ကေးဒူ (ကန္တာရဝတီတိုင်း(မ်))
ကရင်နီပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းစစ်ရှောင်စခန်း တစ်နေရာမှာ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) မှ ပထမဆုံးအကြိမ် စစ်ဘေးရှောင်အတွက် စိတ်ပိုင်းဆိုင်ရာလျော့ချမှု နှစ်သိမ့်ဆွေးနွေးတဲ့ စကားဝိုင်းကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
စစ်ဘေးရှောင်ကာလအတွင်း စစ်ရှောင်တွေ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အဖြစ်အပျက်တွေကို အချင်းချင်း ပြန်လည်မျှဝေ ရင်ဖွင့်ကြတဲ့ စကားဝိုင်းတခု ဖြစ်တယ်လို့ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးပေးတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။
“ကျမတို့ လူကြီးတွေပဲ အဓိကထားတယ်။ လူကြီးထဲမှာမှ စစ်ရှောင်ကို ကျမတို့က အဓိက ဦးစားပေးတာပေါ့။ ဒီလိုမျိုးလုပ်ရတဲ့ ဟာခါကျတော့လည်း သူတို့က စစ်ရှောင်နေတဲ့ ခံစားချက် အချင်းချင်း ပြန်လည်ဖွင့်ဟကြတဲ့ အစီအစဥ်မျိုးပေါ့။ သူတို့ လက်ရှိမှာ ဘယ်လို ဖြစ်နေလည်း ဘယ်လိုခံစားနေရလည်း ဒီပြဿနာတွေကို သူတို့ ဘယ်လိုဖြေရှင်းခဲ့လည်းပေါ့။ သူတို့ မဖြေရှင်းနိုင်တဲ့ဟာဆို ဘယ်လိုလုပ်ကြလည်း ဆိုတဲ့ဟာကို သူတို့အချင်းချင်းပြန်လည်ပြီးတော့ ခံစားချက် ကိုမျှဝေတဲ့ဟာဖြစ်တယ်”လို့ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးပေးတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။
စကားဝိုင်းတခုကို တစ်ပတ်လျှင် (၁) ရက် အပတ်စဥ်တိုင်းပြုလုပ်ပေးပြီး (၆) ပတ်ထိ ကြာမြင့်မယ်လို့ သူကဆက်ပြောပါတယ်။ လူဦးရေ (၁၀) ယောက်ကနေ (၁၅) ယောက်ထိ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
စကားဝိုင်းတခု ပြီးမြောက်သွားတဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဘယ်နီဒဲတာ ကတော့ စစ်ရှောင်ကာလကြာတာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာခံစားနေရတယ်လို့ ဆိုပါတယ်။ စကားဝိုင်းတတ်မြောက်ပြီးသွားတဲ့အခါ ခံစားနေရတဲ့ ဝေဒနာကို ထိန်းသိမ်းနိုင်တဲ့အကြောင်းကို အခုလိုပြောပါတယ်။
“အဲဒီခံစားနေရတဲ့ ဝေဒနာ အားလုံးက စိတ်ကတော့ ခွဲခြားပြီးတော့ ထိန်းသိမ်းနိုင်တယ်။ စိတ်ပိုင်းအရာတွေ အားလုံးတွေက အကုန်လုံးတော့ ခြားနားပြီးတော့ ဆုံးဖြတ်နိုင်တယ်။ ဘေးကိုဖယ်ရှားနိုင်တယ်။ အဆိုးကနေ အကောင်း ဖြစ်လာသွားတယ်” လို့ ဒေါ်ဘယ်နီဒဲတာ က ပြောပါတယ်။
စစ်ဘေးရှောင်ကာလ ကြာလာတာနဲ့အမျှ သူတို့တွေရဲ့စိတ်က လမ်းစပျောက်လာပြီး ဝေဝါးနေတဲ့အဆင့်ထိ ရောက်ရှိနေပြီလို့ စကားဝိုင်းမှာပါဝင်ဆွေးနွေးပေးတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။
“လောလောဆယ် သူတို့က ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့အထိတော့ မရောက်သေးဘူး။ ဒါပေမယ့် လမ်းစပျောက်နေတယ်ပေါ့နော်။ ဘာမှကိုမသိတော့ဘူး။ ဝေဝါးနေတဲ့ အဆင့်ထိတော့ရောက်နေပြီပေါ့နော်။ တခုရှိတယ် သူတို့တွေက မနက်ဆိုပုံမှန်အတိုင်းပဲ ကျမတို့က ပုံမှန်စစ်ရှောင်တွေက ထိတွေ့နေပေမယ့်လည်း သူတို့ကိုကြည့်ရင် သူတို့ အဆင်ပြေနေတယ်။ ပျော်နေတယ်။ စကားပြောနေတယ်လို့ပဲ ကျမတို့က မြင်မိတယ်။ဒါက အပေါ်ပိုင်းပဲ သူတို့ မြင်တဲ့အမြင်။ ဒါပေမယ့် ထဲထဲဝင်ဝင် ဒီအစီအစဥ်လေး ပြုလုပ်လိုက်တော့ သူတို့တွေမှာ အရမ်းနဲ့ကို အနာဂတ်ပျောက်နေတာတို့ ငါက အသုံးမကျဘူး ငါဒီမှာနေတာ ဘာထူးလည်း ဆိုတဲ့ဟာတွေ တော်တော်ဖြစ်နေတာကို ကျမတို့ တွေ့ရတယ် “လို့ ဆရာမက ပြောပါတယ်။
ကရင်နီပြည် စစ်ဘေးရှောင် ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာကုစားတာ ဖြေလျော့တာနဲ့ ပက်သက်ပြီး လိုအပ်ချက်များစွာ ရှိနေတာကြောင့် ပိုမိုကောင်းတဲ့ အစီအစဥ်တွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။