မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)
“စိတ် က ပြောလိုက်ရင် စာတလုံးတည်းပါဘဲ။ ဒါပေမဲ့ ဒီစိတ်ကြောင့်ဘဲ အရာအားလုံး ဖြစ်သွားနိုင်တယ်လေ။” လို့ ရေရွတ်ပြောဆိုလာတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတဦးက စစ်ဘေးရှောင်နေရတာ သုံးနှစ်ကျော် ရှိသွားပါပြီ။
သူမက ဒီးမော့ဆိုမြို့နယ်၊ စံပြခြောက်မိုင်ကျေးရွာအုပ်စုအတွင်းက ဒေသခံအမျိုးသမီးတဦး ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရာမှာ အမျိုးသား၊ မွေးစားမိခင်၊ ၃ နှစ်သား ဝန်းကျင်ရှိပြီဖြစ်တဲ့ သားငယ်လေး နဲ့အတူ နေထိုင်ပါတယ်။
သူမမှာ သားငယ်လေးကိုမွေးဖွားစဉ်က သေနတ်သံနားစွင့်ရင်း မွေးဖွားခဲ့ရတဲ့အဖြစ်လေးကို အတွေးထဲက ဘယ်လိုမှမေ့ပျောက်လို့ မရနိုင်ခဲ့ပါဘူး။
ကရင်နီမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရမှုကြောင့်လို့ တပ်အပ်အတည်မပြုနိုင်ပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် မိမိကိုယ်ကို အဆုံးစီရင်မှုမှာ ဆယ် ဂဏန်းအထိ ရှိလာနေပါတယ်။ ဒါဟာ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသမျှ သိရှိရမှုသာဖြစ်ပြီး မြေပြင်မှာ ဒီထက်မကလည်း ရှိနေနိုင်ပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ စိတ်ဒဏ်ရာကြောင့်လို့ တပ်အပ်ခေါင်းစဉ်မတပ်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာကို ငြင်းချက်ထုတ်လို့မရကြောင်း အဆုံးစီရင်ခဲ့မှုနဲ့ နီးစပ်သူတွေက ပြောဆိုထားကြပါတယ်။
အခက်အခဲအကြပ်အတည်းတွေကြားက Depression ဝင်ရောက်လာတဲ့အခါ လူတွေရဲ့ ခံနိုင်ရည်ဟာ ယခင်ကထက် ပိုမိုနည်းပါးလာကြပါတယ်။ စိတ်ထွက်ပေါက်ဆိုတာကို ရှာမရတဲ့အခြေအနေမျိုးမှာ လူတွေဟာ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပြီး ရှေ့ဆက်နေကြတာဖြစ်ပြီး ရှေ့မဆက်နိုင်တော့တဲ့အခါ အဆုံးသတ်ကိုသာ တွေးနေမိကြတော့တာပါ။
မရေမတွက်နိုင်လှတဲ့ အခက်အခဲ၊ ဒုက္ခ၊ စိန်ခေါ်မှုတွေများလှတဲ့ အခုလိုကာလမှာ စိတ် ကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်လို့ စိတ်ပိုင်းဆိုင်ရာကုသရေးပညာရှင်တွေက ပြောဆိုထားကြပါတယ်။
စစ်ဘေးတိမ်းရှောင်ရတဲ့ နောက်ဆက်တွဲတွေဟာ ရေတွက်လို့ မကုန်နိုင်လောက်အောင် များပြားလှတာကြောင့် စိတ်ဓာတ်ကျတာတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ဆိုမိုဖေစိုးလေး (တနည်းအားဖြင့် ရှားတော) မြို့နယ်အတွင်းမှာ နေထိုင်တဲ့ အမျိုးသမီးလူငယ်တဦးက ရင်ဖွင့်ပြောဆိုပါတယ်။
သူမဟာ လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ လူငယ်တဦးဖြစ်တာတောင် အခုလို စိတ်ဓာတ်ကျဆင်းစေတာတွေကို မကြာခဏကြုံတွေ့လေ့ရှိပြီး၊ မိသားစုကို ဦးဆောင်နေရတဲ့ အထူးသဖြင့် အမျိုးသမီးတွေမှာ စိတ်ဓာတ်ကျဆင်းတဲ့ဖြစ်ရပ်မျိုး ပိုမိုရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သူမ က ဆက်ပြောပါတယ်။ သူမ အနေနဲ့ စစ်ရှောင်စခန်းက ဘဝတူ စစ်ဘေးရှောင်အမျိုးသမီးတွေနဲ့ ဆုံတဲ့အခါ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေတဲ့ လက္ခဏာတွေကို ထုတ်ဖော်ပြောပြလေ့ရှိတယ်လို့ အဆိုပါ အမျိုးသမီးလူငယ်လေးက သူမရဲ့အခြေအနေနဲ့ စစ်ရှောင်လူထုတွေဆီက မြင်ရ၊ ကြားရတာတွေကို ပြန်လည်ပြောပြလာပါတယ်။
“အရင် ၂၀၂၃ တုန်းကလည်းဆရာမကြားဖူးမယ်ထင်တယ်။ မြေးအဖွားနှစ်ဦး suicide (အဆုံးစီရင်ခြင်း) လုပ်သွားသေးတယ်။ ပြီးခဲ့တဲ့အပတ်ကဆိုရင်လည်း အပေါ်ရွာကအမျိုးသားတယောက် suicide (အဆုံးစီရင်ခြင်း) တယောက် လုပ်သွားတယ်။ အခက်အခဲ အကြပ်အတည်းကြားမှာ Depression (စိတ်ဓာတ်ကျခြင်း) ဝင်လာတာတွေလည်း ရှိတယ်ပေါ့နော။” လို့ အဆိုပါ အမျိုးသမီးလူငယ်လေးက သူမနေထိုင်တဲ့ ဒေသဖက်က အခြေအနေကို ပြောပြတာပါ။
“ဒီကာလမှာ အရမ်းခက်ခဲကြတော့လေ တောင်ယာရှိတဲ့သူတွေလည်း အလုပ်ဖိလုပ်ကြပါတယ် ဒါမဲ့ လုပ်သလောက်ရလာမယ့်အကျိုးအမြတ်က မသေချာနေပါဘူး။ တော်တော်များများတွေ့ရတတ်တယ်။ မိသားစု အတွင်းပြဿနာတွေ၊ လင်မယားချင်း ကတောက်ကဆဖြစ်ရာကနေ သစ္စာဖောက်သွားကြတာတွေ ရှိတယ်။ ကျမတော့ထင်တယ်လေနော ဒါတွေက မပြည့်စုံခြင်း၊ မဖူလုံခြင်းတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာတွေလို့ မြင်တယ်။” လို့ သူမ က ဆက်ပြောပြပါတယ်။
“ကျနော်ကတော့ ဒီတိုင်းလေးဘဲ နေလိုက်တယ်။ ဒီကာလက ဘယ်သူ့ကို သွားပြောပြီး၊ ဘယ်သူက စိတ်ပိုင်းဆိုင်ရာ ထိနေလို့ဆိုပြီး သနားစာနာမှာမို့လို့လဲ”
အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားလေးတဦးက ပြောတာပါ။ သူက တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ရှေ့တန်းရဲဘော်တဦးပါ။
စိတ်ဓာတ်ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခြင်းတွေဟာ အမျိုးသမီးတွေမှာဘဲ ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ အမျိုးသားဖြစ်သူတွေမှာလည်း မကြာခဏဆိုသလို ခံစားနေကြရပါတယ်။
ကရင်နီက စစ်ဘေးရှောင်နေရတဲ့ လူထုတွေအပြင် စစ်ဘေးနဲ့နီးစပ်တဲ့လူထုတွေအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုဟာ အရေးကြီးတဲ့အချက်အဖြစ် လိုအပ်နေပြီး၊ အထူးသဖြင့် သူမနေထိုင်တဲ့ ဒေသအတွင်းက အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့ လက္ခာဏာတွေကို အမြဲတစေ တွေ့မြင်နေရတယ်လို့ ဆိုမိုဖေစိုးလေးမြို့နယ်ရဲ့ အတွင်းရေးမှူး မော်မဲမို က ပြောပါတယ်။
“ဒီလိုပုံစံမျိုးဘဲ ဆက်နေမယ်ဆိုရင်တော့ ရူးသွားလိမ့်မယ်ဆိုတဲ့ ခံစားချက်ကတော့ သူတို့နဲ့ (စစ်ဘေးရှောင်လူထုများ) သွားတွေ့ရင်တော့ ဖြစ်ကြတယ်ပေါ့နော်။ တခါတလေကျလို့ရှိရင် ကျမကိုယ်တိုင်ကစ ဒီလိုမျိုး ခေတ်ဆိုးကြီးကိုဘဲ ကြုံနေရမယ်ဆိုရင်တော့ တခုခု ဖြစ်သွားနိုင်တယ်ဆိုတဲ့အတွေးတွေတော့ ရှိတယ်။” လို့ မော်မဲမို က ပြောပါတယ်။
မော်မဲမိုဟာ လူငယ်အမျိုးသမီးတဦးဖြစ်သလို စစ်ဘေးရှောင်နေရတဲ့ လူထုတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဓိက တာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။
“အခုဆို အများအားဖြင့် တွေ့နေရတာက ဘာမှမဖြစ်သေးဘူး၊ လေယာဉ်က ကင်းထောက်လေယာဉ်လား၊ ဂျက် လေယာဉ်လား၊ ခရီးသည် လေယာဉ်လား မသိတဲ့အခြေအနေမျိုးမှာ လေယာဉ်သံကြားနေရပြီဆိုတာနဲ့ စိတ္တဇလိုမျိုး ဖြစ်နေရတဲ့ အမျိုးသမီးတွေကိုလည်း စစ်ရှောင်မှာ တွေ့ရတယ်ပေါ့နော်။ အဲ့လိုတွေရှိတယ်။ စိတ်ဓာတ်ကျတာမျိုးဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ အဆုံးစီရင်တယ်ဆိုတဲ့ အခြေအနေမျိုးတော့ မရှိသေးပေမဲ့လည်း အခုလောလောဆယ်တော့ စိတ်ဓာတ်ကျရင်းနဲ့ နည်းနည်း စိတ္တဇပုံစံမျိုးလေးတော့ ရှိတယ်။” လို့ မော်မဲမိုက ဆက်ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်သတ်မှတ်ခဲ့ပါတယ်။
“ကမ္ဘာတဝန်းမှာ ခန့်မှန်းခြေ လူ ရှစ်ဦးမှာ တဦးဟာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု (mental disorder) တခုခုနဲ့ ရှင်သန်နေထိုင်နေရပါတယ်။ ဘယ်ရပ်ရွာဝန်းကျင် သို့မဟုတ် လူမှုအဖွဲ့အစည်းတိုင်းမှာမှ မလွတ်ကင်းနိုင်ပါဘူး။ မိမိကိုယ်ကို အဆုံးစီရင်မှုတွေက လူငယ်တွေအကြားမှာ အဓိကကျတဲ့ သေဆုံးခြင်း အကြောင်းအရင်းတရပ် ဖြစ်နေဆဲဖြစ်ပြီး၊ လူ သန်းပေါင်းများစွာဟာ တိတ်တဆိတ် ခံစားနေရဆဲဖြစ်ပါတယ်။” လို့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် ကုသလမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ရဲ့ သတင်းစကားမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် စိတ်ပိုင်းမထိခိုက်အောင် ဆိုတဲ့ ခေါင်းစဉ်အောက်က ၂၀၂၁ ခုနှစ်က VOA သတင်းဌာနရဲ့ ဗြိတိန်နိုင်ငံက စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်ဥက္ကာ နဲ့ မေးမြန်းမှုမှာ အခုလိုဘဲ ဖြေကြားထားခဲ့ပါတယ်။
“ဘာကိုထိခိုက်နိုင်သလဲဆိုတော့ (၁) စိတ်ကျရောဂါ – depression (၂) စိတ်ပူပန်တတ်တဲ့ရောဂါ – anxiety (၃) ဒဏ်ရာဟောင်းကို ပြန်ပြီးတော့ သတိရတတ်ပြီးဖြစ်တတ်တဲ့ စိတ်ဖိစီးမှုရောဂါ Post- traumatic stress disorder (PTSD) အဲဒါမျိုးတွေ ခံစားကြရတာကို လေ့လာတွေ့ရှိရတယ်။ လူတွေက စိတ်ဓာတ်ကျသွားမယ်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ အရှုံးပေးလိုက်မယ်ဆိုရင်တော့ စိတ်ကျန်းမာရေးကို ထိခိုက်ဖို့ အချက်က ပိုပြီးတော့ များသွားမယ်။ ဒါပေမဲ့ အဲဒါတွေကို ကာကွယ်ဖို့ဆိုရင်တော့ စိတ်ဓာတ်မကျဖို့ ပိုအရေးကြီးတယ်။ အဲဒီအတွက်ဆိုရင်တော့ ကျနော်က အချက် (၃) ချက် ပြောချင်တယ်။ အခုန ကျနော်လေ့လာကြည့်တဲ့ စာတမ်းတွေမှာ သူက Mental Health (စိတ်ကျန်းမာရေး) ကို Impact ( အကျိုးသက်ရောက်မှု) မဖြစ်အောင် စိတ်ရောဂါဖြစ်တဲ့ အခုနပြောတဲ့ ရောဂါမျိုးတွေ မဖြစ်အောင် အကောင်းဆုံး ကုထုံးက United ( ပေါင်းစပ်မှု) ဖြစ်ရမယ်။ Connected ( ဆက်သွယ်) ဖြစ်ရမယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ Cause တခုကို တိုက်တဲ့အချိန်မှာ ဘယ်တော့မှ စိတ်ရောဂါ ဖြစ်တဲ့၊ စိတ်ဝေဒနာနဲ့ဆိုင်တဲ့ ရောဂါတွေ မရနိုင်ပါဘူး။ အဲဒီတော့ အဓိက ကုထုံးက ဆက်လက်ပြီးတော့ စည်းလုံးရမယ်။ စည်းလုံးတဲ့အပြင် နောက်တခု စာတမ်းမှာ တွေ့ထားတာက Connected ( ဆက်သွယ်) ဖြစ်ရမယ်။ အားလုံးသည် တယောက်နဲ့တယောက် အမြဲတမ်း ဆက်သွယ်ပြီးတော့ အားပေးနေရမယ်။”