spot_imgspot_imgspot_imgspot_img
Sunday, March 30, 2025
spot_imgspot_imgspot_imgspot_img

စာသင်ကြားမှုအပြင် လက်တွေ့ ကွင်းဆင်းမှုပါ သင်ကြားဆောင်ရွက်ပေးနေတဲ့ KSDC ကျောင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီ နယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း ( KSDC ) ကျောင်းဟာ စာသင်ကြားမှု သာမက လက်တွေ့ သင်ကြားမှုပါ ဆောင်ရွက်ပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

အခုလို လက်တွေ့ကွင်းဆင်းစေတာဟာ ကျောင်းသူ/သားတွေအတွက် ပိုမိုကောင်းမွန် တိုးတက်မြန်စေတဲ့ သင်ကြားမှုတစ်ခုဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ချိန်မှာ အထောက်အကူအများကြီး ဖြစ်စေတယ်လို့လည်း ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောဆိုမှုမှာ ထည့်သွင်းပြောကြားသွားတာပါ။

“ကျမ ဒီကျောင်းတက်ခဲ့ရတဲ့ ရည်ရွယ်ချက်က ဒီကျောင်းပြီးသွားပြီဆိုလို့ရှိရင် ကျောင်းပြီးသွားတဲ့သူတွေက ဒီအသိုင်းအဝန်းမှာ ပြန်ကူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ဆိုတော့ ကျမကလည်း ကျောင်းပြီးသွားပြီဆိုလို့ရှိရင်လည်း သင်ကြားထားတဲ့ ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ ကိုယ့်ရဲ့ ဌာနဆိုင်ရာအသီးသီးမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ပြန်ပြီး မှ ကူပေးနိုင်အောင် ဒီကျောင်းကို တက်ခဲ့ရခြင်းဖြစ်တယ်။”လို့ ကျောင်းသူ တစ်ဦးဖြစ်တဲ့ မော်ဆော်မိုးက ဆိုပါတယ်။

ကရင်နီလူမှုဖွံ့ဖြိုးရေး သင်တန်းကျောင်း မှာ Basic Course နဲ့ Advanced Course ဆိုပြီး Program ၂ ခု ရှိကာ Basic Course မှာတော့ လက်တွေ့သင်ကြားမှု မရှိပေမယ့် အဆင့်မြှင့်ကျောင်း Advanced Course အတန်းမှာတော့ စာတွေ့အပြင် လက်တွေ့ ကွင်းဆင်းသင်ကြားမှုပါ ဆောင်ရွက်ပေးလျက်ရှိနေတာပါ။

မွေးရပ်မြေတွေမှာ ပညာဆက်လက် သင်ယူခွင့်မရတဲ့ ကျောင်းသားလူငယ်တွေကို အခုလို ပညာဆက်လက် သင်ယူခွင့်ရအောင် ဆောင်ရွက်ပေးသူတွေကို ကျေးဇူးတင်တယ်လို့ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ပလျားမြာက ပြောပါတယ်။

“ ကျမတူတွေက ဒီမှာဘွဲ့လာယူကြတယ်ပေါ့နော်။ ကျမအရမ်းကူညီပေးချင်ပေမယ့် ဘာမှ မလုပ်ကူပေးနိုင်ခဲ့တော့ လာကြည့်ပြီး အားပေးတယ်အဲ့လိုပေါ့။ ဒီလိုကူညီ ထောက်ပံ့ပေးတဲ့ သူရှိတာကိုလည်း ကျေးဇူးတင်တယ်။ ဆရာ/ဆရာမတွေအပြင်ပေါ့နော် တခြား ကူညီထောက်ပံ့ပေးတဲ့ သူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။”လို့ ဒေါ်ပလျားမြာက ဆိုပါတယ်။

KSDC ကျောင်းမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေထဲမှာ နိုင်ငံရေးဘာသာရပ်လည်း အပါအဝင်ဖြစ်ပြီး လက်ရှိ မြေပြင်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပိုမို ဆက်စပ်တာကြောင့် ကျောင်းဆက်လက် တက်လိုသူတွေကိုလည်း တိုက်တွန်းချင်တယ်လို့ ကျောင်းသူ မော်ပါးမြာက ပြောပါတယ်။

“ကျန်နေသေးတဲ့ ညီငယ် ညီမငယ်တွေကို ကျမ တိုက်တွန်းချင်တာကပေါ့နော် ဒီနိုင်ငံရေးက လူသားအားလုံးနဲ့ ဆက်စပ်တာပေါ့နော်။ အကုန်လုံး ဆက်စပ်နေတာဖြစ်တဲ့အတွက် ကြောင့်မလို့ ဒီကျောင်းကို လာဂျွိုင်းလည်း မမှားဘူးပေါ့နော်။ ဘာလို့လဲဆို‌တော့ဒီကျောင်းက လူငယ်တွေကို အများကြီး မွေးထုတ်ပေးနိုင်တယ်။ ဒီနိုင်ငံရေးလောကမှာလည်း အများကြီး ပါဝင်ကူညီပေးနိုင်တဲ့ အတွက်ကြောင့်မို့ဖြစ်တယ်။ “လို့ မော်ပါးမြာက ဆိုပါတယ်။

လက်ရှိမှာတော့ KSDC ကျောင်းဟာ အခြေခံသင်တန်းကျောင်း ၂၃ကြိမ်မြောက်နဲ့ အဆင့်မြှင့်သင်တန်းကျောင်း ၁၅ ကြိမ်‌မြောက် ပြီးမြောက်သွားပြီဖြစ်ပြီး ဒီကနေ့မှာ သင်ယူ ပြီးမြောက်သွားတဲ့ ကျောင်းသူ/သားပေါင်း ၈၆ ဦးကို လက်မှတ်ပေးအပ်ခဲ့ပါတယ်။

ဘာသာရပ်အနေနဲ့ ကွန်ပျူတာ၊ လူမှုဖွံ့ဖြိုးရေး၊ နိုင်ငံရေး နဲ့ ဥပဒေ ဆိုင်ရာဘာသာရပ်တွေကို သင်ကြားပေးခဲ့ပြီး အဆိုပါ ဘာသာရပ်တွေကို အခြေခံကျောင်းမှာ အခြေခံအဆင့်သာ သင်ကြားပေးပြီး အဆင့်မြှင့်ကျောင်းမှာတော့ ပိုမိုတိုးမြင့် သင်ကြားပေးနေတယ်လို့ ကျောင်းသားတွေဆီကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts