မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)
မော်ဌေးမြာ တစ်ယောက်ကတော့ အလှသိပ်ကြိုက်သူ မဟုတ်ပေမယ့် သူတပါးကို သိပ်လှစေချင်တဲ့ အမျိုးသမီးတစ်ဦးပါ။ သူမက အသက် ၂၇ နှစ် ပါ။ အိမ်ထောင်ရှင်မ တယောက်လည်းဖြစ်ပါတယ်။
သူမ ရဲ့ အိမ်မက်ကတော့ အလှပြင်ဆိုင်ဖွင့်၊ အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်ပြီး သူတပါးကို လှပနေအောင် ပြင်ဆင်ပေးချင်သူပါ။ အခုတော့ အဲ့ဒီ အိမ်မက်လေးက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပါပြီ။
အလှပြင်ဆိုင်ဖွင့်ဖို့ ငါးနှစ်ဝန်းကျင် ကြိုးစားလာခဲ့ရင်း စုဆောင်းထားတဲ့ ပစ္စည်းတွေ စုံလုနီးပါးနဲ့ စမ်းသပ်လုပ်ဆောင်နေချိန်မှာ အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ မော်ဌေးမြာ တို့ မိသားစုနေအိမ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းက ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့ ကာလအတွင်းမှာ မီးလောင်ပျက်စီးပြာကျသွားခဲ့ပါတယ်။
အခုတော့ မော်ဌေးမြာ တို့ နေအိမ်ဟာ အုတ်နံရံကျိုး အပိုင်းအစလေးနဲ့ သူမ အမြတ်တနိုး ဝယ်ထားတဲ့ မီးမြိုက်ထားလို့ သံချောင်းတွေသာကျန်တဲ့ ခေါင်းလျော်စင်လေးသာ ကျန်ရှိနေပါတယ်။
“ငါးနှစ်လောက်တောင်ရှိပြီထင်တယ်။ တစ်နှစ်ကို နည်းနည်းစီ ဝယ်စုရတာပေါ့။ ဆံပင်ညှပ်စက်တို့ နည်းနည်းပါးပါး တစ်နှစ်ကို နည်းနည်းစီ အရင်ဝယ်ရတာ။ အဲ့ဒါနဲ့ နည်းနည်းစုံပြီဆိုမှဘဲ အကုန်လုံးပါသွားရော။” လို့ မော်ဌေးမြာ တစ်ယောက် မီးလောင်ပျက်စီးသွားတဲ့ သူမ ရဲ့ အိမ်နေရာလေးမှာ မတ်တပ်ရင်း ပြောပြနေပါတယ်။
အထက်ပါ စကားတွေဆို ပြောနေတဲ့အချိန်မှာ သူမရဲ့မျက်နှာမှာတော့ ဆုံးရှုံးမှုတွေကို နှမြောစိတ်အပြင် နောက်ဆက်တွဲပူပန်စရာတွေရှိနေတဲ့ မျက်ဝန်းလေးနဲ့မို့ အလှပြင်ဆိုင်ဖွင့်ဖို့ အိမ်မက်က ဘယ်လောက်အထိ သူမအတွက် အရေးပါသလဲဆိုတာ သိသာစေပါတယ်။
ဆက်ပြီးစကားစမြည်ပြောရင်း ဆုံးရှုံးသွားတာဟာ ပစ္စည်းဥစ္စာချည်းသက်သက်မဟုတ်ပဲ သူမရဲ့ ကြီးမားတဲ့ အိမ်မက်တစ်ခုပါ။
ဒါ့အပြင် သူမ ရင်းထားသမျှ ငွေကြေးတွေဟာ မီးမြိုက်လောင်ကျွမ်းသွားခဲ့တာတင်မကဘဲ အဲ့ဒီအလှပြင်ဆိုင်ဖွင့်ဖို့ ချေးယူသွားတဲ့ ငွေပမာဏ ကျပ်သိန်း ၂၀ ကို ဒီကနေ့အထိ မဆပ်နိုင်သေးတာက သူမအတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းထားနေရသလို ဖြစ်နေတာကြောင့် စိုးရိမ်ပူပန်မှုအပြည့်နဲ့ သူမရဲ့ နေ့ရက်တွေကို လျှောက်လှမ်းနေရတယ်ဆိုတာ သူမ ရဲ့ မျက်နှာကို မြင်သူတိုင်းက ခံစားနေမိမှာ အမှန်ပါဘဲ။
“ပိုက်ဆံက အဲ့ဒါကို ဝယ်ဖို့လုံလုံလောက်လောက်လည်း မရှိခါကျတော့ နည်းနည်းချေးလိုက်ရတာပေါ့။ သူများဆီကို။ ယောင်းမဆီကို ချေးလိုက်တာ။ အဲ့ဒါ အကြွေးကျန်ခဲ့တာပေ့ါ။ အခုတော့ မဆပ်ရသေးဘူး။ ဆပ်နိုင်တဲ့အချိန် ပြန်ဆပ်ရမယ်။” လို့ မော်ဌေးမြာ က သူမမှာ အကြွေးကျန်နေသေးတဲ့အကြောင်းကို နုတ်ခမ်းလေးက ရယ်နေသယောင်ပြုံးရင်းပြောပြနေပေမယ့် ပူပန်မှုတွေကို မျက်နှာပေါ်မှာ အထင်းသားမြင်နေရပါတယ်။
ဒီကနေ့ခေတ်မှာ ကျပ်ငွေ သိန်း ၂၀ ဆိုတာ ပစ္စည်းတွေကို ဝယ်ယူရင် မပြောပလောက်သာ ရလာပေမယ့် အဲ့ဒီ သိန်း ၂၀ ဆိုတဲ့ ပမာဏကို ရှာနိုင်ဖို့က ခက်ခဲလှတဲ့ အနေအထားပါ။ အထူးသဖြင့် စစ်ဘေးရှောင်ရသလို နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် မိသားစုဝင်တွေထဲ ပြင်ပနိုင်ငံတွေမှာ အလုပ်လုပ်သူ မရှိတဲ့သူတွေဟာ ဒီကနေ့အချိန်မှာ အခက်အခဲဆုံးသော မိသားစုတွေလို ဖြစ်နေတာပါ။
“ဒီမှာက တောင်ယာဘဲ လုပ်ခါကျတော့ တောင်ယာဘဲ တကုန်ကြိုးစားလုပ်ရတာပေါ့။ နှစ်တိုင်း အရင်နှစ်တွေတုန်းကလည်း ကြိုးစားခဲ့တယ်။ ဒါပေမယ့် မရခဲ့ဘူး။ မပြေးခင်တုန်းကတော့ ရပြီဆိုမှဘဲ အကုန်လုံးပါသွားတော့ စိတ်မကောင်းဘူး။” လို့ မော်ဌေးမြာ က သူမ အလှပြင်ဆိုင်ဖွင့်နိုင်ဖို့ တောင်ယာလုပ်ငန်းကိုသာ အားကိုးပြီး ကြိုးစားစုဆောင်းခဲ့ရပုံကို ပြောပြတာပါ။
မော်ဌေးမြာဟာ အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်လာဖို့ လွိုင်ကော်မြို့က အလှပြင်ဆိုင်တဆိုင်မှာ ပညာသင်ယူခဲ့ပြီး အဲ့ဒီဆိုင်မှာဘဲ တစ်နှစ်အလုပ်လုပ်ဖို့ ပြန်လည်ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီဆိုင်ရှင်လေးဟာ ပညာတွေကို အခမဲ့သင်ကြားပေးတာကြောင့် သူ့ဆိုင်မှာ လုပ်ခလစာမရဘဲ တစ်နှစ်တိတိ ပြန်လည်ကူညီဆောင်ရွက်ပေးခဲ့တာတွေအပြင် သူမ လုပ်ငန်းစတင်လည်ပတ်တဲ့နေ့အထိ ငါးနှစ်ဝန်းကျင် အချိန်၊ ငွေ၊ လူအား ရင်းခဲ့ရပါတယ်။
ကံကြမ္မာရဲ့ မျက်နှာသာမပေးမှုကြောင့်လို့ ဆိုရမလား…။ မော်ဌေးမြာဟာ ၂၀၂၂ ခုနှစ်မှာ အလှပြင်ဆိုင်ဖွင့်နိုင်ဖို့ စိတ်အားထက်သန်စွာ စုဆောင်းထားသမျှ ငွေကြေးတွေကိုကိုင်ရင်း လိုအပ်တဲ့ပစ္စည်းတွေကို လွိုင်ကော်မြို့မှာ သွားဝယ်ရင်း အပြန်လမ်းမှာ ယာဉ်မတော်တဆမှုနဲ့ ကြုံခဲ့ရပြီး လက်ကျိုးတဲ့ဒဏ်ကိုလည်း ခံစားခဲ့ရပါသေးတယ်။
“ကျမ က ကံဆိုးတာလား မသိဘူး။ ပစ္စည်းသွားဝယ်တော့ လမ်းမှာ ကားမှောက်တယ်။ ကားမှောက်တော့ လက်ကျိုးသွားတယ် အလုပ်မလုပ်နိုင်ဘူး။ ဒဏ်ရာသက်သာတဲ့အထိ စောင့်ရတာပေါ့။ ခွဲရသေးတယ် စတီးချောင်းထည့်ပြီးတော့။ အဲ့အချိန်က မလုပ်နိုင်သေးဘူး။ နည်းနည်းအနာကျက်တဲ့အချိန်ကျမှ ကျမ လုပ်တာ။ ၃ လပိုင်းကျတော့ ပြေးရတယ်ဆိုတော့ ဘယ်လောက်မှ မလုပ်လိုက်ရပါဘူး။” လို့ မော်ဌေးမြာက သူမ ကြုံခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြပါတယ်။
မော်ဌေးမြာဟာ သူမတို့ မိသားစုပိုင်နေအိမ်လေး နှစ်ထပ်အိမ်လေးဖြစ်လာဖို့ အနှစ်နှစ်အလလ ကြိုးစားခဲ့ရပါတယ်။ ပျဉ်ထောင်အိမ်လေးကနေ အောက်ထပ်ကိုအုတ်စီနိုင်ဖို့ တစ်နှစ်ကို နှမ်းစိုက်ပြီး ရောင်းရငွေတွေထဲက အနည်းငယ်စီစုဆောင်းထားရတယ်လို့ ဆိုပါတယ်။
“တစ်နှစ်ကို နည်းနည်းချင်းစီ လုပ်ရတာပေါ့။ အစကတော့ အောက်မှာ အုတ်မစီသေးဘူး။ အပေါ်ဘဲ ဆောက်သေးတယ်။ အဲ့ဒါနဲ့ နောက်တစ်နှစ်ကျတော့ အထဲနည်းနည်းစီတယ်။ ပြီးတော့ အဲ့ဒီမပြေးခင်မှာဘဲ အရှေ့ပိုင်းကို ပြင်လိုက်တာ။ ပြင်လည်းပြင်လိုက်တယ် ပြီးတော့ အလှကုန်ပစ္စည်းလည်း ဝယ်လိုက်တယ်။ အဲ့ဒါနဲ့ ပြေးတဲ့အချိန်မှာ ပိုက်ဆံ မရှိဘူး လက်ထဲမှာ။” လို့ မော်ဌေးမြာက သူမတို့မိသားစုပိုင်နေအိမ်လေး နှစ်ထပ်အိမ်ဖြစ်လာဖို့ ကြိုးစားခဲ့ရပုံကို ပြောပြနေတာပါ။
မွေးချင်းမောင်နှမ ၄ ဦးထဲမှာ အငယ်ဆုံးဖြစ်တဲ့ မော်ဌေးမြာကတော့ လက်ရှိမှာ အသက် ၇ နှစ်အရွယ်သားလေးတစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ အခုတော့ သူမဟာ ခင်ပွန်းသည်၊ သားလေးနဲ့အတူ မီးလောင်ပြာကျသွားတဲ့ ခြံဝန်းထဲက နေအိမ်လေးဘေးမှာ တဲအိမ်လေးဆောက်ပြီး ပြန်လာနေထိုင်နေပါပြီ။
အိမ်ခြေ ၃၂၀ ရှိတဲ့ ဒေါညေးခူကျေးရွာမှာ မော်ဌေးမြာတို့လို နေအိမ်မီးလောင်ပြာကျသွားတဲ့အိမ်ခြေ ၂၀ ကျော်နဲ့ ထိခိုက်ပျက်စီးသွားတဲ့ အိမ်ခြေ ၂၀ ကျော် ရှိပါတယ်။ စားဝတ်နေရေးအတွက် စပါး၊ မြေပဲ၊ နှမ်း စတာတွေကို အနည်းငယ်စီစိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။ မော်ဌေးမြာတို့ မိသားစုအပါအဝင် သူတို့ကျေးရွာက မိသားစုတွေဟာ စိုက်ပျိုးရေးလုပ်ငန်းကိုသာ အားထားပြီး အသက်မွေးဝမ်းကျောင်း ပြုကြတာ ဖြစ်ပါတယ်။
အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်ဖို့ လက်လွတ်ဆုံးရှုံးခဲ့ရပေမယ့် အသက်မွေးဝမ်းကျောင်းပညာတစ်ခုဖြစ်တာကို နှမြောနေတာကြောင့် အခွင့်ရှိရင် ထပ်မံကြိုးစားလိုကြောင်းကို အခုလိုဘဲ ပြောဆိုသွားပါတယ်။
“ကြိုးစားသွားမယ်ဆိုရင်လည်း အရင်းနှီးလည်း မရှိဘူးဆိုတော့။ ရှိရင်တော့ ကြိုးစားချင်သေးတာပေါ့ အရင်းနှီးက။”
မော်ဌေးမြာလို ဘဲ စစ်အာဏာသိမ်းမှုကြောင့် ကိုယ်စီအိမ်မက်၊ ဘဝတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေ ကရင်နီမှာသာမက မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးပါဘဲ။ သို့ပေမယ့် လက်လျော့ပြီး အရှုံးပေးနေသူတွေတော့ မဟုတ်.။ တတ်တဲ့ပညာ၊ ကျရာကဏ္ဍမှာ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီး စစ်အာဏာရှင်ကို တွန်းလှန်ရင်း မိမိဘဝအတွက်လည်း ရုန်းကန်ရင်း ရှေ့ဆက်လျှောက်နေကြပါတယ်။