spot_imgspot_imgspot_imgspot_img
Saturday, September 14, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ပြည်သူအချင်းချင်းကြားရောင်းဝယ်တဲ့ ဆန်၊ စပါးစျေးနှုန်းကို IEC နဲ့ အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ထိန်းချုပ်သတ်မှတ်ပေးထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေအချင်းချင်းကြား ရောင်းဝယ်နေကြတဲ့ ဆန်၊ စပါးစျေးနှုန်းတွေကို ထိန်းချုပ်ပေးတဲ့အနေနဲ့ IEC ၊ အရပ်ဖက်အဖွဲ့ပူးပေါင်းပြီး ပမာဏတစ်ခုကို သဘောတူ သတ်မှတ်ပေးတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အကြမ်းအားဖြင့်ပြောရင်တော့ ကျနော်တို့ IECအနေနဲ့ စျေးနှုန်းကိုတော့ ဝိုင်းသတ်မှတ်တာရှိတယ်။ ဝိုင်းသတ်မှတ်တယ်ဆိုတာက အဲ့လိုမျိုးပါ စိုက်တောင်သူတွေပါတယ်။ နောက်ပြီးလုပ်ငန်းရှင်တွေပေါ့နော်။ ဆန်စက်ပိုင်ရှင်တွေ ပါတယ်ပေါ့‌နော်။ ပြီးတော့မှ တချို့ လုပ်ငန်းရှင်တွေ။ IEC ကတော့ အဓိကကတော့ IEC ၊ နောက်ပြီး ကျနော်တို့ အရပ်ဖက်ပြည်သူလူထုပေါ့နော်။ ဒီ စားနပ်ရိက္ခာကိုလုပ်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ လုပ်နေတဲ့ CSOs ပေါင်းပြီးတော့ ကျနော်တို့ ဝိုင်းပြီးတော့ သဘောတူတဲ့ပုံစံဖြစ်ပါတယ်ပေါ့” လို့ ဦးဗညားက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာတော့ ဆန် တစ်ပိဿာကို ၃၃၀၀ ကျပ်၊ စပါး တစ်ပိဿာကို ကျပ် ၁၆၀၀ နဲ့ ၁၇၀၀ ဝန်းကျင် သတ်မှတ်ပြီး ရောင်းဝယ်နေကြပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာတော့ ဆန်တစ်ပိဿာကို ၃၁၀၀ ကျပ်နဲ့ ရောင်းဝယ် နေတယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ ရောင်းသူ နဲ့ ဝယ်သူကြား မျှတစေဖို့ ပူးပေါင်းသဘောတူပြီး ဈေးနှုန်း သတ်မှတ်ထားပေမဲ့ လိုက်နာဆောင်ရွက်နိုင်မှု အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

အခုလို စျေးနှုန်းသတ်မှတ်လိုက်တာကြောင့် ဆန်ရောင်းဝယ်မှုထက် စပါး ရောင်းဝယ်မှု ပိုနည်းလာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်နေတဲ့ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“IEC သတ်မှတ်ထားတာတော့ အဆင်ပြေပါတယ်။ ရောင်းသူဝယ်သူ နှစ်ဖက်လုံး မျှပီး အဆင်ပြေအောင်ပေါ့။ ဒါပေမဲ့ ဆန်ဈေးက ဝယ်သူက အချို့က ဈေးမနိုင်တော့ ဆန်ဈေးကိုချပြီး ရောင်းကြတယ်။ အဲ့မှာနောက်ဆက်တွဲက စပါးဈေးပါ လျှော့ဝယ်လာကြတော့ စပါးရောင်းတဲ့ တောင်သူတွေအ‌တွက် ရသင့်ရထိုက်တာ မရတော့ဘူးပေါ့။”လို့ သူက ဆိုပါတယ်။

စပါးစိုက်တောင်သူတွေဘက်ကတော့ စိုက်ခင်းတွေမှာထည့်သုံးရတဲ့ သွင်းအားစုတွေအတွက် ကုန်ကျမှုတွေကလည်း ရှိနေတာကြောင့် ခုလို ပုံသေစျေးသတ်မှတ်ပြီး ရောင်းဝယ်တာဟာ တောင်သူတွေအတွက် နစ်နာကြောင်း ကန္တာရဝတီတိုင်း(မ်)ကို စာရေးသားပေးပို့လာတာ ရှိပါတယ်။

“စစ်ဘေးရှောင်အတွက် တွေးပေးတာ နားလည်ပါတယ်။ တောင်သူလယ်သမားအတွက်ကော ကိုက်ရဲ့လားလို့ တွေးမိဖူးလားပေါ့။ စပါးစျေးကို ထိန်းချုပ်ချင်ရင် ရပါတယ်။ ဒါပေမဲ့ မြေသြဇာစျေး၊ ဒီဇယ်စျေး၊ ဆီစျေး အကုန် ထိန်းချုပ်နိုင်မှ တောင်သူလယ်သမားအတွက်ကော စစ်ဘေးရှောင်အတွက်ကော အဆင်ပြေလောက်မယ် ထင်တာပေါ့ဗျာ။” လို့ ကန္တာရဝတီတိုင်း(မ်)ကို ရေးသားပေးပို့လာတဲ့ စာထဲမှာ ပြောထားပါတယ်။

လက်ရှိရောင်းချနေတဲ့ ဆန်၊စပါး စျေးနှုန်းတွေဟာ ကွာခြားမှုက သိပ်မရှိဘူးလို့ ပြည်ကံ့ကော် စစ်ရှောင်ကူညီရေးအသင်းဝင် ကိုပြည့်စုံက အခုလိုပြောပါတယ်။

“ကျနော်တို့ ဝယ်နေကြဟာဆို စျေးတွေကအရမ်းကြီးတော့ မကွာဘူး။ 502 ရွှေရင်အေး၊ ရွှေအပ် ကတော့ စျေးတူတူပါပဲ။ ဝိတ်ပေါ်မှာပဲ စျေးကွာတယ်။” လို့ ကိုပြည့်စုံကပြောပါတယ်။

IEC နဲ့ အရပ်ဖက်အသင်းအဖွဲ့တွေ သဘောတူ သတ်မှတ်ပေးထားတဲ့ စျေးနှုန်းဟာ အခြေအနေပေါ် မူတည်ပြီး အချိန်မရွေး ပြန်လည် ပြောင်းလဲသတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆန်ကို ပမာဏအများကြီးနဲ့ ဝယ်ယူနိုင်သူတွေဟာ စစ်ရှောင်ကူညီရေးအဖွဲ့တွေ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တာကြောင့် ရောင်းသူ၊ ဝယ်သူအချင်းချင်းအကြား အဆင်ပြေသလို ညှိနှိုင်းပြီး ရောင်းဝယ်ကြတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ကရင်နီပြည်တွင်းမှာ ထွက်ရှိတဲ့ ဆန် ၊ စပါး ကိုသာ ဈေးနှုန်းသတ်မှတ်ထားတာဖြစ်ပြီး ပြည်နယ်ပြင်ပကနေ ဝင်လာတဲ့ ဆန် ၊ စပါးကိုတော့ ဈေးနှုန်းသတ်မှတ်ဖို့ ခက်ခဲနေသေးတယ်လို့ ဦးဗညားက ပြောပါတယ်။

spot_img
spot_img

Recent posts