spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးနေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် မေလအတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိမှာ စစ်ရှောင်စခန်းမှာနေထိုင်လာတာ ကြာလာတာနဲ့အမျှ စားသုံးနိုင်ဖို့ တစ်နိုင်တစ်ပိုင် သီးနှံတွေကို စိုက်ပျိုးနေကြပါတယ်။

စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်မူးနာဖောက “စိုက်ပျိုးဖို့ စားသုံးဖို့ အတွက်တော့ နည်းနည်း လိုအပ်တယ်ပေါ့နော။ ဘာဖြစ်လဲဆိုရင် ဒီမှာ စစ်ဘေးရှောင်ရတာက ဘယ်ထိ ဘယ်အတိုင်းအတာထိ ပြောလို့မရဘူးပေါ့နော။ ဒါပေမယ့် ကိုယ်စားဖို့သောက်ဖို့ကတော့ နည်းနည်း အခက်အခဲတွေရှိမလားလို့။ နောက်ပြီး ဒီယာက ကြက်သွန်ပြီးရင်တော့ တခြား ပြောင်းရွေ့ပြီး စိုက်ဖို့လည်း စဉ်းစားထားတယ်ပေါ့နော။ ဒါပေမယ့် ဘယ်လိုစိုက်ရင်ကောင်းမလဲ ဘယ်လိုလုပ်ရင် ပိုအဆင်ပြေမလဲဆိုတဲ့အရာကို အမြဲတမ်းပဲစဉ်းစားတာပေါ့နော။ စားဖို့သောက်ဖို့အတွက်။” လို့ ပြောပါတယ်။

စစ်ရှောင်စခန်းဘေးပတ်လည် ရေရရှိတဲ့နေရာမှာ စိုက်ခင်းပြုလုပ်ထားပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်ညင်း၊ စလတ်ရွက်၊ နံနက်ပင် စတာတွေကို စစ်ရှောင်မိသားစု (၈)စုက စိုက်ပျိုးထားတာဖြစ်ပါတယ်။ ရရှိလာတဲ့ဟင်းသီးဟင်ရွက်တွေကို စစ်ရှောင်စခန်းမှာ ပြန်လည် ဝေမျှစားကြတယ်လို့ ဆိုပါတယ်။

အခြားစားနပ်ရိက္ခာ၊ အသုံးအဆောင်ဝယ်ဖို့ ပိုက်ဆံမရှိသလို ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့အချိန်မှာလည်း မြေဩဇာတွေဝယ်မသုံးနိုင်ဘူးလို့ ဆိုပါတယ်။

“စိုက်တဲ့အချိန် အခက်အခဲက နွားချီးတို့ပေါ့နော မြေဩဇာ နည်းနည်းပါးပါးထည့်ဖို့လိုတဲ့အချိန်မှာ နည်းနည်းအခက်အခဲရှိတယ်ပေါ့နော။ သွားဝယ်မယ်ဆိုရင်လည်း ဝယ်မယ့်ပိုက်ဆံလည်းအားနည်းတယ် မရှိဘူး။” လို့ သူကဆက်ပြောပါတယ်။

စစ်ရှောင်စခန်းအသီးသီးကို စစ်ရှောင်ကူညီစောင့်ရှောက်ရေးကော်မတီဖြစ်စေ၊ တစ်ဦးချင်းအလှူရှင်ဖြစ်စေ၊ အစုအဖွဲ့လိုက် အလှူရှင်ဖြစ်စေ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး လှူဒါန်းမှုရှိနေပေမယ့်လည်း လုံလောက်မှုမရှိသေးဘဲ လိုအပ်နေဆဲဖြစ်ပါတယ်။

တောတောင်ထဲစစ်ရှောင်နေရတဲ့သူတွေက အလှူရှင်တွေပံ့ပိုးပေးတဲ့ပစ္စည်းကိုသာ အဓိကအားကိုးမှီခိုနေရပြီး အစစအရာရာအခက်အခဲရှိနေတယ်လို့ ကယန်းဒေသအရေးပေါ်ကယ်ဆယ်ရေး ကော်မတီ Focal Person တစ်ဦးဖြစ်တဲ့ မူအဲမာရီက ပြောပါတယ်။

“တကယ်တမ်းဆိုလို့ရှိရင် တောထဲမှာနေတဲ့ စစ်ဘေးရှောင်တွေက သူကအစစအရာရာဖြေရှင်းနေရတယ်ပေါ့နော။ ဘယ်သူ့ရဲ့အကူအညီမှမဟုတ်ဘဲနဲ့ တကယ့်စစ်ဘေးရှောင်ကော်မတီကနေ အလှူရှင်ကနေ လာပံ့ပိုးပေးတဲ့ပစ္စည်းတွေလောက်ပဲရနေတယ်ပေါ့။ ဆိုတော့ ကျန်တဲ့အရာတွေက သူ့ဘာသာသူ အစစအရာရာဖြေရှင်းနေရတဲ့ အနေအထားမျိုးမှာရှိတယ်ပေါ့နော။ ဆိုတော့ ပြောမယ်ဆိုလို့ရှိရင် လက်ရှိမှာကလည်း တောမှာနေတဲ့အဖွဲ့တွေက ပိုပြီးတော့မှ ခုနကပြောတဲ့ စားနပ်ရိက္ခာတွေကော အနွေးထည်တို့ စောင်တွေ ကိစ္စပေါ့နော ပိုပြီးတော့မှ ခက်ခဲရင်ဆိုင်နေရတဲ့အနေအထားတွေရှိတယ်။”

စစ်ရှောင်စခန်းတွေမှာ လူဦးရေ ပိုမိုများလာတဲ့အတွက် လိုအပ်ချက်တွေလည်း များပြားပြီး ပြည်တွင်းပြည်ပအလှူရှင်တွေကို လှူဒါန်းပေးဖို့ စစ်ရှောင်ကူညီသူတွေက ဖိတ်ခေါ်ထားပါတယ်။

ကရင်နီပြည်နယ်အတွင်းကို ဝင်ရောက်မယ့် ကုန်တင်ကားတွေကို စစ်ကောင်စီဖက်က အထူးတင်းကြပ်စီစစ်နေတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts