spot_imgspot_imgspot_imgspot_img
Thursday, November 21, 2024
spot_imgspot_imgspot_imgspot_img

စပါးအထွက်နှုန်း နည်းတာကြောင့် ရေရှည်မှာ စားဝတ်နေရေးအတွက် ပူပန်နေတဲ့ တောင်သူတွေရဲ့ စကားသံများ

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် မတ်လက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် တောင်ယာစပါး မစိုက်ပျိုးနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုနှစ်မှသာ ကျေးရွာအတွင်းပြန်လည်နေထိုင်ကာ စိုက်ပျိုးရေးကို ပြန်လည်လုပ်ကိုင်ကြတဲ့ ဒေါတမကြီးကျေးရွာအုပ်စုထဲက ကျေးရွာ ၃ ရွာဟာ ယခုနှစ် ရာသီဥတုမမှန်တာကြောင့် စပါးအထွက်နှုန်း လျော့ကျပြီး အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တောင်ယာစပါးကို အဓိက အားထားစိုက်ပျိုးကြတာကြောင့် ရေရှည်မှာ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုနေကြတဲ့ ဒေသခံတောင်သူတွေရဲ့ စကားသံတွေကို ဖော်ပြလိုက်ပါတယ်။

ဦးဖျားရယ် (အသက်၆၄နှစ် အရွယ် တောင်သူတစ်ဦး)

“အခု ကျနော်တို့ စိုက်ထားတဲ့ စပါးတွေ မအောင်ဘူး။ ရေရှည် သားသမီးတွေ စားဝတ်နေရေးအတွက် ခက်ခဲတယ်။ ကျနော်တို့က မိသားစုဝင်ဦးရေ များတယ်။ ဝယ်စားမယ်ဆိုလည်း ဆန်တစ်အိတ်ကို (၁) သိန်းကျော်ထိရှိတယ်။ စပါးကလည်း မအောင် ဖြစ်နေတော့ စိတ်ထဲမှာ အရမ်းပင်ပန်းတယ်။ ဘာသွားစားသောက်ကြမလဲပေါ့”

ဦးဖရေရယ် (အသက် ၄၀နှစ် အရွယ် တောင်သူတစ်ဦး)

“ဒီတစ်နှစ်တော့ စပါးလုပ်ရတာ ရှုံးတယ်။ ဘာဖြစ်လို့လည်းဆိုရင် ရာသီဥတုက ဖောက်ပြန်တယ်။ ပိုးတွေလည်း ကျတယ်။ ဒီနှစ်စပါးတွေကတော့ ခါတိုင်းနှစ်ထက် ရှုံးတယ်ပေါ့။ ဒီနှစ်က စပါးမရတဲ့ အခါကျတော့ နောက်တစ်နှစ်အတွက် ကိုယ့်ရဲ့ သားသမီး ကို ကျွေးမွေးဖို့ဆိုရင် ဝင်ငွေကလည်း မရှိ ။ အခုဆိုရင် ဆန်က တစ်အိတ်ကို ၁ သိန်း ၊ ၁ သိန်းခွဲ လောက်ထိ ရှိခါကျတော့ လာမယ့်နှစ်အတွက်ဆိုရင် တော်တော်လေး ပူပန်နေရတာပေါ့။ အခုက ကျနော်တို့ စားဝတ်နေရေး အဆင်မပြေတဲ့ ကြားထဲက နိုင်ငံရေး ပဋိပက္ခ ဖြစ်နေတော့ ကျနော်တို့ လုပ်ကိုင် စားသောက်ရတာ လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း မရဘူး။ အရေးထဲ ကျနော်တို့ သားသမီး ပညာရေးလည်း တစ်ဖက်၊ စားဝတ်နေရေးတစ်ဖက်ဆိုတော့ တော်တော်လေး ပူပန်စရာတွေတော့ ဖြစ်တာပေါ့”

ဒေါလျားမိုး (အသက် ၃၆နှစ် အရွယ် တောင်သူတစ်ဦး)

“ပြေးရလွှားရတော ဒီနှစ်မှ ရွာထဲပြန်လာနေရတော စိုက်ကြမယ်ပေ့ါ။ ကံမကောင်းတော့ မိုးမမှန်တော့ ပိုးကျကုန်တယ်။ ပုံး (၂၀) ပဲ ရတယ်။ နောက်ပိုင်း ကလေးတွေကို ဘယ်လို ရှာကျွေးရမလဲ မသိတော့ဘူး။ တောင်ယာတစ်မျိုးပဲ စိုက်တတ်တယ် ။ အပြင်ငွေလည်း မရှာတတ်ဘူး။ ဒီနှစ်အတွင်းတော့ ဘာတွေစားကြရမလဲ မသိတော့ဘူး”

ဦးဖရဲရယ် (အသက် ၆၄နှစ် အရွယ် တောင်သူတစ်ဦး)

“ ကျနော် ၁ ဧက လောက်စိုက်ထားတာပေါ့နော်။ မိုးရွာတော့ ရေကြီးတယ်လေ။ အဲ့ဒါနဲ့ စပါးတွေ အကုန်ပျက်ကုန်တယ်။ ဘာမှ ပြန်မရတော့ဘူး။

ဒေါဖရေမြာ (အသက် ၃၅ နှစ်အရွယ် စစ်ရှောင်တောင်သူတစ်ဦး)

“စပါးစတင်စိုက်ပျိုးတာကနေ ပြန်ရတဲ့ အချိန်ထိ အရင်းက ၆ သိန်းကုန်ပါတယ်။ ပြန်ရတာက ၁ ပုံးပဲ ပြန်ရပါတယ်။ မကောင်းဘူး။ မြေကြီးကလည်း ခြောက်တော့။ သူများဟာတွေဆို ကောင်းသေးတယ်။ ကျမဟာက လုံးဝမကောင်းဘူး ။ အနှံလည်း မထွက်လာဘူး”

ဒေါ်ဌေးမို ( အသက် ၂၉ နှစ်အရွယ် တောင်သူတစ်ဦး)

“နောက်တစ်နှစ်အတွက်ဆို အခုဒီတစ်နှစ်ကစပေါ့ ကလေးတွေအတွက်ကော မိသားစုတွေအတွက်ကော နောင်ရေးအတွက်ဆို တအားဒုက္ခရောက်တယ်။ ပြီးတော့ ကျန်းမာရေးကော အဲ့ဒါနဲ့လည်း တအားဒုက္ခရောက်တယ်။ ကုန်ဈေးနှုန်းကလည်း အရမ်းတက်နေတော့ ဆန်ဝယ်စားရမှာလည်း ဈေးကလည်း ကြီးတယ်။ စဉ်းစားရ တော်တော်ခက်နေတယ်။ ကလေးတွေနဲ့ နေရတာဆိုတော့”

spot_img
spot_img