ကန္တာရဝတီတိုင်း (မ်)
မိုးရာသီရောက်လာပြီဖြစ်တာကြောင့် စစ်ရှောင်စခန်းမှာ သန့်ရှင်းသောရေ မရရှိတဲ့ ပြဿနာတွေ၊
အမှိုက်၊ အညစ်အကြေးတွေကို စနစ်တကျ မစွန့်ပစ်မှုက ကျန်းမာရေးပြဿနာတွေအပြင် တခြားသော ဘေးအန္တရယ်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရှောင်စခန်းအတွင်း ရေနှင့် သန့်ရှင်းအောင် နေထိုင်သင့်သည်များ အကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
ရေအရင်းအမြစ် သန့်ရှင်းမှု
ရေအရင်းအမြစ်ကို သန့်ရှင်းစေဖို့နှင့် ရောဂါပိုးတွေ မဝင်ရောက်ဖို့အတွက် အထူးလိုအပ်ပါတယ်။ လူနှင့် တိရစ္ဆာန်တွေမှ စွန့်ပစ်တဲ့ အညစ်အကြေးတွေဟာ ရေအရင်းအမြစ်တွေ မသန့်ရှင်းမှုကို ဖြစ်စေနိုင် ပါတယ်။
- -ရေအရင်းအမြစ်တွေဖြစ်တဲ့ ရေတွင်း၊ရေကန်မှာ ရေချိုးခြင်းနှင့် အဝတ်လျှော်ခြင်း စတာတွေကို မပြုလုပ်သင့်ပါဘူး။
-ရေထွက်ပင်ရင်းနားမှာ ရေအိုင်၊ဗွက်အိုင်တွေ မကျန်ခဲ့ဖို့နှင့် တိရစ္ဆာန်တွေ မဝင်ရောက်နိုင်ဖို့ ကာကွယ်ထားရပါမယ်။
-ရေထွက်ပင်ရင်းနှင့် အိမ်သာ အကွာအဝေးကို အနည်းဆုံး ပေ (၅၀) ခြား ဆောက်လုပ် သင့်ပါတယ်။
-ရေမခပ်ခင်မှာ ရေခပ်မည့်ခွက်နှင့် လက်တွေကို သန့်စင်ပြီး ရေသယ်ယူတဲ့အခါမှာလည်း မဖိတ်စင်အောင် ရေပုံးတွေကို အဖုံးပိတ်ထားရမှာဖြစ်ပါတယ်။
ချောင်းရေ၊ မြစ်ရေ၊ ကန်ရေ ၊ရေတွင်း စတဲ့ရေတွေမှာ ရောဂါပိုးတွေနှင့် အမှုန်အမွှားတွေ ပါဝင်နိုင်တာကြောင့် တိုက်ရိုက်မသောက်သုံးသင့်ဘဲ ရေကို ကျိုချက်တာ၊ ကလိုရင်းခတ်တာ လုပ်ပြီးမှ သောက်သုံးသင့် ပါတယ်။
သန့်ရှင်းတဲ့ ရေရရှိဖို့ ရေသိုလှောင်ထားတဲ့ ပုံးတွေနှင့် အဖုံးတွေကို သန့်ရှင်းမှု ရှိ/မရှိ အမြဲစစ်ဆေးပြီး၊ သန့်ရှင်းမှုမရှိရင် ဆေးကြောလဲလှယ်ခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
ရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ အူရောင်ငန်းဖျား(တိုက်ဖိုက်) ရောဂါ၊ သူငယ်နာအကြောသေ (ပိုလီယို) ရောဂါ၊ တုတ်ကောင် သန်ကောင်ရောဂါ၊ ဝမ်းရောဂါနှင့် အရေပြားရောဂါများအပြင် ရေရှည်ဆိုးကျိုးအနေနှင့် ရေဓါတ်ခမ်းခြောက်ပြီး အသက်သေဆုံးခြင်းတွေအထိ ဖြစ်ပွားနိုင်ပါတယ်။
စစ်ရှောင်စခန်းအတွင်း သန့်ရှင်းမှု
စစ်ရှောင်စခန်းအတွင်း သန့်ရှင်းစွာ နေထိုင်ခြင်းက ကျန်းမာရေးပြဿနာတွေအပြင် တခြားသော ဘေးအန္တရာယ်တွေနှင့် စိတ်ဖိစီးမှုတွေကိုပါ လျော့ချနိုင်မှာ ဖြစ်ပါတယ်။
-စစ်ရှောင်စခန်းအတွင်း သန့်ရှင်းဖို့အတွက် အမှိုက်သရိုက်တွေကို စနစ်တကျ စွန့်ပစ်ရပါမယ်။
-ခြင်၊ယင် စတာတွေ မပေါက်ပွားနိုင်ဖို့နှင့် ကလေးတွေ ထိခိုက်ဒဏ်ရာမရနိုင်ဖို့အတွက် အမှိုက်စွန့်ပစ်တဲ့ နေရာကို စနစ်တကျ ထားပြီးသေချာစွာ စွန့်ပစ်ရပါမယ်။
-အမိုက်စွန့်ပစ်တဲ့နေရာကို အိမ်ထောင်စုတစုစီ သီးသန့်ထားရမှာဖြစ်ပါတယ်။
-ကျန်းမာရေးလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းတွေဖြစ်ကြတဲ့ အသုံးပြုပြီးသော ဆေးထိုးအပ်၊ ပတ်တီး၊ ဂွမ်းစ စတာတွေကို အသုံးပြုပြီးပြီးချင်းမှာပဲ စနစ်တကျ သေချာစွာ သီးသန့် စွန့်ပစ်ရပါမယ်။
-အမျိုးသမီးသုံး လစဉ်ဂွမ်းထုတ်တွေကို စနစ်တကျ စွန့်ပစ်ရပါမယ်။
စစ်ရှောင်စခန်းအတွင်း သန့်ရှင်းစွာနေထိုင်ဖို့ လုံခြုံတဲ့ ယင်လုံအိမ်သာ အသုံးပြုနိုင်ဖို့လည်း အထူး လိုအပ်ပါတယ်။
စစ်ရှောင်စခန်းသို့ စရောက်တာနဲ့ လူအယောက် (၅၀) မှာ အိမ်သာ တလုံးနှုန်း နဲ့ အရင်ဆောက်ရမှာဖြစ်ပြီး၊ အဆိုပါ စစ်ရှောင်စခန်းမှာ (၆) လအထက် နေရမည်ဆိုပါက လူ အယောက် (၂၀) ကို အိမ်သာ တလုံးနှုန်းနှင့်
ပြန်လည် ဆောက်လုပ်သင့်ပါတယ်။ (၆) လအထက် ကြာမြင့်နိုင်မည် ဆိုပါက တမိသားစုလျှင် အိမ်သာတလုံး ဆောက်လုပ်သင့်ပါတယ်။
စုပေါင်းပြီးနေထိုင်ရတဲ့ စခန်းတွေမှာဆိုရင် လူဦးရေစာရင်းအလိုက်တွက်ချက်ပြီး ကျား၊မ ခွဲခြားထားကာ ဆောက်လုပ်သင့်ပါတယ်။ အမျိုးသမီးတွေအတွက် လစဉ်သုံးဂွမ်းတွေ စနစ်တကျ စွန့်ပစ်နိုင်ဖို့ အိမ်သာအတွင်း အဖုံးပါတဲ့ ပုံးတွေကို ထားရှိပေးရမှာဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အညီ လုံခြုံတဲ့ အိမ်သာဖြစ်ဖို့ အိမ်သာဆောက်လုပ်တဲ့အခါမှာ ယင်လုံရပါမယ်။ အနံ့ကင်းပြီး အရှက်လုံရပါမယ်။ သန့်ရှင်းပြီး မစင်မှ တဆင့် ရောဂါပိုး မပြန့်ပွားအောင် တားဆီးရမှာ ဖြစ်ပါတယ်။
ကိုးကား – NUG, MOH facebook