spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

စစ်အုပ်ချုပ်ရေးကြေညာတာဟာ လူထုကို ခြိမ်းခြောက်မှုသာဖြစ်တယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆို

ကန္တာရဝတီတိုင်း(မ်)

အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ ကရင်နီပြည် အတွင်း မြို့နယ် ၄ ခု ဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး(Martial Law) အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လာ ပါတယ်။

အခုလို စစ်အုပ်ချုပ်ရေးကြေညာတာဟာ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ နယ်မြေစိုးမိုးမှု လုံးဝမလုပ်နိုင်တဲ့အတွက် လူထုကိုအကြောက်တရားသွင်းပြီး အာဏာတည်မြဲဖို့လုပ်တာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး ပြောပါတယ်။

“ သူတို့ မထိန်းချုပ်နိုင်တော့ဘူးပေါ့နော။ သူတို့ အုပ်ချုပ်ရေးတွေလည်း မလုပ်နိုင်တော့ဘူး။ အထူးသဖြင့်ကတော့ ဒီးမော့ဆိုတို့ ဖရူဆိုတို့ ဆိုလို့ရှိရင် သူတို့ လုံးဝ လူတွေတောင် မရှိတော့တဲ့ မြို့လိုမျိုးဖြစ်တယ်ပေါ့နော။ မြို့တွေမှာ လူတွေ မနေနနိုင်လောက်တဲ့အထိ ဖြစ်သွားပြီ။ ကျေးရွာတွေပဲ ကျန်တော့တယ်ပေါ့။ အဲကျေးရွာတွေလည်း စစ်ကောင်စီတပ်က သူတို့ရဲ့ ယန္တာရားတွေကို မဖြန့်ထားနိုင်ဘူး။ အဲဒါတွေကြောင့် သူတို့က ဒီလို စစ်အုပ်ချုပ်ရေးကို ကြေညာတာ ပါကောင်းပါနိုင်တယ်ပေါ့နော။ ” လို့ (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်အုပ်ချုပ်ရေးဖြစ်စေ၊ ဒေသန္တာရအုပ်ချုပ်ရေးဖြစ်စေ ပြဌာန်းထားတဲ့အပေါ်မှာ ကွာခြားတာ မရှိသလို ပြည်သူလူထုကို ခြိမ်းခြောက်လိုက်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာထားတဲ့ မြို့နယ် ၄ ခုဟာ စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို မဆောင်ရွက်နိုင်တဲ့ ဒေသတွေဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ပြည်သူလူထုတွေ မရှိဘူးပေါ့နော။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ တစ်စုံတစ်ရာ သူတို့ ရဲ့ အုပ်ချုပ်မှုအောက်မှာတော့ မရှိဘူးပေါ့နော ပြည်သူတွေက။” လို့ သူကပြောပါတယ်။

စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ် ၄ ခုမှာ တိုက်ပွဲတွေ ပြင်းထန်တဲ့ နေရာတွေဖြစ်ကြပြီး ဒေသခံတွေဟာ နေရပ်မပြန်နိုင်တော့တာ ၂ နှစ် နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး‌ အဖြစ် မြို့နယ် ၄ ခုကို ကြေညာ လိုက်တာနဲ့ ပတ်သက်ပြီး ကရင်နီပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က အခုလို ပြောပါတယ်။

” အခုက သူတို့က အဲဒီလေးမြို့နယ်ကိုပဲ သူတို့ သတ်မှတ်တယ်ဆိုတာက အထူးသဖြင့် စစ်ဘေးရှောင်တွေ ရှိတဲ့နေရာရယ်။ နောက်ပြီးတော့မှ ကျနော်တို့ တပ်တွေရှိတဲ့နေရာဆိုတော့ အဲဒါမျိုးကို သူတို့ ရှင်းလင်းနိုင်ဖို့ မာရှယ်လောဆိုတာက ပစ်ခွင့်ရတဲ့ နယ်မြေပဲပေါ့။ ”

စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်အာဏာသိမ်းယူပြီး အရေးပေါ်ကာလအဖြစ် ၆ လ သက်တမ်းတိုးတာ ၃ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ ကရင်နီမှာဆိုရင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( လွိုင်ကော် ) ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)နယ်မြေဖြစ်တဲ့ ပြည်နယ်တွင်းရှိ အဲဒီလေးမြို့နယ်ရဲ့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်တယ်လို့ ဆိုထားပါတယ်။

ကရင်နီပြည်နယ်အပါအဝင် ချင်းပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းရှိ စုစုပေါင်း မြို့နယ် (၃၇) မြို့နယ်ကို စစ်အုပ်ချုပ်ရေး အဖြစ် ကြေညာခဲ့ပြီး အဲဒီဒေသတွေဟာ စစ်ရေးပဋိပက္ခပြင်းထန်တဲ့ဒေသတွေ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ် အတွင်း ကရင်နီပြည်မှာ တိုက်ပွဲအကြိမ်ရေ ( ၅၆၂ ) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အာဏာသိမ်းကာလသက်တမ်းတိုးပြီး လက်ရှိ အချိန်အထိလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အာဏာသိမ်းကာလကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၆ လထပ်မံသက်တမ်းတိုးထားပါတယ်။

spot_img
spot_img