spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးရေးမလုပ်နိုင်တော့ပဲ စားဝတ်နေရေးအတွက် ပူပန်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့စဉ်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေတဲ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများသာမက ကျေးလက်နေ ပြည်သူများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်များထဲမှ တောင်သူများက စိုက်ပျိုးရာသီရောက်ပြီဖြစ်တဲ့အတွက် မိုးရာသီမှာ စိုက်ပျိုးရေးများ မလုပ်ရတော့ပဲ စားဝတ်နေရေးအတွက် အထူးစိုးရိမ်ပူပန်နေကြတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“ အခက်အခဲရှိတာပေါ့။ ဆန်စပါးလည်း စားစရာမရှိတော့ဘူး။ အဲလိုတွေဖြစ်ကုန်မှာ။ စိုက်ပျိုးတာလည်း မလုပ်ရတော့ဘူးဆို စားစရာလည်း မရှိတော့ဘူးလေ။” လို့ သူက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အပြင် တစ်မြို့နဲ့တစ်မြို့ ကူးလူးဆက်သွယ်သွားလာတဲ့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တံတားတွေ ဖျက်ဆီးခံရတဲ့အတွက် ကုန်ပစ္စည်း ပြတ်လပ်မှုတွေလည်း ကြုံနေရပါတယ်။

မြို့ပေါ်ရပ်ကွက်နေ တောင်သူလယ်သမားများမှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုံးဝ မလုပ်နိုင်တော့ပဲ ဖြစ်နေပါတယ်။ ကျေးလက်နေတောင်သူလယ်သမားများကတော့ အနည်းငယ် စိုက်ပျိုးမှုတွေ လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်နိုင်သေးတဲ့ တောင်သူများအတွက်လည်း ဒီဇယ်၊ မြေဩဇာ စတဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့ခက်ခဲတယ်လို့လည်း ဆိုပါတယ်။

“ အခက်အခဲကတော့ အများကြီးရှိတယ်။ ဒီဇယ်ကစပေါ့။ ထွန်ယက်ဖို့လိုတယ်လေ။ မြေဩဇာတွေဆိုရင်လည်း သွားယူစရာမရှိတော့ဘူးလေ။ ရှိလည်းမရှိတော့ဘူး။ သွားယူလို့လည်းမရတော့ဘူးဆိုတော့ အခက်အခဲတွေ အများကြီး ရှိတယ်။” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၁ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများကြောင့် တိုက်ပွဲပြင်းထန်ရာကနေ ပြည်သူများက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိ စစ်ဘေးရှောင် ပြည်သူများ တစ်သိန်းဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts