ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ ထုတ်ပြန်ကြေငြာပြီးတဲ့နောက် KNDF ထံ ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပြောပါတယ်။
“ဥပဒေနဲ့ အတင်းအဓမ္မ ဖမ်းဆီး ပြန်ပေးဆွဲပြီး စစ်မှုထမ်းခိုင်းသော်ငြားလည်း ရှေ့တန်းမြေပြင်မှာ တော်လှန်ရေးဖက်ကို ဘက်ပြောင်းခိုလှုံလာတဲ့လူငယ်တွေက များပြားနေတယ်ပေါ့နော်။ ဆိုတော့ ဒါက စစ်ကောင်စီရဲ့ ဥပဒေက အလုပ်မဖြစ်ဘူးဆိုတာကို ကျနော်တို့ပြောလို့ရပါတယ်။ စစ်မှုထမ်းဥပဒေထုတ်ပြီးတဲ့နောက်မှာက အလင်းဝင်လာသူ ၁၀၀ ကျော်ရှိပါတယ်။” လို့ တာအယ်စိုးက ဆိုပါတယ်။
စစ်မှုထမ်း ဥပဒေကြောင့် အတင်းအဓမ္မ ဖမ်းဆီးခံရပြီး ရှေ့တန်းပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဖက်ကို ပူးပေါင်းပါဝင်လာသူတွေ ပိုများလာသလို ရှေ့တန်း တိုက်ပွဲတွေမှာ အကျအဆုံးလည်း များနေတယ်လို့ ဆိုပါတယ်။ ယခုနှစ် ၂၀၂၅ အတွင်း တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့ အသီးသီးထံ ဝင်ရောက်ခိုလှုံကြတဲ့ တပ်သားတွေ ပိုများလာတာလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း အတင်းအဓမ္မ စုဆောင်းခြင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ KNDF တပ်ရင်းအမှတ်(၉) ထံ ဝင်ရောက်ခိုလှုံတာရှိပါတယ်။
အဆိုပါ တပ်သားဟာ ဘောလခဲမြို့အခြေစိုက် ခမရ(၄၂၉)တပ်ရင်းကဖြစ်ပြီး MA – 11 သေနတ်တစ်လက် ၊ ကျည်ဘောက် ၃ ခု နဲ့ ခိုလှုံလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃လအတွင်း KNDF တပ်ရင်း ( ၉ ) ထံ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ဦးရှိတယ်လို့ သိရပါတယ်။
“ ၅ယောက်ရှိတာပေါ့နော်။ လက်ရှိထုတ်ပြန်ချက်က တစ်ယောက်က သူ့အသက် ၃၀ ရှိပြီပေါ့နော်။”လို့ KNDF တပ်ရင်း (၉) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လအတွင်းမှာ KNDF ထံကို ဘက်ပြောင်း ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ဒုအရာခံ ဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦးရှိတယ်လို့ KNDF ထုတ်ပြန်ထားတာရှိပါတယ်။
စစ်ကောင်စီလက်အောက်မှာ အတင်းအဓမ္မ စုဆောင်းခံနေရတဲ့သူတွေအပြင် တာဝန်ထမ်းဆောင်နေတဲ့တပ်သားအားလုံးကို ပြည်သူတွေနဲ့ ပူးပေါင်းဖို့ ၊ တော်လှန်ရေးတပ်ဖွဲ့ဖက် ဘက်ပြောင်းလာဖို့ ကြိုဆိုကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။