spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ KNDF တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ယမန်နေ့ည (နိုဝင်ဘာ ၁၃ ရက်‌နေ့)က စစ်ကောင်စီတပ်ရဲ့ ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇၊ ခလရ ၁၀၂ တပ်က နေ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေ ပြန်လည်လုပ်‌ဆောင်လာတာကြောင့် လူထုတွေအနေနဲ့ စစ်ရေး သတိရှိကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းပြောဆိုပါတယ်။

“ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ နေ့ရော ညရော လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေပါတယ်။ လူထုတွေ အနေနဲ့ လုံခြုံရေးအထူးသတိရှိကြဖို့ ပြောချင်ပါတယ်။ စစ်ကောင်စီက‌‌တော့လက်နက်ကြီးတွေ ထုပြီးလို့ရှိရင် စစ်ကြောင်းထိုးတတ်တဲ့ သဘောသဘာဝကော ရှိခဲ့တယ်ပေါ့နော။ အရင်နှစ်တွေတုန်းကလည်း အဲ့လိုပဲလေး။ သူတို့စစ်ကြောင်းထိုးပြီးတော့ လက်နက်ကြီးတွေ ထုတာမျိုးတွေရှိတယ်။ တစ်ခါတလေကျရင်လည်း ပြည်သူတွေကြောက်လန့်အောင်လည်း ထုတာမျိုးတွေပေါ့နော။ အဲ့ဒါတွေ လုပ်လေ့ရှိပါတယ်”လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တစ်လေးလုံးစစ်ဆင်ရေးစတင်ခဲ့ပြီး‌နောက်ပိုင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိတော့တဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကိုလည်း အချိန်အတော်ကြာ ရပ်နားခဲ့ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လက လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ကို လက်နက်ခဲယမ်း၊ ရိက္ခာပို့ဆောင်တဲ့အတောအတွင်းမှာတော့ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးမတိုင်မှီ ဒီးမော့ဆိုမြို့နယ်တွင်းက ဒေါငံခါးရပ်ကွက်၊ ခေါက်ပလော့ကျေးရွာ မှာ စစ်‌ကောင်စီတပ်စွဲနေထိုင်စဉ်က ဒီးမော့ဆိုအနောက်ဖက်ခြမ်းက လူထုနေထိုင်ရာ ကျေးရွာ ၊ စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု လစဥ်လတိုင်း လုပ်ဆောင်ခဲ့ပါတယ်။

“လက်နက်ကြီးပစ်တာ ဒီးမော့ဆို၊ ဖရူဆိုဖက် လနဲ့ချီပြီးတော့ မကြားရတော့ဘူး ။ အခုမှပြန်ကြားရတယ်ပေါ့နော” လို့ ဒီးမော့ဆိုဒေသခံတစ်ဦးက ပြောပါတယ်။

သြဂုတ်လကစလို့ အင်အား ၅၀၀ ပါတဲ့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းက ရှမ်းပြည်နယ် ပင်‌လောင်းမြို့ကနေ ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ကို စစ်ကြောင်းထိုးလာခဲ့တာပါ။ ဖယ်ခုံ-ပင်လောင်းမြို့ နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေတာ တိုက်ပွဲ ၃ လကြာမြင့်လာပြီဖြစ်ပြီး ဒေသခံ ၂၀၀၀၀ ကျော်ကလည်း ဘေးလွတ်ရာတိမ်းရှောင်နေကြရဆဲပါ။

စစ်ကောင်စီစစ်ကြောင်းက လက်ရှိမှာ ဖယ်ခုံ နဲ့ မိုးဗြဲမြို့မှာ ရောက်ရှိနေကြပြီး ရှမ်း-ကရင်နီနယ်စပ်အနီးအနားက ကျေးရွာတွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ပင်လောင်းစစ်ကြောင်းက ဖယ်ခုံ‌ကိုရောက်တယ်။ ဖယ်ခုံကနေပြီးတော့မှ မိုးဗြဲကို အင်အားဖြည့်နိုင်တယ်။ အဲ့ကနေပြီးတော့ မှာ သူတို့ဘယ်ဖက်ကို စစ်ကြောင်းထိုးမလဲ မပြောနိုင်ဘူးပေ့ါနော။ လွိုင်ကော်ဖက်ကို ဆက်သွားမလား။ နန်းမယ်ခုံဖက်ကို ဆက်လာမလားဆိုတာတော့ စောင့်ကြည့်ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဆက်ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ၊ ဖယ်ခုံ – ပင်လောင်းနယ်စပ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေ ပြန်လည်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts