ကန္တာရဝတီတိုင်း ( မ် )
မြန်မာနိုင်ငံ တစ်ဝှမ်းမှာ၂၀၂၄ခုနှစ် ၊ နိုဝင်ဘာလ တစ်လအတွင်း စစ်ရေးပဋိပက္ခကြောင့် အမျိုးသမီးသေဆုံးသူ ၆၁ ဦး ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး ၃၇ ဦးဖြစ်ပါတယ်။ တခြား လက်နက်ကြီးကြောင့် ၁၆ဦး၊ မတရားသတ်ဖြတ်မှုကြောင့် ၅ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ဦး နဲ့ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၆၃ဦး ရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၂ ဦး၊ လက်နက်ကြီးကြောင့် ၁၆ဦး ၊ မတရားသတ်ဖြတ်မှုကြောင့် ၂ဦး၊ အဓမ္မပြုကျင့်မှုကြောင့် ၂ဦး နဲ့ မီးရှို့မှုကြောင့် ၁ဦး ဖြစ်ပါတယ်။
ထိခိုက်သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသတွေကတော့ ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဖြစ်ပါတယ်။ အဆိုပါ ဒေသတွေထဲက ရှမ်းပြည်နယ်မြောက်ပိုင်းကတော့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးနဲ့ ရခိုင်ပြည်နယ်က ဒုတိယ ဖြစ်ပါတယ်။
နိုဝင်ဘာလအတွင်းမှာ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းနဲ့ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး နှစ် ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ ၄နှစ် ဝန်းကျင်အတွင်း နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်ပြီး လူမဆန်တဲ့အပြုအမူတွေလုပ်ဆောင်နေတယ်လို့ BWU က ဆိုပါတယ်။
အာဏာသိမ်းကာလကြာမြင့်လာတာနဲ့အမျှ စစ်ကောင်စီက စစ်ရေး၊ နိုင်ငံရေးတွေမှာ ဆုံးရှုံးမှုများလာတဲ့အခါ အရပ်သား နေထိုင်ရာ အရပ်တွေကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ဆောင်နေပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ အသက်သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုကို ကြုံတွေ့နေရတာပါ။
အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို တိုက်ဖျက်ပြီး မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ကိုလည်း BWU က တိုက်တွန်းထားပါတယ်။