spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရေးပဋိပက္ခကြားမှ စိတ်ဒဏ်ရာတွေကို အချင်းချင်းကုစားနေကြတဲ့ အမျိုးသမီးတွေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အစိမ်းရောင်တာလပတ်တွေမိုးထားတဲ့ တဲတခုအောက်မှာ လူလတ်ပိုင်းအရွယ် အမျိုးသမီး အယောက် (၃၀) ဝန်းကျင်ဟာ ဆပ်ပြာဖျော်သူက ဖျော်၊ ချည်ထိုးသူက ထိုးနဲ့ ကိုယ်စီအလုပ်ရှုပ်နေကြပါတယ်။

သူတို့တွေကတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုက စစ်ရှောင်အမျိုးသမီး တွေဖြစ်ကြပြီး အသက် ၃၀ နဲ့ ၄၀ အရွယ်တွေရှိကြတဲ့ မိခင်တွေဖြစ်ပါတယ်။

စစ်ရှောင်စခန်းထဲက အမျိုးသမီးတွေကို စုပြီး ဆပ်ပြာဖျော်တဲ့ နည်းလမ်းတွေ၊ ချည်ထိုးတဲ့ ပညာတွေကို အချင်းချင်းပြန်လည်ပို့ချပေးနေတာပါ။ ဒီလိုလုပ်ချင်းအားဖြင့် စစ်ရှောင်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ခနတာ ပြေပျောက်သွားစေတယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာတွေ စိတ်ဖိစီးမှုတွေကို သူတို့ဘယ်လိုရင်ဖွင့်ထုတ်မလဲ ပြီးတော့ သူတို့ဘယ်လိုအကူညီရယူမလဲ သူတို့ဘယ်လိုကုစားမလဲပေါ့ အဲ့ဒါတွေကိုရည်ရွယ်ပြီးမှ ဖွင့်ခြင်းဖြစ်တယ်ပေါ့”လို့ သင်တန်းပို့ချပေးသူ စစ်ရှောင်အမျိုးသမီးမှ မိကျဲက ပြောပါတယ်။

ဒါ့အပြင် ဒီလိုနည်းပညာတွေရလာတဲ့အခါ မိသားစုအတွက် အိမ်တွင်းသုံး ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်လုပ်လာနိုင်တာကြောင့် ကုန်ကျစရိတ်သက်သာတယ်လို့ သင်တန်းပေးတဲ့ အမျိုးသမီးအဖွဲ့မှ မိကျဲက ဆက်ပြောပါတယ်။

ကရင်နီပြည်က အိမ်ထောင်သည် စစ်ရှောင် အမျိုးသမီးတွေက နှစ်နှစ်ကျော်အတွင်း စိတ်ဖိစီးမှုဒဏ်ကိုအများဆုံးကြုံတွေ့နေရတာဖြစ်ပါတယ်။

တောင်ယာမစိုက်ပျိုးတော့တဲ့ ကရင်နီစစ်ရှောင်တွေဟာ ဝင်ငွေရ အလုပ်အကိုင်လည်းရှိမနေတော့ပါဘူး။ တရွေ့ရွေ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေနဲ့ ပဋိပက္ခဒေသမှာ ပိုမိုခက်ခဲလာတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြား စားဝတ်ရေးကျပ်တည်းမှုက စစ်ရှောင်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။

စစ်ရှောင်အမျိုးသမီးတွေအတွက် ချည်ထိုးသင်တန်းပို့ချပေးနေမှု။

ဒီလိုစားဝတ်နေရေးပြဿနာတွေကို ရှောင်လွှဲလို့မရတဲ့ စစ်ရှောင်အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အခုလိုသင်တန်းပို့ချပေးတာက မီးဖိုချောင်အသုံးစရိတ်ကို များစွာအထောက်အကူပြုစေတယ်လို့ သင်တန်းတက်ရောက်သူ ကလေးနှစ်ဦးရဲမိခင် ဒေါ်မူဒေးက ပြောပါတယ်။

“အများကြီးသက်သာသွားတယ်ပေါ့။ ဝယ်စရာမလိုတော့တဲ့အတွက်ကြောင့်မို့လို့ ကိုယ်တိုင်ဖျော်တဲ့ဟာနဲ့ သုံးတော့ ပိုအဆင်ပြေတယ်။” လို့ ဒေါ်မူဒေးက ပြောပါတယ်။

ဒီလို အိမ်တွင်းတနိုင်တပိုင်ထုတ်လုပ်နိုင်တဲ့ ပညာတွေကို တတ်ထားခြင်းအားဖြင့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ များစွာအကျိုးရှိစေပြီး နောင် တချိန်မှာလည်း အသက်မွေးဝမ်းကြောင်းပညာကို ပြန်လည်အသုံးပြုလို့ရနိုင်ပါတယ်။

“ အိမ်မှာနေတော့ အလုပ်အကိုင်မရှိဘူးဆိုတော့ ဒီစစ်ရေးကာလနဲ့ဆိုတော့ ဝမ်းနည်းတယ်ပေါ့နော။ ကိုယ့်အိုးအိမ်စွန့်ရတယ်ဆို‌တော့ စိတ်မကောင်းဘူးပေါ့နော်။ ဒီလိုသင်တန်းကျတော့ စိတ်‌ဖြေမှုလည်းဖြစ်တယ်။နောက်ပြီးမှ နည်းပညာလည်းရတယ်ပေါ့နော်။ပြီးတော့ အများနဲ့လုပ်တော့ ပျော်ရွှင်မှုတွေရရှိပါတယ်။” လို့ သင်တန်းတက်ရောက်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေက စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေကိုကုစားဖို့ စိတ်ဒဏ်ရာကုစားနည်းသင်တန်းတွေနဲ့ ဒီလို အိမ်တွင်းမှု လုပ်ငန်းတွေကို ပို့ချပေးနေပါတယ်။

စစ်ရှောင်အမျိုးသမီးတွေအတွက် ချည်ထိုးသင်တန်းပို့ချပေးနေမှု။

အရပ်ဖက်အဖွဲ့အစည်းကနေ လာရောက်ပို့ချတဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားနည်းသင်တန်းကို တက်ရောက်ခဲ့တဲ့ ကလေးနှစ်ယောက်ရဲ့မိခင် ဒေါ်မူနန်းကတော့ စစ်ပွဲဒဏ်ကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ သူမရဲ့ သားသမီးတွေအတွက် ပြန်လည်ကုစားနိုင်ခဲ့တယ်လို့ ဆိုလာပါတယ်။

နှလုံးရောဂါအခံရှိတဲ့ သူမရဲ့ သမီးငယ်လေးတွက် သင်တန်းမှာ ပို့ချခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာကုသနည်းတွေကို အသုံးပြုပြီး လက်တွေ့အသုံးချနိုင်ခဲ့တယ်လို့ အခုလိုပြောပါတယ်။

“ညသန်းခေါင်ဆို ထပြီးဖောက်တယ်။ ငိုတယ်။ ငိုပြီးမတိတ်နိုင်တဲ့အခါ ကျမသူ့ကို ဘာလုပ်ပေးလဲဆိုတော့ ကျမသူ့ကို ဆုတောင်းပေးမယ်၊ သီချင်းဆိုပေးတဲ့အခါမှာ သူ့ရဲ့ကျောကုန်းပေါ်မှာ ကျမ ပွတ်သပ်ပေးလိုက်တဲ့အခါမှာ အခုဆို သူ့အသက် ၁၁ နှစ်ရှိပြီ သူ့ခံစားရတဲ့ ရောဂါသက်သာသွားတာကို ကျမတွေ့ရတယ်” လို့ပြောပါတယ်။

ဒေါ်မူနန်းကိုယ်တိုင်ခံစားရတဲ့ နေ့စဉ်ငြီးငွေ့ဖွယ်ကောင်းလှတဲ့ စစ်ရှောင်စခန်းပတ်ဝန်းကျင်၊ စိတ်ဖိစီးမှု ဒဏ်တွေကိုလည်း တခြားသူကိုရင်ဖွင့်လာနိုင်သလို သူမကိုယ်တိုင်လည်း ဘဝတူ စစ်ရှောင်တွေရဲ့ ရင်ဖွင့်သံကို နားထောင်ပေးပြီး အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေမှာ သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာနေထိုင်နေရတဲ့ မိခင်တွေဟာ သားသမီးရှေ့ရေး ၊ မိသားစုရဲ့လုံခြုံရေး၊ စားဝတ်နေရေး နဲ့ ဝင်ငွေမရှိတဲ့ပြဿနာ စတဲ့ ဖိအားပေါင်းစုံ ကို ခါးစည်းခံနေကြရတာပါ။ ဒါကြောင့် မိသားစုတစု အေးချမ်းဖို့ မိခင်ဖြစ်သူမှာ တာဝန်ပိုပိစေပြီး သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ ပိုမိုလိုအပ်နေတယ်လို့ စစ်ရှောင်ကော်မတီတဦးက ပြောပါတယ်။

“သူတို့ပဲထမင်းတွေဘာတွေချက်ပြုတ်ရတယ်။ ဟင်းမှာအခက်အခဲရှိလား ထမင်းမှာလိုအပ်ချက်ရှိလား။ ဒါ့အပြင် ကလေးတွေရဲ့ အကြိုက်တွေကို လိုက်လျောညီထွေမှုတွေကို လိုက်လုပ်ပေးရသေးတယ်။ အိမ်ထောင်စုရဲ့ ပျော်ရွှင်မှုကို ဖန်တီးတဲ့နေရာမှာလည်း အဓိက အမျိုးသမီးကျတာပေါ့နော်” လို့ သူက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ ပြောကြားချက်အရ ကရင်နီပြည်က စစ်ဘေးရှောင် နှစ်သိန်းခွဲ ထဲမှာ ၇၅ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။

ကရင်နီလူထုတွေဟာ စစ်ရှောင်ကာလ ၃ နှစ်နီးပါးအတွင်း စစ်ဘေးစစ်ဒဏ်အပါအဝင် တခြားသော အခက်အခဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေကို လူတိုင်း ခံစားလာရတယ်လို့ စိတ်ဒဏ်ရာကျန်းမာဖို့ သင်တန်းပို့ချပေးတဲ့ ဆရာမပန်းစိန်က ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတွေအတွက် ဆပ်ပြာပြုလုပ်မှုသင်တန်းပို့ချပေးနေမှု။

သင်တန်းပို့ချပြီးနောက်မှာတော့ မိမိကိုယ်တိုင်အတွက် သာမက တခြားသူအတွက်ပါ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို နားလည်သဘောပေါက်ပြီး အချင်းချင်း အပြန်အလှန်ဖေးမမှုတွေ ရှိလာတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

“စိတ်ဒဏ်ရာကို ခန္ဓာဒဏ်ရာလိုမျိုး အချိန်မပေးဘဲနဲ့ ကုသဖို့ လိုအပ်တယ်။ သူတို့ဂရုမစိုက်တဲ့အတွက်ကြောင့် သူတို့စိတ်ဒဏ်ရာက အများကြီးများလာပြီးတော့မှ ဒီလိုမျိုးဆက်နေတယ်ဆို အကျိုးဆက်က အရမ်းကိုဆိုးသွားတယ်။” လို့ ဆရာမ ပန်းစိန်က ပြောပါတယ်။

လက်ရှိအချိန်မှာ ကုသနည်းတွေကို မျှဝေကြပြီး ကလေးတွေရဲ့ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို သက်သာလာနိုင်မယ်လို့ ယုံကြည်နေသူကတော့ ဒေါ်မူနန်းပဲဖြစ်ပြီး မိခင်တွေကိုလည်း အချင်းချင်းမျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“မိခင်တိုင်းတွေသိရှိဖို့ အခုတက်သင့်တယ် ကလေးတွေလည်း စိတ်ဒဏ်ရာမရဘဲနဲ့ ဒီပွင့်လင်းနဲ့အရာတွေ သင်တန်းတွေကိုရရှိမယ်ဆိုရင် သူတို့အသက်တာတွေက တဖြည်းဖြည်းပြောင်းလဲပြီးမှ စိတ်ပျော်ရွှင်ခြင်းရသွားမယ်။ ငြိမ်သက်ခြင်းရသွားမယ်ဆိုတာ ယုံကြည်တယ်”

spot_img
spot_img
spot_img

Recent posts