ကန္တာရဝတီတိုင်း(မ်)
အောက်တိုဘာလ ၉ ရက်နေ့ရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နံနက်ခင်းတစ်ခုမှာ လူမမယ် ကလေးငယ်တွေ ချီထားကြတဲ့ မိခင်တွေ အပါအဝင် လူကြီး၊ လူငယ်တွေက တောင်ပေါ် ကွင်းပြင်ကျယ်ရှိရာဘက်ကို ဦးတည်ပြီး ခြေလျှင်လျှောက်ပြီး ကွင်းပြင်ထဲမှာ နေရာယူနေကြတယ်။
အဲဒီနေရာက ကရင်နီတပ်မတော် ( KA) ရဲ့ စစ်ရေးပြ လေ့ကျင့်ရေးကွင်းပဲ ဖြစ်ပါတယ်။
သူတို့တွေက အခြေခံစစ်သင်တန်းဆင်းပွဲကို အားပေးဖို့ အရောက်လာခဲ့ကြတဲ့ ပရိတ်သတ်တွေပဲ ဖြစ်ပါတယ်။
သူတို့တွေဒီတောင်ပေါ်က ကွင်းပြင်ရောက်ဖို့ တောထဲ၊ တောင်ထဲက လမ်းကြားတွေထဲကနေ တချို့ လူတွေက ခြေလျှင်တချို့ တချို့ကလည်း ရိက္ခာ သယ်ယူသွားလာတဲ့ကားကြုံ တချို့နဲ့ အပင်ပန်းခံပြီး အရောက်လာခဲ့ကြတာပါ။
သူတို့ဒီလို အပင်ပန်းခံပြီး ကရင်နီတပ်မတော် စစ်ရေးပြကွင်းကို အရောက်လာခဲ့ကြတာဟာ စစ်သင်တန်းဆင်းပွဲမှာ သူတို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေ ၊ အမျိုးသား၊ သားသမီး ၊ တူ၊ တူမ တခုမဟုတ်တခု တော်စပ်ကြသူတွေ အပါအဝင် အသက်စွန့်ရမယ့်အလုပ်၊ မိသားစုနဲ့ ဝေးကွာရမဲ့အလုပ်၊ ချစ်ခင်သူတွေနဲ့ ဝေးကွာရမဲ့ အလုပ်ကို လုပ်ကိုင်တော့မယ့် သူတွေကို အားကိုးတကြီးနဲ့ တွေ့ချင်၊ မြင်ချင် လွန်းကြလို့ပဲဖြစ်ပါတယ်။
အမျိုးသားဖြစ်သူ ကရင်နီတပ်မတော်ကနေ ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်းကို တက်ရောက်လို့ လာရောက်အားပေးခဲ့ဖို့ သင်တန်းကွင်းထဲရောက်လာတဲ့ ဒေါ်ညားမြာ ( အမည်လွဲ) ကသူ့ ကလေးကို ချီရင်း သူမ အမျိုးသားဖြစ်သူကို တွေ့ဆုံချင်လို့ အရောက်လာခဲ့တာလို့ ဆိုပါတယ်။
“ကလေးအဖေလဲပါတယ်ဆိုတော့ ကျမတို့ အားပေး အားမြောက်တဲ့အနေနဲ့ လာရခြင်းပဲဖြစ်
ပါတယ်။ ပြီးတော့ ကလေးအဖေလဲပါတယ်လေး ကလေးလဲ သူ့အဖေတွေ့ချင်တာကော အမေကောပေါ့ အဲဒါကြောင့် လာရခြင်းဖြစ်တယ်။”
ဒေါ် ညားမြာ ( အမည်လွဲ) ရဲ့ အမျိုးသားက ရှားတောမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ရဲတပ်သား ဖြစ်ခဲ့ဖူးသူပါ။
အမျိုးသားက စစ်ကောင်စီကို အာဏာဖီဆန်တဲ့အနေနဲ့ CDM ပြုလုပ်ပြီးနောက် ကရင်နီတက်မတော်ထဲ ဝင်ပြီး အခုလို အခြေခံ စစ်သင်တန်း တက်ခဲ့တာဖြစ်ပါတယ်။
သူ့မအမျိုးသား အခုလို အခြေခံ စစ်သင်တန်းတက်ပြီးတော့ သင်တန်းဆင်းလာတဲ့အချိန် အရမ်းဂုဏ်ယူပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။
” ယူနီဖောင်းနဲ့ဆိုတော့ တအားပီတိဖြစ်တယ် ပျော်တယ် ဒါတောင်မှ ဘာအောင်ပွဲမှ မရသေးဘူး ဒီလိုမျိုး မြင်ကွင်းမျိုး စိတ်ထဲမှာ ပီတိဖြစ်ရတယ်ပေါ့။”
ဒေါ်ညားမြာ ( အမည်လွဲ) လိုပဲ သင်တန်းဆင်းပွဲ ရောက်လာတဲ့ ကျောင်းသူတစ်ဦးက သူမရဲ့အစ်မဖြစ်သူနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို တွေ့ချင်လွန်းလို့ လာခဲ့တာလို့ ဆိုပါတယ်။
” မတွေ့တာကြာပြီ သူတို့ကိုတွေ့ရတာပျော်တယ်ပေါ့နော် သူတို့သင်တန်းဆင်းတော့မယ်ဆိုတော့ သူတို့ကိုလာအားပေးတဲ့ သဘောပါ။”
အောက်တိုဘာလ ၉ ရက်နေ့က အခြေခံ စစ်သင်တန်း အပတ်စဥ် (၇၁) သင်တန်း ဆင်းပွဲမှာ တက်ရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သင်တန်းဆင်းပွဲရောက်လာပြီဆိုရင် ရှိသမျှအလုပ်တွေကို ခဏတာ စွန့်ခွာပြီး မိသားစုဝင်တွေအပါအဝင် သင်တန်းတက်တဲ့သူတွေကို အားပေးဖို့ တက်ရောက်လာကြတာပါ။
အပတ်စဥ် ၇၁ ဟာဆိုရင် နေရာဒေသ အသီးသီးမှ သင်တန်းသား အမျိုးသား၊ အမျိုးသမီး အပါအဝင် ၃၇၄ ဦးတက်ရောက်ခဲ့ကြပြီး ကရင်နီတပ်မတော်မှ ဖွင့်လှစ်ခဲ့တဲ့ စစ်သင်တန်းတွေထဲမှ သင်တန်းသားအများဆုံးလို့ သိရပါတယ်။
စစ်သင်တန်းဆင်းပွဲမှာ စစ်ရေးပြအလေးပြု ချီတက်ပြသွားတဲ့ ကရင်နီ ရဲဘော်တပ်သား အသစ်တွေကို လာရောက်အားပေးတဲ့သူတိုင်းဟာ သူတို့ရဲ့စိတ်ထဲမှာ ဒီသင်တန်းသားတွေအပေါ် ချီးကျူးဂုဏ်ယူ မိကြသလို တချိန်တည်းမှာ ဝမ်းနည်း ၊ ဝမ်းသာ ၊ ပျော်ရွှင်တဲ့စိတ်တွေကြောင့် မျက်ရည်တွေ စို့လာခဲ့ကြတဲ့သူတွေ ရှိပါတယ်။
သင်တန်းကွင်းထဲမှာ ရောက်နေတဲ့ အသက်၅၀ ကျော်အရွယ် ဒေါ်နောမာက သူ့တူလေးတွေကို လာအားပေးရင်း သူ့ရဲ့မျက်ရည်ဝဲခဲ့ရတယ်လို့ သူ့မခံစားချက်ကို အခုလို ပြောသွားပါတယ်။
” တူလေးတွေ အများကြီးပါတယ်လေ သင်တန်းမှာ သူတို့ကိုလာကြည့်ချင်တယ်။ ကျမ တအားနဲ့ ချီးကျူး ဂုဏ်ယူတယ် အားပေးတယ်။ ပျော်လည်း ပျော်တယ်။ ငိုလည်းငိုချင်တယ်။ တအားပျော်လို့လေ။ သူတို့ကိုတွေ့ တော့ နာကျင်ခံစားရတယ်။ သူတို့ကိုတောင် စကားပြောမထွက်နိုင်တော့ဘူး။ သွားတော့ မတွေ့ရဲဘူး။ စကားလည်း မပြောရဲသေးဘူး။ ကျမကိုတွေ့ရင် ငိုကြမှာစိုးလို့ ကျမလည်း စိတ်ကိုခိုင်ခိုင်ထားပေမယ့် ငိုချင်တယ်။ “
အခုလို အမျိုးသားအရေးအတွက် တိုင်းပြည်လွတ်မြောက်ဖို့ အတွက် တိုက်ပွဲဝင်နေကြတဲ့ ကရင်နီ လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ မိသားစုတွေကတော့ နောက်ကွယ်မှာ ဂုဏ်ယူပီတိ ဖြစ်ကြသလို စိုးရိမ်စိတ်တွေလည်း ရှိနေကြရမှာ အမှန်ပါပဲ။