ကန္တာရဝတီတိုင်း ( မ် )
“ရာဂီ” မုန်တိုင်း မလာခင်အထိ အခက်အခဲကြားကစိုက်ပျိုးထားတဲ့ အနှံထွက်နေပြီး မကြာခင် ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ သူ့ရဲ့ စပါးခင်းကိုကြည့်ပြီး ဒေါ်မူတာတယောက် ကြည်နူးနေပါတယ်။
ငါးဧက လောက်ရှိတဲ့ သူ့ရဲ့ စပါးခင်းဟာ လွယ်လွယ်ကူကူ စိုက်ပျိုးထားရတာတော့ မဟုတ်ပါဘူး။
အခက်အခဲများစွာနဲ့ စစ်ရှောင်စခန်းမှာနေထိုင်ရတဲ့ဘ၀မှာ တခြားသူကိုမှီခိုနေရတဲ့ ဘ၀ကနေ လွတ်မြောက်ဖို့ အရင်းအနှီးမရှိတဲ့ကြားက ချေးငှားပြီး စိုက်ပျိုးထားရတာဖြစ်ပါတယ်။
မြန်မာငွေ ကျပ်သိန်း ၄၀ ခန့် အကုန်ကျခံပြီး ပြုစုစိုက်ပျိုးခဲ့တဲ့ လယ် ၅ ဧက စပါးခင်းလည်း အထွက်နှုန်းကောင်းပြီး လှပနေတာကြောင့် “အိတ် ၃၀၀ လောက် တော့ ထွက်မယ်” လို့ ဒေါ်မူတာ ပြောပါတယ်။
ဒါပေမဲ့ ရာဂီမုန်တိုင်းတိုက်ခတ်ခံရပြီးနောက် “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” တော့ဘူးလို့ လက်ရှိအချိန်ထိ ရေလွှမ်းနေတဲ့ စပါးခင်းတွေကို မျှော်မှန်းပြီး ဒေါ်မူက ညည်းညူမိပါတော့တယ်။
“ကိုယ့်မိသားစုဝင်ပဲ စားမယ်ဆိုရင်တော့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ပေါ့။ တနှစ်ဆို အိတ် ၂၀ လောက်ဆိုလောက်တယ်။ မိသားစုဝင် ၄ယောက်ဆို အိတ် ၂၀ ဆိုရတယ်။ ၄ ဧက၊ ၅ ဧကဆို အနည်းဆုံး ဘယ်လောက်ရမလဲဆို ၃၀၀ လောက်ရမှာပေါ့။” လို့ ဒေါ်မူတာတယောက် သူမဆုံးရှုံးလိုက်ရတဲ့ စပါအထွက်နှုန်းကို တွက်ပြနေပါတယ်။
“ရာဂီ” မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်တဲ့ အင်အားပြင်းမုန်တိုင်းဖြစ်ပြီး မြန်မာနိုင်ငံကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီမုန်တိုင်းကြောင့် ကရင်နီပြည် အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၅၄ မြို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာပါ။
ရေလွှမ်းမိုးများမှုကြောင့် နိုင်ငံတဝှမ်း လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကြရပြီး အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP ရဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါတွေအပြင် နိုင်ငံတဝှမ်းတောင်သူတွေရဲ့ စပါးစိုက်ခင်းတွေနဲ့ တခြားသီးနှံစိုက်ခင်း ဧက ၇ သိန်းခွဲနီးပါး ရေမြုပ်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထဲမှာ ဒေါ်မူတာတို့ စပါးစိုက်ခင်း ၅ ဧကလည်း ပါဝင်နေပါတယ်။
အသက် ၃၀ အရွယ် ဒေါ်မူတာဟာ သူမခင်ပွန်းနဲ့ သားသမီး အပါအဝင် မိသားစုဝင် ၄ ဦး ရှိပါတယ်။
သူမတို့နေထိုင်တဲ့ ရှမ်း – ကရင်နီ နယ်စပ်က ရွာတွေမှာ ၂၀၂၂ ခုနှစ်က တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းကို စစ်ဘေးရှောင်ခဲ့ကြပါတယ်။
စစ်ရှောင်စခန်းမှာ အလုပ်အကိုင်မရှိတာတကြောင်း နဲ့ တရွာတည်းသားတွေ စုနေနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွာအနီး ဘီလူးချောင်းဘေးမှာ တည်ရှိတဲ့ နောင်ခိုက် စစ်ရှောင်စခန်းမှာ ဒေါ်မူတာတို့ မိသားစုဟာ တခြားသော စစ်ရှောင်တွေနဲ့အတူ ပြန်လည်နေထိုင်ခဲ့ကြပါတယ်။
နောင်ခိုက်စစ်ရှောင်စခန်းမှာ စစ်ရှောင်အိမ်ခြေ ၂၇၀ နီးပါး နေထိုင်ကြပါတယ်။
စစ်ရှောင်ကာလ ၄ နှစ်ထဲ ရှိပြီဖြစ်တဲ့ ဒေါ်မူတာတို့ဟာ စားဝတ်နေရေးအတွက် အလှူရှင်တွေကိုသာ မျှော်ကိုးနေရပါတယ်။
ဒီလိုမျှော်ကိုးနေရတဲ့ဘဝက လွတ်မြောက်ဖို့ဆိုပြီး ဒေါ်မူတာတို့ မိသားစုအပါ အဝင် သူမတို့နဲ့ တရွာတည်း နေထိုင်ကြတဲ့ ဘဝတူစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ အပြိုင်အဆိုင် ရှိတဲ့လယ်တွေနဲ့ စပါးပြန်လည်စိုက်ပျိုးကြပါတယ်။
ဒေါ်မူတာတို့ မိသားစုကတော့ သူမတို့ပိုင်ဆိုင်တဲ့ လယ် ၅ ဧက ကို အရင်းအနှီးမရှိဘဲ ချေးငှားပြီး စပါးစိုက်ပျိုးခဲ့ရတာပါ။ အခုတော့ ချေးယူထားတဲ့ အရင်းအနှီးတွေလည်း ပြန်မဆပ်နိုင်သလို သားသမီးတွေရဲ့ကျောင်းစရိတ်တွေပါ မတတ်နိုင်တော့တဲ့ အခြေအနေထိ ဖြစ်နေပါတယ်။
“ဆုံးရှုံးမှုက များတာပေါ့။ လယ်ပဲလုပ်တတ်တာကော။ လယ်က ၄ ဧက၊ ၅ ဧကရှိခါကျတော့ အဲ့ဒါနဲ့ပဲလုပ်တတ်တယ်။ အဲ့ဒါတွေ အကုန်လုံးဆုံးရှုံးသွားတယ်ပေါ့။ ဘာမှမကျန်တော့ဘူး။ အရေးထဲက ကိုယ့်ပိုက်ဆံလည်းမရှိ၊ သူများဆီကချေးပြီးမှ လုပ်နေရတာ အဲ့မျိုးဖြစ်နေတာ။ ဆုံးရှုံးမှုလည်း အဲ့ဒါက ကိုယ့်အတွက်တော့ တအားများတာပေါ့” လို့ ဒေါ်မူတာက ပြောပါတယ်။
စပါးခင်းတွေအပြင် သူမတို့နေထိုင်ခဲ့တဲ့ နောင်ခိုက်စစ်ရှောင်စခန်းက တဲအိမ် နှစ်လုံးဟာလည်း ရေနဲ့အတူ မျောပါသွားခဲ့ပါပြီ။
ဒေါ်မူတာတို့ စစ်ရှောင်မှာ အမိုးအကာ လုံလုံခြုံခြုံနဲ့ နေထိုင်နိုင်ဖို့ တဲကို သွပ်မိုးနဲ့မိုးပြီး နံဘေးကို ထရံနဲ့ ကာထားပါတယ်။ အဲ့ဒီတဲကို ဆောက်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာကျပ်ငွေ သိန်း ၂၀ ကုန်ကျခဲ့ပါ သေးတယ်။ ဒီကုန်ကျစရိတ်ဟာ နေ့စား လုပ်အားခတွေ မပါသေးပါဘူး။
“ရေထဲမျောပါသွား။ နောက်တတဲလည်း ရေထပ်မြုပ်။ တဲနှစ်လုံးဖြစ်သွားပြီပေါ့” လို့ ဒေါ်မူတာ ကပြောပါတယ်။
ဒေါ်မူတာတို့ ပထမ တဲအိမ်ဟာ ဘီလူချောင်းနဲ့ နီးတာကြောင့် ပထမ ရေတက်ချိန်မှာ ကုန်းမြင့်တနေရာကို တဲအိမ်တလုံး ထပ်မံဆောက်ရတာဖြစ်ပါတယ်။ ကုန်းမြင့်လို့ သူမတို့ ထင်ထားတဲ့ နေရာဟာ လည်း ရေထပ်မံမြုပ်သွားခဲ့တာပါ။
“ရေလည်းအကုန်မြုပ်သွားတယ်ပေါ့နော။ ဒီလိုမျိုးဆို တခါမှ မကြုံခဲ့ရဖူးဘူး။ ကျမနေတဲ့တသက်ပေါ့ ဒီအချိန်ထိပေါ့” လို့ ဒေါ်မူတာ ပြောပါတယ်။
ဒီလိုအခက်အခဲတွေကြုံတွေ့ရတာဟာ ဒေါ်မူတို့ တရွာတည်းမဟုတ်ဘဲ ကရင်နီ နဲ့ ရှမ်း- ကရင်နီနယ်စပ်က မြို့နယ် (၁၀) မြို့နယ်မှာ ရှိကြတဲ့ စစ်ဘေးရှောင်စခန်း (၁၆)ခု နဲ့ကျေးရွာပေါင်း (၅၄) ရွာဟာ ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
ဒါတွေအပြင် ရေဘေးကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးမြေဧက ၁ သောင်းကျော် ပျက်စီးခဲ့ပြီး မိသားစုအိမ်ခြေ နှစ်ထောင်နီးပါး၊ လူဦးရေ ၃သောင်းခန့် ရေဘေးသင့်ဒဏ်ကို ကြုံခဲ့ရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စာရင်းအရ သိရပါတယ်။
နေသားကျနေပြီဖြစ်တဲ့ နောင်ခိုက်စစ်ရှောင်စခန်းမှာ ရေလွှမ်းပြီးတဲ့နောက် ဒေါ်မူတာတို့ မိသားစုဟာ မြေမြှုပ်မိုင်းအန္တရာယ်တွေကြား ရွာထဲမှာပဲ တခြားသော စစ်ဘေးရှောင်တွေနဲ့အတူ ပြန်လည်နေထိုင်ခဲ့ ပါတယ်။
သူမတို့ရွာထဲကို စစ်ကောင်စီက တနှစ်ကျော်ကြာတပ်စွဲနေထိုင်ခဲ့ပြီး ရွာရဲ့ အိမ်ခြေ ၂၇၀ နီးပါးရှိတဲ့အထဲ ဒေသခံတွေရဲ့ နေအိမ် ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကျန်ရှိတဲ့နေအိမ်တွေမှာ မိသားစု လေး၊ငါးစု ပေါင်းပြီး နေကြရပါတယ်။ ဒါ့အပြင် တရွာလုံး စိုက်ပျိုးထားတဲ့ စပါးဧက ၅၀၀ ဝန်းကျင်ဟာလည်း ရေကြီးရေလျှံမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
“သူများပေးနေတဲ့ဟာနဲ့ပဲ စားနေရတယ်။ စားဝတ်နေရေး၊ တကိုယ်ရည်သန့်ရှင်းရေးတွေကအစ အကုန်လုံး အဲ့ဒါတွေ အားကိုးနေရတယ်” လက်ရှိအခြေအနေကို ဒေါ်မူတာ ပြောပြပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ – ဦးဗညားက ပြောပါတယ်။
“ဦးစားပေးကူဖို့အတွက်က အဓိကဘာလဲဆိုတော့ မဖြစ်မနေဒီရေဘေးသင့်တဲ့ IDPs တွေပေါ့နော်။ တချို့ နေရာတွေမှာ ရွှေ့ပြောင်းရမယ့်လူလောက်ကိုပဲ ကျနော်တို့က ကနဦး ကူညီတယ်ပေါ့နော်။ ဒါပေမဲ့ တရွာလုံးပြန်လည်ထူထောင်ရေးက ရွာရဲ့ပျက်စီးမှုအခြေအနေနဲ့ မြို့နယ်နဲ့ ဆက်စပ်ပြီးတော့မှ စကားပြောစရာအများကြီးရှိပါသေးတယ်” လို့ IEC အတွင်းရေးမှူး ၂ – ဦးဗညားက ပြောပါတယ်။
ထပ်ဆင့် စစ်ရှောင်နေရတဲ့ ၃ နှစ် ၀န်းကျင်ကာလမှာ ဒီနှစ်အတွက်တော့ ဝမ်းစာအတွက် အပူအပင် ကင်းကင်းနဲ့ ဖြတ်သန်းရတော့မယ်လို့ တွေးပျော်နေချိန်မှာပဲ ဒေါ်မူတာတို့အဖို့ မမျှော်လင့်ဘဲ ရေဘေးဒဏ်ကို ထပ်မံကြုံတွေခဲ့ရတာကြောင့် တပူပေါ် နှစ်ပူဆင့် ပိုမိုခက်ခဲလာပြန်ပါတယ်။
“လာမယ့်နွေရာသီကျရင်တော့ ငါတို့ဘာနဲ့စား ဘာနဲ့သောက်မလဲ၊ အကယ်၍စစ်ကြောင်းက ဒီဖက်ပြန်ရောက်လာမယ်ဆို ငါတို့လယ်ပြန်လုပ်လို့မရတော့ဘူးဆိုတော့ ဘယ်လိုမှီခို ဘယ်သူ့ကိုမှီခိုစားသောက်ရမလဲဆိုတဲ့ စိုးရိမ်မှုတွေလည်း အပြည့်ပဲပေါ့ ကျနော်တို့မှာလေး” လို့ ဒေါ်မူတာနဲ့ တရွာတည်း နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ခွန်းအဂျေးက ပြောပါတယ်။
ဒါတွေအပြင် ရွာမှာပြန်လည်နေထိုင်တဲ့အခါ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေ အပြင် ကျေးရွာထဲကို စစ်ကောင်စီ နောက်တဖန် စစ်ကြောင်းပြန်ထိုးလာမလား ဆိုတဲ့ စိတ်မလုံခြုံမှုတွေ ဟာ ဒေါ်မူတာတို့ တရွာလုံးက တွေးပူနေကြတာပါ။
အဖက်ဖက်က ခက်ခဲနေပေမဲ့လည်း ရေပြန်ကျမယ့်အချိန်ကို စောင့်ရင်း တခြားသူကိုမမှီခိုချင်တဲ့ ဒေါ်မူတာကတော့ နွေစပါးကို ထပ်မံစိုက်ပျိုးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
လက်ရှိအချိန်မှာတော့ ၂၀၂၅ ခုနှစ် နွေရာသီ နွေစပါး ပြန်လည်ရိတ်သိမ်းပြီးချိန်အထိ ဒေါ်မူတာတို့တရွာလုံး ရဲ့ စား၀တ်နေရေးကတော့ အလှူရှင်အဖွဲ့အစည်းတွေဆီကနေ အကူအညီကိုရဖို့က တခုတည်းသော နည်းလမ်းလို ဖြစ်နေပါတော့တယ်။