ကန္တာရဝတီတိုင်း(မ်)
မနေ့က (ဩဂုတ်လ ၁၃ ရက်နေ့မှာ) ကရင်နီတပ်မတော် KA ကနေ စစ်ကောင်စီတပ်ရဲ့ ရိက္ခာသိုလှောင်တဲ့ ဂိုဒေါင်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ငါးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီတပ်မတော်ရဲ့ ဝင်ရောက်စီးနင်ခြင်းကို ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က လေတပ်အသုံးပြုပြီး ကရင်နီတပ်မတော်ရဲ့ စခန်းကုန်းတွေကို တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့အထိနာတယ်။ မနေ့က နယ်စပ်မှာ တစ်နေကုန်ပျံတယ်။ မပစ်ဘူး။ ကျနော်တို့ ရဲဘော် နှစ်ယောက်ဒဏ်ရာရသွားတယ်။ အဲ့မှာပစ်ကြတာ ၃ နာရီကနေ ၄ နာရီလောက်အထိပေါ့။ လက်နက်တချို့ သိမ်းမိပြီး သူတို့လည်း တချို့သေသွားတယ်။ သူတို့ဂိုဒေါင် မီးရှို့ခံလိုက်ရတယ်။ အဲ့ဒီကနေ မကျေနပ်တာလည်း ပါမှာပေါ့။ ပြီးတော့မှ ဗုံးလာပစ်ချသွားတာဘဲ။ နောင်လုံဖက်မှာ တခါနှစ်ခါ ပျံတယ်။ မပစ်ဘူး။ ဒီနက်မှ လာပစ်ချတာ။” လို့ ကရင်နီတပ်မတော်ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
မနေ့က ညနေပိုင်းလောက်မှာ နယ်စပ်တလျောက် လေယာဉ်တွေနဲ့ ပျံဝဲနေခဲ့ပြီး ဒီနေ့မနက် ( နံနက် ၃ နာရီကျော် ) အချိန်မှာတော့ ကရင်နီတပ်မတော် KA ရဲ့ တပ်စခန်းကုန်းတစ်နေရာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နံနက် ၃ နာရီ ၁၅ မိနစ်မှာ တစ်လုံး၊ ၃ နာရီ မိနစ် ၂၀ မှာ တစ်လုံး လာရောက်ပစ်ချသွားပြီး တဲအိမ်အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။
လတ်တလောမှာတော့ ကရင်နီပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုတွေလည်း ရှိနေကာ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်မှုတွေကို ပြုလုပ်လေ့ရှိနေတာ ဖြစ်ပါတယ်။