spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေ မွေးမြူတဲ့ကြက် အနာကျပြီး သေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အာဟာရဓါတ်ရဖို့ မွေးမြူတဲ့ကြက်တွေ အနာကျ သေဆုံးတာတွေ ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

တောင်ယာလုပ်ငန်းမှာလည်း ရိုးရာအရ ကြက်ရိုးထိုးရတာတွေ ရှိသလို ကျောင်းနေ အရွယ်ကလေး အာဟာရဓါတ် တိုက်ကျွေးမှုမှာလည်း အများအားဖြင့် ကြက်ကို အသုံးပြုကြတာကြောင့် အခုလို ကြက်နာကျပြီး သေဆုံးကုန်တော့ အခက်တွေ့တယ်လို့ စစ်ရှောင်ရင်း ကြက်မွေးထားတဲ့ ခူးထွေးရယ်က ပြောပါတယ်။

” ကျနော်တို့ တောင်ယာ လုပ်တာကိုးနော။ စပါးပုတ်ချိန်ဆို ကြက်ရိုး ထိုးကိုထိုးရတယ်။ အဲနေရာမှာလည်း အသုံးပြုရတယ်။ ပြီးတော့ ကျနော်တို့ စားဖို့သောက်ဖို့ အနေနဲ့လည်း ကျနော်တို့ သုံးတယ်။ အဲလိုတော့ ရှိတာပေါ့။ အခုက ကြက်တွေက မရှိတော့ဘူး ဆိုတော့ ကြက်အစား ကျနော်တို့ တခြားနည်းနဲ့ လုပ်ရတော့မှာပေါ့နော်။ ဒီကျောင်းမှာဆိုရင် အာဟာရကျွေးတယ်။ ဆန်ပြုတ်တို့ကို ကြက်နဲ့ ချက်ကြတယ်ပေါ့။နောက်ပိုင်း ကြက်နာကျတော့ ဘယ်လို လုပ်ရမလဲပေါ့။ နည်းနည်းတော့ အခက်အခဲ ဖြစ်တာပေါ့ “လို့ ခူးထွေးရယ်က ပြောပါတယ်။

ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေဟာ ကြက်ကို စီးပွားဖြစ် မွေးမြူကြတာ မဟုတ်ပဲ ကလေးတွေ အသားဓါတ် အာဟာရဓါတ်ရရှိဖို့အတွက် အဓိကရည်ရွယ်ပြီး မွေးမြူကြတာဖြစ်ပါတယ်။

လူမှုအဖွဲ့အစည်းတချို့ကနေ ကြက်မွေးမြူဖို့ လာရောက်ပေးတာရှိသလို ကိုယ်ပိုင်မွေးမြူထားတာတွေလည်း ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

တတ်ကျွမ်းနားလည်တဲ့ တိရိစ္ဆာန် ဆရာဝန်တွေလည်း မရှိတော့ အနာကျတဲ့ ကြက်တွေကို တိုင်းရင်းဆေး တိုက်ကျွေးတာရှိတယ်လို့ ဆိုပါတယ်။ တချို့က ပြန်လည်သက်သာပေမယ့် သေသွားတဲ့ အကောင်ရေက ပိုများတယ်လို့ ဆိုပါတယ်။

ကြက်နာကျပြီးသေဆုံးနေတာကြောင့် လတ်တလော ကြက်မမွေးတော့ဘဲ နောက်ပိုင်းမှသာ ပြန်လည်မွေးမြူကြဖို့ စစ်ရှောင်တွေက ရည်ရွယ်ထားပါတယ်။ စစ်ရှောင်စခန်း တစ်ခုအပြင် အနီးအနားက ကျေးရွာမှာလည်း ကြက်နာကျ သေဆုံးတာရှိနေပြီး အိမ်မွေးထားတဲ့ ကြက်၊ဝက်တွေ အနာကျသေဆုံးတာဟာ နှစ်စဉ် ပုံမှန်ဖြစ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts