spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ပုံအသုံးပြုပြီး အွန်လိုင်းမှာ လိမ်လည် အလှူငွေကောက်ခံမှုရှိလာတာကြောင့် ရေရှည်မှာ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာရရှိမှု ခက်ခဲမှာကို စိုးရိမ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ရှောင်ပုံတွေအသုံးပြုပြီး အွန်လိုင်းမှတဆင့် အလှူငွေလိမ်လည်ကောက်ခံမှု ရှိလာတာကြောင့် ရေရှည်မှာ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာရရှိမှု အခက်အခဲရှိလာမှာကို စိုးရိမ်တယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်း နဲ့ စစ်ရှောင်ကူညီတဲ့အဖွဲ့တွေရဲ့ အချက်အလက်ကို အသုံးပြုပြီး အွန်လိုင်းကနေ အကောင့်တုတွေနဲ့ လိမ်လည်နေတယ်လို့ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ ဒီမြေပြင်အခြေအနေကတော့ အခုက ဒီအွန်လိုင်းပေါ်ကနေပေါ့ လူလိမ်တွေကနေပြီးတော့ ဒီစစ်ရှောင်ကူညီတဲ့သူ တွေယောင်ဆောင်ပြီးတော့မှ အလှူခံနေတာတွေ့ရပါတယ်။ ဒီလိုမျိုးကိစ္စတွေပေါ်လာတဲ့အခါမှာ ကျနော်တို့ ဒီ ယုံကြည်မှုတွေ ပျက်စီးသွားနိုင်တဲ့အခြေအနေမျိုးတွေ ရှိတယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ပိုပြီးမှ ခက်ခဲသွားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။ ဘာကြောင့်လဲဆို အခုလိမ်လည်နေတဲ့သူတွေက စစ်ဘေးရှောင်တွေရဲ့ အချက်အလက်တွေသာမကဘဲပေါ့ စစ်ဘေးရှောင်ကူညီတဲ့သူတွေရဲ့ အချက်အလက်တွေ ပုံတွေအစ အားလုံး ယူသုံးတဲ့အချိန်မှာ အတုလား ၊ အစစ်လား ခွဲခြားဖို့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေမျိုးရှိပါတယ်။ဆိုတော့ ဒီလို လိမ်လည်မှုတွေကို မဖြေရှင်း မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ စစ်ဘေးရှောင်တွေအတွက် တော်တော်လေးရင်လေးစရာလည်း ဖြစ်လာနိုင်တာပေါ့နော် ”လို့ အဆိုပါ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အခုလို အကောင့်တုနဲ့ အွန်လိုင်းပေါ် လိမ်လည်ပြီး အခွင့်ကောင်းယူတာရှိဖူးပေမယ့် လက်ရှိမှာ ပိုမိုများလာတယ်လို့ဆိုပါတယ်။ ဩဂုတ်လအတွင်းမှာ ဖရူဆိုက စစ်ရှောင်စခန်းတွေကို လှူဒါန်းဖို့ဆိုပြီး စစ်ရှောင်ကလေးတွေရဲ့ပုံတွေကို အသုံးပြုကာ Facebook Group တွေမှာ လိမ်လည်မှုတွေ လိုက်လံပြုလုပ်ခဲ့တာ ရှိပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်ကူညီစောင့်ရှောက်ရေးကော်မတီကနေပြီး အခုလိုလိမ်လည်မှုတွေကို ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ရှောင်ပုံအသုံးပြုပြီး အလှူခံတာကို လျော့ချနိုင်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) နဲ့ အခြားသော လူမှုကူညီရေးအသင်း ၊ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေအနေနဲ့လည်း ဝိုင်းဝန်းအကူအညီပေးကြဖို့ တောင်းဆိုထားတာရှိပါတယ်။

အဆိုပါ တောင်းဆိုချက်အပေါ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက အခုလို ပြောပါတယ်။

“IEC အနေနဲ့ online ပေါ်မှာ လိမ်လည် လှည့်စားတဲ့ pages တွေကို ကိုင်တွယ်ဖို့အရမ်းခက်နေသေးတယ်။ လောလောဆယ်တော့ IDPs အရေးလုပ်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပဲ အတတ်နိုင်ဆုံး ပေါင်းစပ်ရုံကလွဲလို့ ထူးထူးထွေထွေ မလုပ်နိုင်သေးဘူး။”လို့ ဦးဗညားက ဆိုပါတယ်။

စစ်ရှောင်ကူညီရေးအဖွဲ့ရဲ့အချက်အလက်တွေကို အသုံးပြုပြီး အလှူရှင်တွေဆီကို အလှူငွေကောက်ခံတဲ့ထဲမှာ Karenni IDPs Help Team အဖွဲ့ လည်း အလွဲသုံးစားခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို အဖွဲ့နာမည်အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်တဲ့အတွက် စစ်ရှောင်ကူညီရေးအဖွဲ့နဲ့ အလှူရှင်အဖွဲ့အစည်းကြား ယုံကြည်မှုလျော့နည်းလာနိုင်သလို အမှန်တကယ် လိုအပ်နေသူတွေဆီ အလှူငွေမရောက်ရှိနိုင်တော့ဘူးလို့ Karenni IDPs Help Team ရဲ့ အသင်းဝင် ကိုဒေါမိနစ်က ပြောပါတယ်။

“ တော်လှန်ရေးကာလထဲမှာ အခွင့်ကောင်းယူတဲ့သူတွေ များလာမယ်ဆိုရင် တကယ် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေအတွက် အခက်အခဲတွေ အနှောက်အယှက်တွေ များစွာ ဖြစ်စေတယ်။” လို့ ကိုဒေါမိနစ်က ဆိုပါတယ်။

အလှူရှင်အဖွဲ့အစည်းတွေနဲ့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေကြား တိုက်ရိုက်ချိတ်ဆက်မှု အားကောင်းမှသာလျှင် အခုလို အွန်လိုင်းငွေလိမ်လည်မှု လျော့နည်းလာမယ်လို့ ကူညီဆောင်ရွက်သူတွေက သုံးသပ်ပြောဆိုထားကြပါတယ်။

spot_img
spot_img