spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွင်းက “လောက၏အလင်း” ဘော်ဒါဆောင်

ကန္တာရဝတီတိုင်း ( မ် )

( အလုပ်သင်ဝန်ထမ်း ခူးဈားရယ်၊ မော်ဆော်မိုး၊ သူရကျော် ပူးပေါင်းတင်ဆက်ထားသည်။)

စစ်ရှောင်စခန်းအဝင်လမ်းမှာ တောင်ကျချောင်းလေးကိုဖြတ်ပြီး ဝါးတွေနဲ့ ထိုးထားတဲ့ တံတားလေးရဲ့ မုဒ်ဦးမှာ “Light of the world boarding house” လို့ ရေးထားတဲ့ စာတန်းလေးကို တွေ့ရပါတယ်။

အထက်ပါစာတန်းလေးက ဘော်ဒါဆောင်တခုရဲ့ နာမည် ဖြစ်ပါတယ်။ ထိုင်း-ကရင်နီ နယ်စပ်တနေရာက စစ်ရှောင်စခန်း တခု မှာပါ။

လောက၏အလင်း (light of the world) လို့ အဓိပ္ပါယ်ရတဲ့ ဒီဘော်ဒါဆောင်ကို ဖွင့်လှစ်ထားတာ ၃ နှစ် ရှိပါပြီ။ အာဏာသိမ်းပြီး တစ်နှစ်လောက်အကြာမှာ ဖွင့်လှစ်ခဲ့တာပါ။ ဒီဘော်ဒါဆောင်မှာတော့ ကရင်နီပြည်တွင်းက မြို့နယ်အသီးသီးကနေ စစ်ရှောင်ရင်း ရောက်ရှိလာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ နေထိုင်ကြတာပါ။

နေရပ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှု၊ တော်လှန်ရေးတပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာကြတဲ့ ကရင်နီစစ်ရှောင် ကျောင်းသားတွေ ခိုနားတဲ့ နေရာတခုပါ။

အထူးသဖြင့် မိဘဆွေမျိုး မရှိသူတွေ၊ ပညာသင်ကြားရေးအတွက် ငွေကြေးမတတ်နိုင်သူတွေကို ဦးစားပေး ခေါ်ယူထားတာ ဖြစ်ပါတယ်။

“ကျနော်တို့ ကရင်နီလူမျိုးထဲမှာ ပညာရေးတစ်ဖက်တစ်လမ်းကနေ မရပ်တန့်အောင်ရောက်လာတဲ့ ကျနော်တို့ ခက်ခဲတဲ့လူတွေ တော်တော်များများ ရှိတယ်ပေါ့နော။ ဒီကိုအခြေအနေအမျိုးမျိုးကြောင့် ရောက်လာတဲ့လူတွေကို အဓိကရည်ရွယ်ပြီးတော့ လက်ခံထားပြီးတော့ သူတို့ရဲ့အနာဂတ်အတွက် ပညာရေး ဆက်လက်သင်ကြားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။” လို့ စစ်ရှောင်စခန်းအတွင်းမှာ မျိုးစုံသော အခက်အခဲတွေကြားက ဘော်ဒါဆောင်ဖွင့်လှစ်ထားဖြစ်ခဲ့ပုံကို ဘော်ဒါအုပ် ခူးမီရယ် က ပြောပြပါတယ်။

ဘော်ဒါဆောင်မှာတော့ အလယ်တန်း နဲ့ အထက်တန်း တက်နေတဲ့ ကျောင်းသား ၅၆ ဦး ရှိပါတယ်။

လေတိုးနေတဲ့ ဝါးထံရံ၊ ဖက်အမိုး၊ မိုးကာ(တာလပတ်) နဲ့ ဝါးလုံးတွေကို အသုံးပြုဆောက်လုပ်ထားတဲ့ ယိုင်နဲ့နဲ့ တဲအိမ်တွေမှာ နေထိုင်ကြတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ အသိပညာတွေ ယိုင်နဲ့မသွားအောင်၊ အသိပညာနဲ့ အတွေးအခေါ်တွေ တိမ်းပါးမသွားအောင် ပညာကို ကြိုးစားသင်ယူနေကြသူတွေ ချည်းပါပဲ။

အဲ့ဒီထဲမှာ အသက် ၁၉ နှစ် အရွယ် ၁၀ တန်းကျောင်းသူ ဖြစ်တဲ့ မော်ထွေးမြာ လည်း အပါအဝင်ပါ။

သူမတို့ နေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်ကကျေးရွာကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတာကို ခံခဲ့ရပါတယ်။အဲဒီနောက် ရွာကိုစွန့်ခွာ ထွက်ပြေးခဲ့ရာကနေ သူမရဲ့ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်နိုင်ဖို့ မိဘတွေမပါဘဲ တခြားသော မိတ်ဆွေတွေနဲ့ အတူ ခြေလျင်ခရီး ထွက်လာခဲ့တာပါ။

ခုတော့ “ လောက၏အလင်း “ ဘော်ဒါဆောင်မှာ နေထိုင်ပြီး ပညာရေးခရီးကို မှန်မှန် လျှောက်လှမ်းနေပါတယ်။

“အရင်တုန်းကဆို ကျောင်းဆရာမတစ်ဦး သိပ်ပြီးတော့ဖြစ်ချင်တယ်။ စစ်အာဏာသိမ်းလိုက်တဲ့ အတွက်ကြောင့်မို့ မျှော်လင့်ချက်တွေပျောက်ဆုံးကုန်တယ်။ ကျမ ပြောချင်တာက ကျမ ဒီလိုဒီလို ဖြစ်ရမယ်လို့ ကျမ မတွေးတော့ဘူး။ ဒါပေမဲ့ ကျမသေချာပြောနိုင်တာတခုက တနေ့ ကျမပြန်လုပ်မယ့် အလုပ်က ကျမတိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးပြုတဲ့ အလုပ်တခုဖြစ်မယ်လို့ သေချာပါတယ်။” လို့ မော်ထွေးမြာက ပြောပါတယ်။

မော်ထွေးမြာဟာ တခြားသော မိဘမဲ့ ဒါမှမဟုတ် မိဘနဲ့ဝေးနေတဲ့ ဘဝတူ သူငယ်ချင်းတွေနဲ့ အတူ ဘဝရဲ့ အိမ်မက်တွေဖြစ်လာဖို့ တဖြည်းဖြည်းချင်း တည်ဆောက်ယူနေပါတယ်။

မော်ထွေးမြာတို့ နေထိုင်တဲ့ ဘော်ဒါဆောင်မှာတော့ အဆောင်နေကျောင်းသူကျောင်းသားတွေကို
အကျင့်စာရိတ္တ မပျက်ပြားအောင် ၊ အချင်းချင်း ရိုသေလေးစားမှုရှိစွာနဲ့ စုပေါင်းလုပ်ကိုင်တတ်အောင်၊ မိမိကိုယ်ကို အားကိုးတတ်ပြီး အများသူကိုငှာကို ကူညီတတ်အောင်၊ စိတ်ဓါတ်ခွန်အား သန်မာလာအောင် ဆရာ၊ ဆရာမတွေက သွန်သင်ဆုံးမပေးပါတယ်။ ဒါ့အပြင် အဆောင်တွင်း အလုပ်တာဝန်တွေကိုလည်း အချိန်ဇယားတွေနဲ့ စနစ်တကျရေးမှတ်ပြီး၊ အသင်းအဖွဲ့တွေနဲ့အတူ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်စေပါတယ်။

လက်ရှိမှာတော့ ဘော်ဒါဆောင်ရဲ့ အစားအသောက်အတွက် အလှူရှင်တချို့ ကူညီပေးထားပါတယ်။ ဒါပေမဲ့ ရံဖန်ရံခါ အစားသောက် ကူညီထောက်ပံ့မှုတွေ မရှိတဲ့အခြေနေမျိုးတွေ ကြုံလာရင် ဖြေရှင်းဖို့အတွက် တာရှည်ခံတဲ့ ဝါးမျှစ်တွေကို ပြုပ်ပြီး သိမ်းဆည်းထားပါတယ်။

“အဓိက ကတော့ ဘုရားကို ယုံကြည်စိတ်ချတဲ့အပေါ်မှာပဲ သွားပြီးတော့ လုပ်ဖြစ်တယ်။
တချို့ကျ ကျနော်တို့ကို လာလည်ရင်းနဲ့ ထောက်ပံ့ပေးသွားတာရှိတယ်။ ဒီပြည်ပရောက်နေတဲ့ လူတွေလည်း ကျနော်တို့ကို ကူညီပေးတာရှိတယ် အဲ့ဒီကနေပြီး ကျနော်တို့ လည်ပတ်နေတယ်။” လို့ ဘော်ဒါဆောင်ရဲ့ လည်ပတ်နေရပုံနဲ့ ပတ်သက်ပြီး ဘော်ဒါအုပ် ခူးမီရယ်က ပြောပြတာပါ။

ဒါ့အပြင် ကျောင်းပိတ်ရက်တွေမှာ တောတောင်ထဲသွားပြီး ဟင်းစားရှာကြပါတယ်။ ဟင်းစားအတွက် ဝါးမျှစ်၊ ငှက်ပျောအူ၊ ငှက်ပျောဖူး စတာတွေအပြင် အသားအတွက် ငါးရှာ၊ ဖား ရှာတာတွေလည်း တခါတရံ လုပ်ရပါတယ်။

ဘော်ဒါဆောင်မှာနေရင်း ဝမ်းရေးတဖက်၊ ပညာရေးခရီးလမ်းတဖက်နဲ့ မိမိတို့ရဲ့ အိမ်မက်ကို ပုံဖော်ထုဆစ်နေကြတဲ့အထဲမှာ အသက်၁၇ နှစ်အရွက် ခူးလူရယ်လည်း ပါဝင်ပါတယ်။ သူကတော့ စစ်ရှောင်စခန်းကို ရောက်ရှိနေတာ ၃ နှစ်ရှိပါပြီ။ မော်ထွေးမြာလိုပဲ သူကလည်း မိဘ၊ ဆွေမျိုးတွေမရှိပဲ ပညာသင်ဖို့အတွက် နယ်စပ်စစ်ရှောင်စခန်းကို ရောက်လာခဲ့သူပါ။

“ဒီကျောင်းတက်ပြီးသွားပြီဆို Dee Ku Education center တို့ တခြားနိုင်ငံခြားတက္ကသိုလ်တွေ သွားပြီးတော့ လေ့လာမယ် ။ ပြီးတော့ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ နိုင်ငံရေးအကြောင်း ဥပဒေ စတဲ့အရာတွေကို လေ့လာပြီးတော့ နိုင်ငံအတွက် ကောင်းတဲ့ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။” လို့ သူ့ရဲ့ အိမ်မက်တွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ခူးလူရယ် နဲ့ မော်ထွေးမြာတို့လိုလူငယ်တွေဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ လုံခြုံတဲ့ ပညာသင်ကြားရေး စနစ်ကို မရရှိကြတော့ပါဘူး။ ဒါကြောင့် တိုက်ပွဲတွေနဲ့ ဝေးတဲ့ နယ်စပ်က စစ်ဘေးရှောင်စခန်းကို ခက်ခဲပင်ပန်းတဲ့ ခြေလျင်ခရီး လျှောက်ပြီး အရောက်လာခဲ့ကြတာပါ။ ဒါပေမဲ့လည်း သူတို့မျှော်လင့်နေတဲ့ လုံခြုံစွာ ပညာသင်ကြားခွင့်ကတော့ မရရှိနိုင်သေးပါဘူး။

“ကျမတို့ အမြဲတမ်းသတိနဲ့နေရတယ် စစ်ကောင်စီရဲ့ ဒရုန်းတွေ လေယာဉ်တွေဆို ခနခဏလာတတ်တယ် ။လေယာဉ်လည်း စိုးရိမ်ရတဲ့အတွက်ကြောင့် ကျမတို့ ဒီလိုမျိုးမနေရတဲ့အချိန်ဆို ကျမတို့ လုံခြုံမှုရှိတဲ့ တနေရာမှာ ကျမတို့သွားနေရတယ်။ အဲ့ဒီနေရာဆိုလို့ရှိရင်လည်း ဒီလိုအခြေအနေနဲ့မတူဘူးပေါ့နော် အရမ်းအေးတယ်။” လို့ မော်ထွေးမြာက ပြောပြပါတယ်။

မော်ထွေးမြာတို့နေထိုင်တဲ့ စစ်ရှောင်စခန်းကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းသုံး ဗုံကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားနေတဲ့ ဆယ်သဲကောလိပ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ညအချိန်ဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတွေ ထိခိုက်ဒဏ်ရာမရှိခဲ့ပေမယ့် စစ်ရှောင်စခန်းတွင်းက အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် ဒရုန်းသံတွေကြားရင်၊ လေယာဉ်သံတွေကြား မော်ထွေးမြာနဲ့ ခူးလူရယ်တို့က ဗုံးခိုကျင်းဆီ အရောက်ပြေးကြရပါတယ်။ ညဘက်တွေမှာ ဒရုန်းသံကို နားစွင့်နေရပြီး အခြေအနေမကောင်းဘူးလို့ ယူဆရတဲ့ညတွေဆို ချောင်းတွေ၊လျိုတွေကြားထဲ သွားရောက် အိပ်စက်ကြရပါတယ်။

ဒီလိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေပေမယ့် ဇွဲမလျော့ပဲ မိမိတို့ရောက်လိုတဲ့ ပညာရေးခရီး ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေများစွာ က “ လောက၏အလင်း “ ဘော်ဒါဆောင်မှာ ရှိနေကြပါတယ်။

spot_img
spot_img