထားရတဲ့ မွေးရာပါ စကားမပြောနိုင်တဲ့ အသက် ၃၂ နှစ် အရွယ် လူငယ်တစ်ဦးဟာ ဒဏ်ရာတွေကြောင့် တစ်ပတ်ခန့် အိပ်ယာထဲလှဲနေရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

“အများကြီး ထိတယ်။သူ့ခေါင်းဆို ၃ နေရာ ၄ နေရာ ထိတယ်။ ရွာလယ်လမ်းက အုတ်ပေါ်မှာ ထိုင်နေရင်း လာရောက်ဖမ်းသွားတာ။ ကြိုးတုတ်ပြီး ရိုက်ထားတယ်။သူ့လက်တွေဆိုလည်း မကောင်းတော့ဘူး။ ညိုပုတ်ပြီး ရောင်ကုန်တယ်။ ၄ရက် ၅ ရက်လောက် အိမ်မာ ရေနွေးနဲ့ တိုက်ပေးရတယ်။”လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့ လွိုင်ကော်မြို့ လောပိတ ဘီးလူးချောင်းအနီး ရိက္ခာသယ်ပို့သွားလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-10 ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်တရက်မှာ လောပိတကျေးရွာအုပ်စု ကျေးရွာတစ်ရွာက အဆိုပါ လူငယ်ကို ဖမ်းဆီးရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရိုက်နှက်ခံရပြီး နာရီပိုင်းအတွင်းမှာပဲ အဆိုပါ လူငယ်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့
ခန္ဓာကိုယ်မှာ ပြတ်ရှဒဏ်ရာ ၄ နေရာရရှိခဲ့တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

“ပြန်ရောက်စတုန်းက ဘားမှမစားနိုင်ဘူး။ ချော့ပြီးကျွေးရတယ်။ လိမ္မော်သီးလောက်ပဲစားတယ်။” လို့မိခင်ဖြစ်သူကပြောပါတယ်။

စစ်ကောင်စီရဲ့ ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူကအိပ်ရာထဲမှာ လှဲနေရပြီး ၃ ရက်တစ်ခါ ဆေးခန်းရက်ချိန်းသွားနေရတယ်လို့လည်း သိရပါတယ်။

အဆိုပါ လူငယ်ဟာ မွေးရာပါ စကားမပြောနိင်ပေမယ့် တောင်ယာ အလုပ်ကို ငယ်စဥ်ကတည်းက လုပ်ကိုင်ပြီး မိဘ နှစ်ပါးကို ရှာဖွေ ကျွေးမွေးနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ရက်နေ့မှာလည်း ဘောလခဲမြို့မှာ နှမ်းစိုက််ခင်းကအပြန် အမျိုးသားနှစ်ဦးကို စစ်ကောင်စီဖမ်းဆီးရိုက်နှက်ပြီး ၃ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

spot_img
spot_img