spot_imgspot_imgspot_imgspot_img
Saturday, September 14, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းက HIV ပိုးရှိသူတွေ ဆေးရရှိဖို့ပိုမိုခက်ခဲလာ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

လတလရဲ့ ၁၅ ရက်ကို ကျော်လွန်လာပြီဆိုတာနဲ့ မူဂရေ့စ် (နာမည်လွှဲ)တယောက် စိုးရိမ်ပူပန်သောက စိတ်တွေ အမြင့်ဆုံးအနေအထားသို့ ရောက်နေမြဲပါ။

အကြောင်းရင်းက သူမတို့တမိသားစုလုံး ကိုယ်ခံစွမ်းအားကျ ကူးစက်ရောဂါပိုး (HIV) ရှိနေကြပြီး ART ထိန်းဆေးကို မှီဝဲနေရတာ ဖြစ်ပါတယ်။ (ART ဆေးဟာ HIV ပိုးကို ပျောက်ကင်း အောင် မကုသနိုင်ပေမဲ့ လူရဲ့ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီး အခြားရောဂါပိုးများကို တိုက်ဖျက်ရာမှာ ကူညီပေးတာဖြစ်ပါတယ်။ HIV ပိုးရှိနေသူတွေ ရေရှည်မှီဝဲရတဲ့ ဆေးဖြစ်ပါတယ်။)

မြန်မာနိုင်ငံမှာ ART ဆေးကို အစိုးရဆေးရုံတွေမှာသာ ရနိုင်ပြီး ဆေးရုံစာအုပ်နဲ့ ရောဂါခံစားရသူကိုယ်တိုင် သွားရောက်ထုတ်ယူမှသာ ရတာပါ။

အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO,INGO) တွေမှာ ART လို ထိန်းဆေးတွေ ပေးတာရှိပေမဲ့ မူဂရေ့စ်တို့လို ကရင်နီက HIV ပိုး ခံစားရသူတွေ လက်လှမ်းမမီနိုင်ခဲ့ပါဘူး။

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ဆင်နွဲခဲ့တဲ့ ၁ လေးလုံး စစ်ဆင်ရေးကစလို့ မူဂရေ့စ် တို့မိသားစုဟာ လွိုင်ကော်မြို့ကို စွန့်ခွာပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းတနေရာကို စစ်ရှောင်ခဲ့ပါတယ်။

တောင်ကြီး​ဆေးရုံတွင်​​ ဆေး​သောက်​နေရတဲ့က​လေး​တွေ ဆေးယူဖို့​စောင့်ဆိုင်း​နေရတဲ့အချိန်

စစ်တခါရှောင်ဖို့ဆိုတာ ဒုက္ခပေါင်း မြောက်များစွာ ရှိနေတာမို့ ကျန်းမာရေးကောင်းမွန်တဲ့ မိသားစုတွေတောင် ခက်ခဲနေကြပြီး ART ဆေးသောက်နေရတဲ့ မူဂရေ့စ်တို့အဖို့ ပိုခက်ခဲပါတယ်။

“တော်တော်လေးကို ဒုက္ခရောက်တယ် ဒီဆေးနဲ့ပတ်သက်ရင်။ အစ်မတို့ဆို တအားပူပင်သောက များတယ်။ စိတ်ဒုက္ခများတယ်။” လို့ မူဂရေ့စ်က ပြောပါတယ်။

HIV ပိုးရှိနေတဲ့အတွက် မူဂရေ့စ်တယောက် ခွဲခြားဆက်ဆံခံရနိုင်တယ် ဆိုတဲ့ကြားကပဲ သူမတို့ မိသားစုတစုလုံး ART ဆေးမှီဝဲရတယ်ဆိုတာ သူမတို့နဲ့ အတူနေထိုင်တဲ့ စစ်ရှောင်စခန်း တခုလုံးကို ပြောပြထားပါတယ်။
ဒီလိုပြောပြတယ် ဆိုတာကလည်း တခြားစစ်ရှောင်တွေ ဂရုစိုက်နိုင်ဖို့နဲ့ HIV ပိုး မပြန့်ပွားဖို့ ဆိုတဲ့ သူမရဲ့ စာနာစိတ်တွေပါတဲ့။

အသက် ၄၈ နှစ်အရွယ် မူဂရေ့စ်ဟာ ခင်ပွန်း၊ အသက် ၁၉ နှစ်အရွယ် သမီးနဲ့ ၁၇ နှစ်အရွယ်သား၊ စုစုပေါင်း မိသားစုဝင် ၄ ဦးတို့ စစ်ရှောင်စခန်း မှာ နေထိုင်တာ ၉ လ ကျော်နေပါပြီ။

လွိုင်ကော်ဇာတိဖြစ်တဲ့ မူဂရေ့စ်တို့မိသားစုဟာ စစ်မရှောင်ခင်အထိတော့ ART ဆေးကို ထုတ်ယူဖို့ လွယ်ကူခဲ့ပေမဲ့ စစ်ရှောင်ပြီးသကာလ ဆေးရဖို့ဆိုတာ အသက်နဲ့ ရင်းရပါတော့တယ်။

လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတာက တကြောင်း၊ ယာဉ်ငှားခဈေးကြီးတာက တဖုံ သွားတဲ့လမ်း ခရီးတလျှောက် တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဒီးမော့ဆို အနောက်ခြမ်းကနေ တောင်ကြီးမြို့က အစိုးရဆေးရုံကို သွားဖို့ဆိုတာ အတော်လေး ခက်ခဲနေပါတယ်။

“အဓိကတော့ ဒီကနေထွက်ဖို့ လိုင်းကားမရှိတာက အခက်အခဲ။ ပြီးလိုင်းကားရှိတယ် ဆိုတောင်မှ ကားခ အရမ်း ဈေးကြီးတယ်။ ကားခတွေ အရမ်းဈေးကြီးခါကျတော့ မသွားနိုင်ဘူးပေါ့နော။ စရိတ်ကမတတ်နိုင်တာ အဲဒါတွေ လည်း အခက်အခဲရှိတယ်။ ပြီးတဲ့ခါကျတော့ လမ်းခရီးသွားလာရတာ အစစ်အဆေးတွေ အရမ်းများတော့ ဆေး တခါရဖို့ဆို အခက်အခဲအရမ်းများတယ်။” လို့ သူမက ပြောပါတယ်။

တောင်ကြီးအထိ ခရီးသည်တဦးအတွက် ယာဉ်ငှားခဟာ ကျပ်တသိန်း ရှိပါတယ်။ ဆေးရုံမှာ ဆေးကို အခမဲ့ထုတ်ယူရပေမယ့် တခါသွားရင် ၃ လစာအထိပဲ ထုတ်ခွင့်ရှိတာပါ။

စစ်ရှောင်ရင်း ဝင်ငွေရအလုပ်အကိုင်မရှိလို့ စုမိဆောင်းမိတာတွေကို ရောင်းချရတာရှိသလို မိဘအသိုင်း အဝိုင်းဆီကနေ ခရီးစရိတ်တောင်းရတာမျိုးလည်းရှိပါတယ်။

“ဒီလိုပဲ မျက်နှာငယ်ခံပြီးတော့မှ။ ဆေးကလည်း ပြတ်လို့မရဘူးလေး။ အပြတ်လည်းမခံဘူးဆိုတဲ့ခါကျတော့ အကျိုးအကြောင်းတွေပြောပြပြီးတော့ သူတို့ကို အကူအညီ လိုက်တောင်းတယ်” လို့ မူဂရေ့စ်က အားငယ်စွာ ပြောပြလာပါတယ်။

ခရီးစရိတ် မတတ်နိုင်တဲ့အခါမျိုးတွေမှာ မိသားစု ၄ ယောက်ထဲမှာမှ ၂ ယောက်ခွဲပြီး ဆေးထုတ်ဖို့ သွားခဲ့ရတာလည်း ရှိပါတယ်။

ခရစ်ယာန် သီလရှင် Sr. ဟယ်လင်ကတော့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းတနေရာမှာ စစ်ရှောင်ရင်း HIV ပိုး ခံစားနေရတဲ့ ကလေးငယ် ၃ ဦးကို စောင့်ရှောက်ထားတာပါ။

ကလေးငယ်တွေ ART ဆေးမပြတ်ဖို့ သူမဟာ ရတဲ့နည်းလမ်းနဲ့ မူဂရေ့စ်လိုပဲ တောင်ကြီးအထိ ဆေးသွားယူပေး နေရပါတယ်။

အာဏာမသိမ်းခင် Sr. ဟယ်လင်ဟာ HIV ပိုး ခံစားရသူတွေကို အဖွဲ့လိုက် စုဖွဲ့ထားပြီး counselling (နှစ်သိမ့်ဆွေးနွေးခြင်း) လုပ်ပေးခဲ့သူပါ။ သူမရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့သူ တချို့ကိုလည်း တတ်နိုင်သလောက် ငွေသားတွေကို ထောက်ပံ့နေပါတယ်။

ဖုန်း၊ အင်တာနက်လိုင်းတွေ ခက်ခဲတာကြောင့် ယခင် လူဦးရေ ၁၀၀ ဝန်းကျင် ထောက်ပံ့ပေးနိုင်ပေမယ့် လက်ရှိမှာတော့ လူဦးရေ ၃၀ ဝန်းကျင်သာ သူမနဲ့ အဆက်အသွယ်ရတယ်လို့ ဆိုပါတယ်။

“လောလောဆယ်ထိလည်း ၃ယောက်၊ ၄ယောက်က ကျမကိုပြောတယ်လေး။ အဲဒါ ဆေးမရတော့ဘူး ဘယ်လိုလုပ်ရမလဲတဲ့ အဲလိုမျိုးပြောတယ်။ ကျမလည်း လောလောဆယ် အဆက်အသွယ်လည်း မရ တော့ဘူးဆိုတော့ မတတ်နိုင်တော့ဘူးပေါ့နော။” လို့ Sr. ဟယ်လင်က ပြောပါတယ်။

HIV ပိုး ရှိသူဟာ ကုသမှုပြတ်တောက်သွားရင် ဆေးဝါးတွေရဲ့ အကျိုးအာနိသင်အပေါ် ထိခိုက်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ HIV ပိုး ဟာဆေးယဉ်ပါးမှုဖြစ်လာပြီး ကုသမှုကို ပိုမိုခက်ခဲလာစေပါတယ်။ ဆေးယဉ်ပါးမှုလျှော့ချဖို့ ကုသမှု မှန်မှန် ခံယူရမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ရောဂါထိန်းဆေးမှီဝဲရတာနဲ့ ပတ်သက်ပြီး အသိပေးထုတ်ပြန်ထားပါတယ်။

ဒါတွေအပြင် ကိုယ်ခံစွမ်းအားကျ ကူးစက်ရောဂါပိုး (HIV)ကို မကုသဘဲ(ထိန်းဆေးတွေ ပုံမှန်မမှီဝဲဘဲ) နေရင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကို ဖြစ်စေနိုင်ပြီး အသက်ဆုံး ရှုံးသွားနိုင်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီမှာ ART ဆေးပြတ်တောက်သွားတဲ့အတွက် အသက်မဆုံရှုံးသင့်ဘဲ ဆုံးရှုံးလိုက်ရတဲ့ HIV ပိုးရှိသူ နှစ်ဦးရှိနေပါတယ်။

“အသက်ကတော့ ၄၀ ပတ်ဝန်းကျင်ပေါ့နော။ တယောက်ကတော့ ကျားပေါ့၊ နောက်တယောက် အမျိုးသမီးတယောက်ကတော့ သူကလည်း ပေါ့ဆတာပါ။ ပေါ့ဆတာဆိုတာ တခြားရောဂါလည်း ဝင်တာပေါ့နော၊ ဆေးမသောက်တာ ဆေးပုံမှန်မသောက်တာ။” လို့ Sr. ဟယ်လင်က ပြောပြပါတယ်။

အာဏာမသိမ်းခင်အထိ ကရင်နီတပြည်နယ်လုံး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ART ဆေး ရေရှည်မှီဝဲနေရသူ ၅၀၀ ဦး နဲ့အထက်မှာ ရှိတယ်လို့ HIV အရေး ကူညီဆောင်ရွက်ပေးတဲ့ ခရစ်ယာန်သီလရှင် Sr. ဟယ်လင်က ပြောပါတယ်။

အဲဒီ ၅၀၀ ကျော်ထဲမှ ၃ ပုံမှာ တပုံဟာ ကရင်နီပြည်တွင်းတိုက်ပွဲတွေကြောင့် လွိုင်ကော် အရှေ့ခြမ်းနဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေကိုရောက်ရှိသွားပြီး ART ဆေးကို လက်လှမ်းမမီနိုင်တော့ပါဘူး။

စစ်ရှောင်အများစု နေထိုင်ကြတဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဒီလို ART ဆေးပြတ်လတ်မှုတွေက HIV ကူးစက်မှုများလာနိုင်တယ်လို့ မူဂရေ့စ်က သူမရဲ့အမြင်ကို ပြောလာပါတယ်။

“ဆေးတွေယဉ်ပါးလာတယ်ဆိုတဲ့ခါကျတော့ ဆေးယဉ်ပါးလာရင် ကူးစက်မှုနှုန်းလည်း ပိုများ တယ်လေး။ အဲတော့သူ့မှာကိုယ့်မှာ HIVရှိလားမရှိလားလည်း မသိနိုင်တော့ဘူးလေး။ မသိနိုင်တဲ့ခါကျတော့လေး လူတွေက တစု တရုံးနဲ့ဆိုတော့ အန္တရာယ်ဖြစ်ဖို့များတယ်လို့ အစ်မကတော့ ထင်တယ်။ ” လို့ မူဂရေ့စ် ပြောပါတယ်။

HIV ပိုးရှိသူနဲ့ အတူ နေထိုင်စားသောက်သွားလာတာဟာ HIV ပိုး မကူးစက်နိုင်ပါဘူး။ ဒါပေမဲ့ HIV ပိုး ရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်တွေမျှဝေသုံးစွဲတာ၊ HIV ပိုး ရှိသူရဲ့ သွေးကို သွင်းမိတာ၊ HIV ပိုး ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်မှ တဆင့် သန္ဓေသားကို ကူးစက်တာ စသဖြင့် ပိုးကူးစက်နိုင်ပါတယ်။

စစ်ရှောင်စခန်းမှာ HIV ပိုးခံစားရတဲ့ ကလေးတွေနဲ့အတူ သူငယ်ချင်းတွေ ကစားနေကြတာကို မြင်ရစဉ်

လက်ရှိမှာတော့ HIV ပိုး AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ မလုပ်ဆောင်နိုင်သေးပေမဲ့ နောက်ပိုင်းတွေမှာ လုပ်ဖို့ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကျန်းမာရေးဌာနမှ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။

ဒါတွေအပြင် ART ဆေးလိုမျိုး HIV ပိုးထိန်းဆေးတွေဟာ နိုင်ငံတော်ရဲ့ အစီအမံ၊ အစိုးရတရပ်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု စတဲ့ သဘောတူညီမှုတွေနဲ့သာ နိုင်ငံတကာမှာ ဆေးကိုရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီဆေးတွေကလည်း ဆေးဆိုင်တွေမှာ ရိုးရိုးဆေးဆိုင်တွေမှာ သွားဝယ်လို့မရဘူး။ ဆေးရုံတွေ ဘာတွေနဲ့ချိတ်မှ ဝယ်လို့ရတယ်။ သူတို့က စစ်ဆေးမှုပေါ်မူတည်ပြီး လူနာကိုဆေးတလုံးလား၊ တခြမ်းဆို သူတို့အဲလိုမျိုးအမြဲ လစဉ်လစဉ်သူတို့ချိန်းပြီး လုပ်နေရတော့လေး အလုပ်လည်း နည်းနည်းများတယ်။ လုပ်ရမယ့် လုပ်ထုံးလုပ် နည်းတွေလည်း ရှိတယ်ပေါ့” လို့ ခွန်းဖိလစ်က ပြောပါတယ်။

လက်ရှိ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကျန်းမာရေးဌာကနေ HIV ပိုး ရှိနေသူ ၃၀ ဦးကို ပိုးထိန်းဆေးပေး နေတာရှိပါတယ်။ ဒီ ၃၀ ဦးဟာ အာဏာသိမ်းစ ၂၀၂၁ ခုနှစ်က လူနာတွေဖြစ်ပြီး တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ HIV ပိုးရှိသူတွေ ဒီထက်များ နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မူဂရေ့စ်ကတော့ HIV ပိုးရှိနေသူတွေအတွက် သူမရေရှည်မှီဝဲနေရတဲ့ ART ထိန်းဆေးတွေ မရနိုင်ရင်တောင် ဆေးကိုသွားရောက်ယူနိုင်ဖို့ ခရီးစရိတ်ကို ထောက်ပံ့ပေးနိုင်မယ့် အဖွဲ့အစည်းတခုခုကို မျှော်လင့်နေပါတယ်။

“အခုဆေးယူရတာ အရမ်းခက်ခဲကြတယ်ပေါ့နော။ အစ်မလိုက်မေးကြည့်တာ သူငယ်ချင်းတွေ ကိုယ်နဲ့ ချိတ်ဆက်လို့ရတဲ့လူတွေဆိုလို့ရှိရင် ကားခတွေအရမ်းဈေးကြီးတော့ မတတ်နိုင်ကြဘူး။ မတတ်နိုင် ကြတဲ့ခါကျတော့ သူတို့ ART ဆေးသွားထုတ်ဖို့ ခရီးစရိတ်လေးတွေ အဲလိုမျိုးလေးတွေ ထောက်ပံ့ ပေးတဲ့အဖွဲ့အစည်းလေးတွေ ရှိမယ်၊ ကူညီချိတ်ဆက်ပေးတဲ့ သူလေးတွေရှိမယ် အဲလိုမျိုးပေါ့နော ဆိုလို့ရှိရင်တော့ မဆိုးဘူးထင်တယ်ပေါ့။”

spot_img
spot_img

Recent posts