spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းရှိ နာတာရှည်ရောဂါသည်တွေနဲ့ မသန်စွမ်းတွေအတွက် ဆေးဝါးလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာရှိနေတဲ့ နာတာရှည်ရောဂါသည်တွေနဲ့ မသန်စွမ်း တွေအတွက် ဆေးဝါးလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတခုရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကရင်နီပြည်တွင်း တိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်ကျော်ဟာ တောတောင်တွေထဲမှာ တိမ်းရှောင်နေရတာပါ။

ဒီလိုထွက်ပြေးပုန်းခိုနေတဲ့ ပြည်သူတွေထဲမှာ ဆေးဝါးတွေကိုမှီခိုနေရတဲ့ မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အို နာတာရှည် ရောဂါသည်တွေအတွက် ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

” သူတို့အတွက် အဓိကလိုအပ်တာကတော့ ဆေးဝါးရယ် နောက်ပြီးတော့ အဟာရဓာတ်တွေ ဖူဖူလုံလုံလေးလိုချင်တာပေါ့။ ဘာလို့လဲဆိုရင် တစ်ချို့မသန်စွမ်းတွေဟာလည်း အဟာရပြတ်သွားတာလည်းဖြစ်နိုင်တယ်။ တစ်ချို့က အာရုံပိုင်းနဲ့၊ တစ်ချို့က စိတ်ပိုင်းနဲ့၊ တစ်ချို့က ခန္ဓာကိုယ်ပိုင်းနဲ့ အဲ့လို သူ့အစိပ်အပိုင်းနဲ့သူရှိတော့ တစ်ခုခုပြတ်လပ်သွားရင် သူတို့ကချွတ်ယွင်းချက်ဖြစ်လာတယ်လေး။ အဲ့လိုရှိတယ်။ ” လို့ ဖရူအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုရဲ့ တာဝန်မှုးက ပြောပါတယ်။

သူကိုယ်တိုင်ကလည်း ပန်းနာရင်ကြပ်ရောဂါရှိနေပြီး တစ်လကို အနည်းဆုံး ၂ ကြိမ်လောက်မသောက်ရရင် သွားလာလှုပ်ရှားရတာ အားမရှိဘူးလို့ ဆိုပါတယ်။

စစ်ရေးအခြေအနေကြောင့် သွားလာရခက်ခဲလာတဲ့ နောက်ပိုင်းမှာ လိုအပ်တဲ့ ဆေးဝါးတွေကို ပိုက်ဆံပေးဝယ်ချင်ရင်တောင် ရှာဝယ်လို့မရဘူးလို့ စစ်ရှောင်တချို့ကပြောပါတယ်။

ဆေးမသောက်ရရင် ရယ်လိုက် ငိုလိုက်၊ တစ်ယောက်တည်း ကနေတတ်တဲ့ စိတ်ရောဂါသည် ညီမလေးအတွက် ဆေးက ၂ လစာသာ ကျန်တော့တဲ့အကြောင်းနဲ့ ဆေး ရှာဝယ်ရတာလည်း အခက်အခဲဖြစ်နေတယ်လို့ စိန်တောင်တန်းစစ်ရှောင်စခန်းမှ စိတ်ရောဂါသည်ရဲ့ အမဖြစ်သူကပြောပြပါတယ်။

” အရင်တစ်လောက ဝယ်လို့မရတော့ဘူးလေး။ လွိုင်ကော်မှာဝယ်လို့မရတော့ တောင်ကြီးမှာ မှာတယ်။ တောင်ကြီးမှာလည်း မရှိတော့ဘူးလေးနော်။ အဲ့တာ အခုဆို သူ့ဆေးက တစ်လနှစ်လစာပဲ ကျန်တော့တယ် အဲ့လိုမျိုးပေါ့” လို့ပြောပါတယ်။

ဒူးအကြောလွဲပြီး နေ့စဥ်ဒူးကိုက်ခဲတဲ့ဝေဒနာကိုခံစားနေရတဲ့ စိန်တောင်တန်း စစ်ရှောင်စခန်းရှိ မုဆိုးမတစ်ဦးဟာလည်း လိမ်းဆေးတွေ ပုံမှန်မလိမ်းနိုင်တာကြောင့် ညညအိပ်မပျော်ဘူးလို့တိုပါတယ်။

” ညအိပ်တဲ့ချိန်ဆို ကွေးလို့လည်းမရဘူး။ ဆန့်လည်းနာတယ်။ ကွေးလည်းနာတယ်။ နောက်ပြီးတော့ အရမ်းခံစားရတယ်။ အိပ်ရေးဝဝ ကောင်းကောင်း မအိပ်ရဘူး” လို့ သူမကပြောပါတယ်။

သူမအနေနဲ့ နေ့စဥ်နေ့တိုင်းစစ်ရှောင်စခန်းက ဆေးခန်းမှာသွားပြပေမယ့် သူမဝေဒနာကို သက်သာစေမယ့် ဆေးမရှိတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဒူးနာပျောက်ဖို့ အနည်းဆုံးလိမ်းဆေးနဲ့ ဒူးပတ် ပတ်တီးလေးတွေ လိုချင်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည် ဖရူဆို မြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ရှောင်နေတဲ့ လူဦးရေ ဟာ ၆ထောင်ကျော် ၇ထောင်နီးပါးရှိနေပြီး အဲဒီအထဲမှာ အခုလိုမသန်စွမ်းနဲ့ နာတာရှည်ရောဂါသည် ဦးရေဟာ ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img