spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

စပါးပိုးကျမှုတွေကြောင့် ဒေသခံတောင်သူတွေ အခက်တွေ့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတချို့မှာ ဒေသခံတောင်သူတွေရဲ့ စပါးစိုက်ခင်းတွေမှာ ပိုးကျတာတွေနဲ့ကြုံတွေ့နေတာကြောင့် အခက်တွေ့နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

လွိုင်နန်းဖကျေးရွာဖက်က လယ်ယာစိုက်ခင်းတချို့မှာ စပါး ငါးဧက ၀န်းကျင်လောက် ပိုးကျတဲ့ လက္ခဏာ တွေ့ရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“စစဆို ကျနော်တို့တွေ့ရတာကတော့ အနှံနုတဲ့ချိန်ဆို အလယ်မှာတော့ အညွှန့်ကပိုးအကုန်စားကုန်တယ်။ ရင့်တဲ့ချိန်တော့နည်းနည်း‌ပျောက်သွားတယ်။ အခုနောက်ပိုင်းဆို ရင့်လာတဲ့အချိန်ဆို အရွက်ဝါတာ ပြန်တေွ့ရတယ်။ နှုတ်ကြည့်တဲ့အချိန်ကျတော့ အမြစ်ကစုပ်အားမရှိပြန်ဘူး အသက်ရှင်ဖို့အပင်က အားလဲမရှိပြန်ဘူး။ သူ့ဟာ အဝါ ဒီတိုင်းပဲရပ်နေပြီးတော့ အနှံလည်း မထွက်နိုင်ဘူးပေါ့ အဲ့ဒါတွေရှိတယ်” လို့ ဆိုပါတယ်။

အခုလို စပါးပိုးကျတာတွေကြောင့် ရင်းနှီးထားတဲ့ ပမာဏအတိုင်း စပါးပြန်မရမှာကို စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်ယာ၊ လယ်ယာလုပ်ငန်းကိုသာ ဒေသခံတွေဟာ စား၀တ်နေရေးအတွက် အားကိုးမှီခိုရတယ်လို့ ဆိုပါတယ်။

“ဒေသခံရဲ့အခက်အခဲကတော့ တော်တော် ကြုံရတယ်ပေါ့နော်။ လယ်ယာလုပ်တဲ့အရင်းအနှီးလည်း အများကြီးကုန်ထားတယ်။ ပြီး‌တော့ ကျနော်တို့ ဒီစပါးပိုးကျတဲ့ အချိန်မှာ မြေဩဇာက တစ်ပုံသုံးမယ်ဆိုရင် နှစ်ပုံ၊ သုံးပုံအထိ အဆင့်တိုးပြီး သုံးနေရတဲ့အချိန်မှာ အခက်ခဲကတော့ ကုန်ကျစရိတ်တွေ
ပိုပြီးတော့ များလာတယ်။ အထွက်နှုန်းတွေပိုပြီးနည်းလာတယ်။ လယ်သမားတွေရဲ့ ဖူလှုံမှုလည်း အခက်အခဲရှိလာတယ်ပေါ့နော်” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

အာဏာမသိမ်းခင်က ကျေးရွာတွေမှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အသိပညာပေး သင်တန်းလာပေးတာတွေ ရှိခဲ့ဖူးပေမယ့် လက်ရှိမှာတော့ သင်တန်းပေးတာမျိူးတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ အသိပညာပေးမှုကို လာရောက်ပို့ချပေးပါက တောင်သူတွေအတွက် ပိုမိုအဆင်ပြေစေနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စပါးပိုးကျတာတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

spot_img
spot_img