ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
(KPLA-၉၄၂၅ ) တပ်ရင်းထံကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ရထပ (၁) အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတပ်ကြပ် မင်းခန့်ကျော် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ KPLA က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်နှစ်သက်တော့ပဲ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ချိတ်ဆက်လာတာကြောင့် လမ်းတဝက်မှာ သွားရောက်ခေါ်ဆောင်လာရခြင်းဖြစ်တယ်လို့ (KPLA-၉၄၂၅ )တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“၁ လပိုင်း ၂၁ ရက်နေ့ မှာ ကျနော်တို့ နဲ့ ဆက်သွယ်ပြီး လမ်းတဝက်ထိ ကျနော်တို့ သွားရောက်ခေါ်ဆောင်လာခဲ့ပါတယ်”လို့ (KPLA-၉၄၂၅ )တပ်ရင်းရဲ့ တာဝန်ရှိသူ က ပြောပါတယ်။
အဆိုပါ ဒုတပ်ကြပ် မင်းခန့်ကျော်ဟာ စစ်ကောင်စီလက်အောက်မှာ (၇) နှစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ဖေဖော်ဝါရီလမှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် အခြေစိုက် ထပရ(၇၂၂) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲကို ပို့ဆောင်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

G-3 (BA-72) ၁လက် ၊ ကျည်အိမ် (၃) ဘောက် နှင့် ကျည်ဆံ ၁၂၀ ထောင့်နဲ့ အတူ
ဝင်ရောက်လာခဲ့တာဖြစ်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) တာဝန်ရှိ လူကြီးများမှ ဆုတော်ငွေ သိန်း၂၀ ကျပ်တိတိကို ဆုချီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘတ်ပြောင်းခိုလှုံလာတဲ့ တပ်သားတွေကို တွေ့ဆုံညှိနှိုင်းပြီး သူတို့ရဲ့ သဘောထား ၊ ပြုလုပ်ချင်တဲ့ ဆန္ဒကို သေချာမေးမြန်းပြီးမှ လိုအပ်တာတွေကို အကူအညီပေးတယ်လို့ KPLA တာဝန်ရှိသူက အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့ထဲကို ဝင်လာတဲ့ CDM တွေ ရောက်ရှိလာတဲ့ တပ်သားတွေ ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပြီးမှ လိုအပ်တဲ့ အကူအညီတွေကို ပေးဖို့ ရှိတယ်။ ဒါပေမယ့် သူတို့အနေနဲ့ကလုပ်ဆောင်ချင်တဲ့ ကဏ္ဌ ၊ တော်လှန်ရေး ဖွဲ့အစည်းထဲကို ဝင်ပြီးမှ စစ်ကောင်စီကို ပြန်တော်လှန်ချင်တာလည်း ရှိတယ်။ အရင်က ဝင်ခဲ့တဲ့ (၆)ယောက် ။ စစ်ကောင်စီကို ပြန်တော်လှန်တယ်။ ချေမှုန်းတယ်။ မြေပြင်မှာ ပြန်ပေးဆပ်တာပေါ့နော်။ အဲအတွက်ကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ကတော့ သူတို့နဲ့ သေချာလေး ညှိနိုင်းပြီးတော့မှ ကူညီပေးသင့်တာတွေကို ကူညီ ၊ သူတို့လည်းအပြန်အလှန်ကူညီရင်းနဲ့ တော်လှန်ရေးအောင်တဲ့အထိ ဆက်လုပ်သွားမယ်”လို့ သူက ဆက်ပြောပါတယ်။
တော်လှန်ရေးကာလတစ်လျှောက် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
(KPLA-၉၄၂၅ )တပ်ရင်းထံကို ဘတ်ပြောင်းခိုလှုံလာသူ (၇)ဦး ရှိပြီး ဆက်လက်ဝင်ရောက်လာကြဖို့ကို ကြိုဆိုတယ်လို့ ပြောဆိုထားပါတယ်။