spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ စစ်ကောင်စီကိုအရေးယူဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အချက် ၄ ချက် IEC တောင်းဆို၊ ကမ္ဘာ့စစ်ခုံရုံးတွေမှာ တရားစွဲဆို အပြစ်ပေးနိုင်ဖို့ ကြိုးပမ်းသွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

စစ်ကောင်စီဟာ အရပ်သားတွေအပေါ် လေကြောင်းအသုံးပြု တိုက်ခိုက်မှု အပြင် အကြမ်းဖက်လုပ်ရပ်တွေကို နည်းလမ်းပေါင်းစုံ နဲ့ ကျူးလွန်နေတာကြောင့် ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ကရင်နီပြည်အပါအဝင် တစ်နိုင်ငံလုံးမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကင်းလွတ်ခွင့်မရရှိစေဘဲ ကမ္ဘာ့စစ်ခုံရုံးမှာ တရားစွဲအပြစ်ပေး အရေးယူနိုင်ဖို့လည်း ကြိုးပမ်းသွားမယ်လို့ IEC အတွင်းရေးမှူး – ၁ ဇူးပဒုမ္မာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“နိုင်ငံတကာစစ်ခုံရုံးတွေမှာ တရားရုံးတွေမှာ အပြစ်ပေးအရေးယူနိုင်ဖို့အတွက် လုပ်ငန်းစဉ်က ကျယ်ပြန့်တယ်။ အချိန်ကာလယူရတဲ့ ဟာမျိုးရှိတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ မှတ်တမ်းဝင်တာပေါ့ ဒေတာတွေကို သိမ်းဆည်းရမှာဖြစ်တယ်။ သက်သေ အထောက်အထားတွေကို စုဆောင်းရမယ့် ဟာတွေကတော့ အရေးကြီးတာပေါ့။ နောက်တခုက ကမ္ဘာ့စစ်ခုံရုံးတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဆိုတာက နိုင်ငံတကာရဲ့အမြင်မှာ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ လူသားမျိုးနွယ်ကို ပျက်စီးဆုံးရှုံးစေတဲ့ ပြစ်မှတ်ထားလုပ်ဆောင်နေတာဖြစ်တယ် ဆိုတာ မြင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မလို့ ကျမတို့ လုပ်ငန်းစဉ်အဆင့်ဆင့်တွေက အများကြီးရှိနိုင်ပါတယ်။” လို့ IEC အတွင်းရေးမှူး – ၁ ဇူးပဒုမ္မာက ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၉နာရီကျော်အချိန်မှာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက လအိကျေးရွာရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို ပေါင် ၅၀၀ နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ကျောင်းနေအရွယ်ကလေး ၊ အသက် ၄၀ ကျော် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး ၂၀ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ အလားတူ စစ်ကောင်စီဟာ စက်တင်ဘာလ ၄ ၊ ၅ ရက်တွေမှာ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူလည်းရှိခဲ့ပါတယ်။

“ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာ အဆိုးရွားကြီး လုပ်ရပ်တွေဖြစ်တယ်။ အထူးသဖြင့် အမျိုးသမီး နဲ့ ကလေးသူငယ် အများဆုံး နေထိုင်၊ တည်ရှိတဲ့ စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းတွေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာက လူသားမျိုးနွယ်စု လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ရာဇဝတ် ကျုးလွန်တာဖြစ်တယ်။ ဒီကျူးလွန်တဲ့ ပြစ်မှုကြီးက လုံးဝ(လုံးဝ) ကျေအေးပေးလို့မရတဲ့ (zero tolerance) ဖြစ်တယ်။ လူထုတော်လှန်ရေးကြီးပြီးသွားတဲ့တစ်ချိန်ကျရင် နိုင်ငံတကာဥပဒေနဲ့အညီ ပြစ်ဒဏ်တွေ ပြန်ပေးဆပ်စေရမယ်။” လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တွဲဖက်အတွင်းရေးမှူး – မူအန်းဂျလာ ကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်နီပြည်မှာ ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများ (UN Agencies)၊ ဥရောပအဖွဲ့ဝင် နိုင်ငံများ(EU)နှင့် အရှေ့တောင်အာရှိ အဖွဲ့ဝင် နိုင်ငံများ (ASEAN) တို့အား အချက် ၄ ချက်နဲ့ IEC က တောင်းဆိုထားပါတယ်။

(၁) အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်းတင်ပို့ရောင်းချမှုကို တင်းကြပ်စွာ ပိတ်ဆို့အရေးယူရန် ၊ (၂) လေကြောင်းရန်မှ တားဆီးနိုင်ရန်အတွက် လေယာဉ်ဆီများ တင်ပို့ရောင်းချပေးမှုကို လုံးဝရပ်တန့်ပေးသွားရန်၊ (၃) စစ်တပ်မှ ကျူးလွန်ခဲ့သည့် လူမျိုးပြုန်း၊ဆိတ်သုန်းစေသော စစ်ရာဇဝတ်မှုများအား ထိရောက်စွာ နိုင်ငံတကာစစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်၊ (၄) ကရင်နီပြည်သူများအပါအဝင် အတိဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများ အားလုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တိုးချဲ့ပံ့ပိုး ကူညီပေးသွားရန် စတဲ့အချက်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းတွေက ဖိအားပေးမှုတွေ ထိရောက်မှသာလျှင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ကျူးလွန်တဲ့လုပ်ရပ် လျော့နည်းလာမှာဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ပြောပါတယ်။

“ပြည်နယ်အနေအထား ကြည့်မယ်ဆိုရင်လည်း ရစရာလည်းမရှိတော့ဘူး။ တောင့်ခံနေတဲ့လူထုတွေကလည်း အထူးသဖြင့် ကလေးတွေဆိုလို့ရှိရင် ထိခိုက်ဒဏ်ရာရရှိတဲ့အပေါ်မှာ ကြိုးစားရုန်းကန်ပြီးတော့မှ စစ်ရှောင်နေရတဲ့ ပြည်သူလူထုကိုယ်စားအနေနဲ့ဆိုရင်တော့ ဆက်ပြီးတော့ ဒီထက်ဆိုးဝါးတဲ့အရာတွေလည်း မမြင်ချင်တော့ဘူးပေါ့နော။ သက်ဆိုင်ရာအစုအဖွဲ့တွေ သက်ဆိုင်ရာ နိုင်ငံတကာတွေ ဒီအပေါ်မှာ အရေးယူပြီး ဖြစ်ပျက်နေတဲ့ အနေအထားပေါ်မှာ အမြန်ဆုံး အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ဖို့ တွန်းလှန်ဖို့ ကန့်ကွက်ရှုံ့ချဖို့ ပိုပြီးတော့ လုပ်ဖို့လိုအပ်တယ်ဆိုတာမျိုးတော့ ထင်သာမြင်သာ တွေ့ရမယ်လို့ ထင်ပါတယ်။” လို့ မော်ဖရေမြာက ပြောပါတယ်။

IEC ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ဦးသေဆုံးခဲ့ပြီး လူဦးရေ ၄၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ လူသားတွေရဲ့ဘဝလုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်ကို လက်နက်ကိုင် ပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူများအား တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ IEC က ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts