ကေးဒူ / ကန္တာရဝတီတိုင်း(မ်)
အလုပ်တွေ ပင်ပန်းပြီး အိပ်မောကျနေတဲ့ ညတညမှာပေါ့။ “ဒုန်းဒုန်း” တံခါးလာခေါက်တဲ့ အသံလေးတခုကြောင့် လန့််နိုးလာခဲ့တယ်။ အချိန်ကတော့ လူတွေအိပ်မောကျနေတဲ့ ညဉ့်နက်သန်းခေါင်ချိန်ကို ရောက်ရှိလို့ နေပါပြီ။
ဘယ်သူလဲဟ ဒီအချိန်ကြီး ဘာဖြစ်တာလည်းပေါ့။ ခဏနေတော့ “ငါပါကွာ ခဏထကြည့်ပါဦး၊ ဒီမှာ ငါ့ညီမ အရေးပေါ်ဖြစ်နေလို့”ဆိုပြီး အလောတကြီး လေသံနဲ့ အော်ပြောသံကို ကြားရပါတယ်။
အဲ့ချိန်မှာတော့ ကားမောင်းသမားတဦးက သူ့ရဲ့ရှေ့ ၂ နာရီဝန်းကျင်လောက်မှာပဲ ရှေ့တန်းတနေရာကနေ ကားမောင်းပြီး ပြန်လာတာ ဖြစ်ပါတယ်။ အလွန်ပင်ပန်းနေတာကြောင့် သူလည်း နလန်မထူနိုင်တော့ပါဘူး။ ကျနော် သူ့အစား သွားပေးလိုက်ရပါတယ်။
ကျနော်တို့ ကားမောင်းပြီး တူတူထွက်သွားကြတော့ ကျနော်သူ့ကို မေးလိုက်ပါတယ်။
“မင်းညီမ ဘာဖြစ်လို့တုန်း”။
“ဘာဖြစ်ရမှာလည်းကွာ၊ ငါ့ညီမ ကလေးမမွေးနိုင်လို့လေ ၂ နာရီ ကျော်ရှိနေပြီ၊ ဒီမှာဆေးရုံဆေးခန်းကလည်း အဆင်မပြေတော့ မင်းသိတဲ့ အတိုင်းပဲကွာ”တဲ့။
ညီမအပေါ်ထားတဲ့ အကိုတယောက်ရဲ့ မေတ္တာကြောင့်ဖြစ်မယ်နဲ့ တူတယ်ဗျာ။ သူ့ရဲ့ လေသံက ပုံမှန်နဲ့ မတူ စိုးရိမ်မှုတွေပြည့်နက်နေတဲ့မျက်ဝန်းနဲ့ ကျနော့်ကို သူ ပြန်ဖြေပါတယ်။
တအောင့်နေတော့ ကျနော်တို့ သူ့ ညီမရှိတဲ့ရွာက ဆေးခန်းငယ်လေးတခုကို ရောက်လာပါတယ်။ ကားထိုးရပ်ရပ်ချင်းမှာပဲ အထဲကနေကြားလိုက်ရတဲ့ အော်သံလေးတခုကတော့
“အား….အမေရယ်….. နာတယ် နာတယ်” ဆိုတာပါပဲ။
သူ့ ညီမက မွေးလူနာအခန်းထဲမှာမို့ ကျနော်တို့ အပြင်မှာ မိုးအေးအေးနဲ့ နာရီဝက်လောက် ထိုင်စောင့်နေကြရပါသေးတယ်။
အဖေဖြစ်သူက သမီးလေး ဆေးရုံတက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုပြန်ယူဖို့ ပျာယီးပျာယာနဲ့ ဆိုင်ကယ်ကို မောင်းထွက်သွားပါတော့တယ်။ အမေဖြစ်သူကတော့ ကျနော့်နားကိုကပ်လာပြီး အခုလိုမျိုး ပြောလိုက်ပါတယ်။
“သားရေ ဒီမှာ တော်တော်ကြာနေပြီ ကလေးက မထွက်လာနိုင်သေးဘူး ဆေးရုံကိုပို့မှဖြစ်မယ်၊ ကူညီပေးပါဦးနော်။” တဲ့။
အခန်းထဲကလာတဲ့ မိခင်လောင်းရဲ့ အော်သံကတော့ မနားတမ်း ကြားနေရဆဲပါပဲ။
ကားပေါ်ရွေ့ဖို့ အပြင်ကို ထွက်လာကြတဲ့ အချိန်မှာတော့ အမျိုးသားရဲ့ လက်ကို တင်းတင်းဆွဲထားပြီး ချွေးတွေအပြည့်နဲ့ အော်နေတဲ့ မိခင်လောင်းကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။
ညဉ့်နက်သန်းခေါင်ချိန်မို့ ရာသီဥတုကလည်း အေးစက်စက်နဲ့ဗျာ။
မိုးလုံလေလုံနိုင်တဲ့ ကားရဲ့ရှေ့ခန်းမှာတော့ မိခင်လောင်းဖြစ်သူ လိုက်ပါစီးနှင်းဖို့ အတွက် လုံးဝကို အဆင်မပြေနေခဲ့ပါဘူး။ ဒါကြောင့် မိုးအေးအေးနဲ့ပဲ အမိုးအကာမရှိတဲ့ ကားနောက်ခန်းမှာ အိပ်ယာတွေ ခင်းပြီး လိုက်ပါလာပါတော့တယ်။
အလွန်အေးတာကြောင့် ကားနောက်ခန်းမှာလိုက်ပါစီးမယ်လုပ်နေတဲ့ ဆေးဆရာမလေးကိုတော့ ကားခေါင်းထဲကိုလာဖို့ကို ကျနော် အော်ပြောလိုက်ပါတယ်။
အဲ့ချိန်မှာ မိခင်လောင်းရဲ့ အဖေ ဖြစ်သူဆီက ကြားလိုက်ရတာကတော့ “ကျနော်တို့ချည်းပဲ သွားလို့ အဆင်ပြေပါ့မလား၊ ရဲဘော်တွေကို အကူညီတောင်းကြည့်မလား”တဲ့။
သမီးဖြစ်သူနဲ့ မွေးလာမယ့်မြေးအတွက် စိုးရိမ်တာကတကြောင်း လမ်းခရီးမှာ ကြုံတွေ့နိုင်တဲ့ အန္တရယ်တွေအတွက် စိုးရိမ်နေတာကတကြောင်းနဲ့မို့ သူ့အသံတုန်တုန်ယင်ယင်ဖြစ်နေပါတယ်။
ဒါပေမဲ့ ရဲဘော်တွေတော်တော်များများက ရှေ့တန်းကပြန်လာပြီး အနားယူနေကြတာမို့ “ရပါတယ်ဗျ အဆင်ပြေမှာပါ။” လို့ပဲ ကျနော် ရဲရဲတင်းတင်း ပြန်ဖြေလိုက်တယ်။
တကယ်တမ်းတော့ ကျနော်လည်း လမ်းခရီးကို စိုးရိမ်နေမိတာတော့ အမှန်ပဲ။ ပြီးခဲ့တဲ့ တနေ့ကပဲ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးအနားက လမ်းကို ဖြတ်ကူးရမှာကြောင့်ပါ။
မိခင်လောင်းရဲ့ အကိုဖြစ်သူ၊ ကျနော့်သူငယ်ချင်းကတော့ ကျနော့်နဲ့အတူ ကားခေါင်းခန်းမှာ လိုက်ပါလာပါတယ်။ ဒီလိုနဲ့ လမ်းတဝက်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာရဲ့ အနီးအနားကို ရောက်လာတဲ့ အချိန်မှာတော့ မလှမ်းမကမ်းကနေ ဓာတ်မီးတလုံးရဲ့ မီးရောင်ကို ဖြတ်ခနဲ မြင်လိုက်တယ်။
သူငယ်ချင်းဖြစ်သူကတော့ “ဟရောင် မင်းမြင်လိုက်လား။” တဲ့။
ကျနော်လည်း မြင်တာပေါ့။ကားပြန်လှည့်ရအောင်လည်း အနောက်မှာပါလာတဲ့ မိခင်လောင်းလေးကတော့ အသည်းအသန်ကိုဖြစ်နေတာကြောင့် ကျနော်တို့ ရှေ့ဆက်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီလိုနဲ့ တဖြည်းဖြည်းနီးကပ်လာတဲ့ အချိန်မှာတော့ နောက်ထပ်တကြိမ် မီးရောင်ကို ဖျက်ခနဲ ထပ်မြင်လိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဝင်တိုက်မယ်ကွာ ဆိုပြီးတော့ ကားကို အရှိန်တင်လိုက်တဲ့ အချိန်မှာ မလှမ်းမကမ်းကနေ ယူနီဖောင်း အပြည့်အစုံနဲ့ ထွက်လာတဲ့ ရဲဘော်တဦးကို မြင်လိုက်ပါတယ်။
ကံကောင်းချင်တော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ကင်းလှည့်နေတာပဲ ဖြစ်ပါတယ်။ ရင်ထဲကအလုံးကြီး ကျသွားသလိုပါပဲ။ ကျနော်တို့ တော်တော်လေးကို စိတ်အေးခဲ့ရပြီ။
ဒါပေမဲ့ အနောက်မှာပါလာတဲ့ မိခင်လောင်းကတော့ မနားတမ်း အော်ညည်းနေဆဲပါ။ ရင်ထဲကအလုံးကြီးတခု လျော့ကျသွားဖြစ်ပြီလို့ လမ်းကြမ်းကြမ်းမှာ အမြန်မောင်းနေတာကနေ ကားကို ပုံမှန်လေးပဲ မောင်းနှင်ရပါတယ်။ လမ်းခရီးကကြမ်းလွန်းပါတယ်။
ဒီလိုနဲ့ မနက်အစော ၁ နာရီဝန်းကျင် အချိန်လောက်မှာတော့ ဆေးရုံတခုကို ကျနော်တို့ ရောက်ရှိခဲ့ပါတယ်။ မိခင်လောင်းလေးအတွက်တော့ ဆေးရုံရောက်ပြီကြားတော့ သူ့ရဲ့ ရင်သွေးလေးအတွက် အနည်းငယ်စိတ်အေးရပြီပေါ့။
ဒါပေမဲ့လည်း ကံဆိုးချင်တော့ အဆိုပါ ဆေးရုံမှာဘယ်ဆရာဝန်မှ ရှိမနေခဲ့ပါဘူး။ ဆရာမလေးတချို့တော့ ရှိနေခဲ့ပေမဲ့ ကျနော်တို့ကိုကူညီဖို့ သူတို့မှာအဆင်မပြေခဲ့ပါဘူး။ နောက်ထပ် ၁ နာရီ နီးပါးလောက် ကြာအောင်မောင်းမှ ရောက်မယ့်ဆေးရုံလေးတခုကိုတော့ လမ်းညွှန်ပေးခဲ့ပါတယ်။
မနားတမ်းအော်နေတဲ့ မိခင်လောင်းလေးကိုတော့ ကျနော်မှာ နှစ်သိမ့်စရာ စကားလုံးမရှိလောက်အောင်ပဲ ဖြစ်နေပါတယ်။ ကျနော်တို့ အားတင်းထားပြီး နောက်ထပ်ဆေးရုံတခုကို ထပ်သွားလိုက်ပါတယ်။
လမ်းခရီးမှာတော့ ဘယ်ကားမှ အသွားအလာမရှိတော့ပါဘူး။ တိတ်ဆိတ် ငြိမ်သက်လို့ နေပါတယ်။ ဒီလိုနဲ့ နောက်ထပ်ဆေးရုံတခုကို ရောက်သွားခဲ့ပါတော့တယ်။ ဒီတခါဆို အဆင်ပြေလောက်ပါပြီ ဆိုပြီးတော့ ကျနော် စိတ်အေးခဲ့မိတယ်။
ဒါပေမဲ့လည်း အဆိုပါ ဆေးရုံတခုလုံးမှာ ဆရာဝန်ရှိဖို့ နေနေသာသာ အိမ်မွေးတိရိစ္ဆာန်တွေတောင် ရှိမနေတော့ပါဘူး။ အကြောင်းအရင်းကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ရန်ကို စိုးရိမ်လို့ ရှောင်ပုန်းနေကြတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ အနီးအနားက ဆေးရုံးတခုကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့်ပါ။ လမ်းခရီးမှာတင် ကျနော်တို့ ၂ နာရီကျော်လောက်က အချိန်ကုန်ခဲ့ပါပြီ။ ဒါပေမဲ့ မိခင်လောင်းလေးကတော့ ကားပေါ်မှာ ပါလာတဲ့ ဆရာမလေးအကူအညီနဲ့ပဲ ဆက်လက်တောင့်ခံနေဆဲပါ။ အော်သံကတော့ တရွာလုံးမကြားရုံတမယ် ပိုပိုကျယ်လောင်လာပါတော့တယ်။ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့အိမ်ကို ကျနော်သွားပြီး အော်နိုးလိုက်ပါတယ်။
အိမ်ရှင်မှာလည်း ကျနော့်အော်သံကြားလေးပြီး “ဘယ်သူလဲ” လို့ ပြန်ဖြေလိုက်ပါတယ်။ အကြောင်းရင်းပြောပြမှ သူက တံခါးကို ထဖွင့်ပေးပါတယ်။ အဆိုပါဆေးရုံမှာ လူတယောက်မှမရှိတော့တာကြောင့် နောက်ထပ်ဆေးရုံတခုကို ကျနော်တို့ကို ထပ်ပြီး ညွှန်းလိုက်ပါတယ်။ ကျနော်တို့မှာ ရွေးချယ်စရာ မရှိတာကြောင့် နောက်ထပ်ဆေးရုံတခုကို သွားဖို့ ဆုံးဖြတ်လိုက်ရပြန်ပါတယ်။
တအောင့်နေတော့ ညွှန်းပေးလိုက်တဲ့ ဆေးရုံတခုကို ကျနော်တို့ ထပ်ပြီးရောက်ရှိလာခဲ့ပါတယ်။ ဒီအချိန်မှာတော့ တာဝန်ကျ ဆရာမလေးတွေသာ ရှိနေပြီး ဆရာဝန်တွေကတော့ အိပ်မောကျနေပါပြီ။
သူတို့မှာလည်း တရက်ပြီးတရက် သူတို့ရဲ့ လူနာတွေနဲ့ အတော်လေးကို ပင်ပန်းနေရှာမှာပဲ။ ဒါပေမဲ့ ကျနော်ကတော့ အားမနာတမ်း တဲငယ်ကလေးတလုံးထဲမှာ အိမ်မောကျနေကြတဲ့ ဆရာဝန်တွေကို ကျနော်အော်နိုးလိုက်ပါတယ်။
ဆရာဝန်တွေ ရောက်လာတဲ့ အချိန်မှာတော့ မိခင်လောင်းလေးရဲ့ ရင်သွေးလေးက ထွက်လုနီးပါးရှိနေပါပြီ။ ဒါကြောင့် အခန်းထဲကိုတောင် မခေါ်တော့ပဲ ကားပေါ်မှာပဲ ဆက်လက်မွေးဖွားဖို့ကို ဆုံးဖြတ်လိုက်ကြပါတယ်။ တအောင့်နေတော့ ကလေးရဲ့ အော်သံကို ကျနော် ကြားလိုက်ရပါတယ်။
ရင်ထဲမှာတော့ ပီတိ ဖြစ်လို့ မဆုံးပါဘူး။ ခဏကြာတော့ ယောကျာ်းဖြစ်သူက ကျနော်တို့နားကို လာပြီး
“ကလေးရော အမေပါ ကျန်းမာတယ်နော်”တဲ့။
ပျော်ရမလိုလို ငိုရမလိုလို ဖြစ်နေတဲ့ မျက်နှာနဲ့ ကျနော်တို့ကို လာပြောတာပါ။။
သူ့ရဲ့ဒီစကားလေးတခွန်းကြောင့် ကျနော်တို့ အားလုံး ဝမ်းသာပီတိ ဖြစ်ခဲ့ရပြီး မနက်မိုးလင်းမှပဲ ကျနော် အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါ မိခင်လောင်းကတော့ ၂၀၂၃ မတ်လပိုင်းမှာ သူတို့ နေထိုင်ရာ ကျေးရွာလေးကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ သူတို့နေထိုင်ရာ စစ်ရှောင်စခန်းတွေမှာ လုံလောက်တဲ့ ဆေးရုံဆေးခန်းတွေမရှိတာကြောင့် ခုလို တိုက်ပွဲကြား၊ မီးလျှံကြားကနေ အသက်လုပြီး ရှင်သန်ဖို့ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတာပါ။
အခုလို အခက်အခဲ အကြပ်အတည်းကာလမှာ ရင်သွေးငယ်လေး တယောက်ကို မွေးထုတ်ပေးနိုင်တဲ့ မိခင်တွေကိုတော့ “စစ်ပွဲကိုအောင်နိုင်သူ” အဖြစ်တင်စားလိုသလို၊ မွေးဖွားလာတဲ့ ရင်သွေးငယ်တွေကိုတော့ “မီးလျှံတွေကြားကနေ မွေးဖွားလာသူ” တွေအဖြစ် ရှုမြင်မိပါတယ်။…
( ယခု ဆောင်းပါးထဲက ဖြစ်စဉ်ဟာ ယခုနှစ် ဧပြီလအတွင်းမှာ ဖြစ်ပွားခဲ့ပြီး ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက် ကေးဒူ ကိုယ်တိုင် ကားမောင်းပြီး ကူညီပို့ဆောင်ပေးခဲ့တဲ့ အဖြစ်အပျက်ကို ပြန်လည်ရေးသားတင်ဆက်ခြင်း ဖြစ်ပါတယ်။)