ကန္တာရဝတီတိုင်း ( မ် )
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ မိုဗြဲရေကာတာကနေ ရေဖောက်ချမှုကြောင့် ဒေသခံတောင်သူလယ်သမားတွေရဲ့ စပါးခင်းထောင်ချီ ရေနစ်မြှုပ်ခဲ့ရပါတယ်။ လတ်တလောမှာတော့ ရေပြန်ကျပေမယ့် နစ်မြှုပ်တဲ့ စပါးခင်းအများစုကတော့ ပျက်စီးခဲ့ပါတယ်။ စားဝတ်နေရေးအတွက် ဆန်စပါးကို အဓိက စိုက်ပျိုးကြတာကြောင့် လာမယ့်နှစ် စာဝတ်နေရေးကို စိုးရိမ်ပူပန်နေကြတဲ့ တောင်သူတွေရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဦးကော်ရယ် ( တောင်သူတစ်ဦး )
အခုကျနော်တို့ ကုန်ထားတဲ့ အရင်းအနှီးက ကျနော်တို့သာ လယ်မလုပ်ဘူးဆိုရင် သူများတွေလုပ်လို့ သူများစားရတယ်ဆိုရင် ကိုယ်လည်းအဆင်ပြေဘူးလေနော်။ အခုက ကျနော်လည်း လုပ်တော့ အရင်းအနှီးမရှိတော့ အခုလက်ရှိ စားရမဲ့ဟာတွေကို အရင်းအနှီးလုပ်ပြီးစိုက်တော့ ဆယ်သိန်းကျော် ကုန်သွားတော့ ကျနော်လည်း မစားရတော့ဘူးလေ။ ပိုက်ဆံဆယ်သိန်းကျော်ယူပြီး ရေထဲ မျောလိုက်သလို ဖြစ်တာပေါ့။ အရင်းအနှီးတွေလည်း ကုန်ပြီးပြီ။ မြေဩဇာ၊ ဒီဇယ်တွေ ကုန်ပြီးပြီဆိုခါမှ ရေကအောက်ဘက်ကို ပြန်လွတ်တော့ အပေါ်ဘက်ရော၊ အောက်ဘက်ရော အကုန်ပျက်စီးကုန်ပြီလေ။ ဟိုး အပေါ်ဘက်ကလူတွေလည်း မစားရတော့ဘူး။ ကျနော်တို့ ဒီအောက်ဘက်လည်း မစားရဘူး။ အရင်ကတည်းက လွှတ်မယ်လွှတ်မယ်နဲ့ မလွှတ်ဖြစ်လို့ ရေက ကြီးရင်းနဲ့ မလွှတ်လို့ မဖြစ်ဆိုတဲ့ အခြေအနေမှ လွှတ်လိုက်တော့ ရေက ကြီးကုန်ပြီကော။ အခြေအနေကောင်းတုန်းကတော့ မိုးကလည်း သူ့သူရွာတယ်။ ဆည်မြောင်းရေလည်း သူ့သူလွှတ်တယ်။ ဒါပေမယ့် ကျနော်တို့ စားရတယ်လေ။ အင်း က ပုံမှန်လွှတ်တယ်လေနော်။ သူ့ဘာသူ ပုံမှန်စီးတယ်။ လျှပ်စစ်မီးသုံးဖို့လည်း လောက်တယ်။ အခုက အရင်နဲ့ မတူတော့ဘူးကော။ ပဠိပက္ခရှိလို့ တမင်သက်သက်ကို ဖျက်ဆီးချင်တော့ ကျနော်တို့ ပြည်သူတွေ၊ တောင်သူတွေကို ငတ်ပြီးသေပါစေလား အဲ့လိုမျိုုးဘဲလေ။ တမင်သက်သက်ကို ဖျက်ဆီးချင်လို့ အခုချိန်မှာမှ လွှတ်ချတာပေါ့ ရေကို။ အရင်အခြေအနေနဲ့ မတူဘူးကော အခုက။
တောင်သူ အမျိုးသမီးတစ်ဦး
ကျမတို့ကိုဆို နွေရာသီဆိုရင် ဆည်မြောင်းရေ လွတ်ချပေးတယ်လေ။ အဲ့မှာ နွေစပါးစိုက်လို့ရတယ်။ နောက်ပြီး ၇ လ၊ ၈ လပိုင်းမှာဆို မိုးပြန်စိုက်တယ်။ ကျမတို့ စားရတယ်လေ။ နှစ်သီး စားလို့ရတာပေါ့နော်။ အဲ့ဒါနဲ့ ကျမတို့ဘက်က လယ်ကိုဘဲ အားကိုးတော့ နည်းနည်းချောင်လည် တာပေါ့။ ဒါပေမယ့်လေ ဒီနှစ်က နွေစပါးအရမ်းစိုက်ချင်တယ်။ သူတို့လွှတ်ပေးမှာဘဲလို့ တွေးပေမယ့် သူတို့ ဆည်မြောင်းရေမလွှတ်ပေးဘူးလေ။ ကျမတို့ ရေထွက်ကနေ ကြိုးစားပြီး တူးကြတယ်လေ။ ဒါပေမယ့် မရဘူး။ ရေက မရောက်ဘူးလေ။ ရေမရောက်တော့ နွေလည်းမစိုက်ရတော့ဘူး။ မိုးစပါးဘဲစိုက်တော့မယ်ဆိုတော့ အကုန်ဆုံးရှုံးသွားပြီ။ စိုက်ပြီးတာနဲ့ မြေဩဇာတွေ ချပြီးတာနဲ့ ပေါင်းသတ်ဆေးတွေ အကုန်သုံးပြီးတာနဲ့ အကုန်ဆုံးရှုံးသွားပြီ။ သူတို့ကလေ ( စစ်ကောင်စီ) ကျမတို့ ပြည်သူတွေကို တမင်သက်သက် နစ်နာအောင် လုပ်ချင်တာထင်တယ်။ သူတို့အကွက်ဆင်တာထင်တယ်။ ဒီအချိန်လောက်ဆို သူတို့ စိုက်ပြီးကုန်ပြီဆိုတော့ ကျမတို့အကြောင်းကို သိတယ်လေ။ အဲ့ဒါကြောင့် ကျမတို့ကို တမင် ဒီလိုလုပ်တာ။ ယုတ်မာတယ်လေ။ ကျမတို့ အကုန်ဆုံးရှုံးတယ်။
ဦးသိန်းဝင်း ( တောင်သူတစ်ဦး)
ပြည်သူအချင်းချင်းက လယ်စိုက်ကြတော့ တွေးပေးကြတယ်။ အချင်းချင်းကြည့်ပေးကြတယ်။ မျှဝေကြတယ်။ဆည်ရေကနေမှ လွှတ်ချလိုက်တဲ့ဟာတွေက ပျက်စီးဆုံးရှုံးမှုကတော့ အများကြီး ကျနော်တို့ရင်းထားတဲ့ဟာအကုန်လုံး ပါသွားကုန်တာပေါ့။ ဘာတခုမှ ပြန်မရတော့တဲ့ အနေအထားတခုဖြစ်နေပါတယ်။ အချိန်အခါကြောင့်မဟုတ်ဘဲနဲ့ ရာသီဥတုကြောင့်မဟုတ်ဘဲနဲ့ ရှင်းရှင်းပြောရရင် သဘာဝဘေးလို့မဆိုနိုင်ဘူး လူလုပ်ဘေးလို့ပဲ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ရေလိုအပ်တဲ့ချိန်မှ မလွှတ်ဘဲနဲ့ မလိုအပ်တဲ့ချိန်မှ လွှတ်တော့ ပျက်စီးဆုံးရှုံးမှုက ပိုပြီးများပြားတာပေါ့။ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘူး ချောင်းဘေးကမှန်သမျှ အနည်းဆုံး ၃ ဖာလုံလောက်ပေါ့ အရှေ့ ၃ ဖာလုံ ၊ အနောက် ၃ ဖာလုံလောက်ပေါ့ ပျက်စီးဆုံးရှုံးမှုရှိကြပါတယ်။
တောင်သူအမျိုးသမီးတစ်ဦး
နစ်နာတဲ့သူတယောက်အနေနဲ့ဆိုရင် လိုအပ်တဲ့ချိန်မလွှတ်ဘဲ ခုချိန်မှလွှတ်တော့ တမင်တကာ လွှတ်တယ်လို့ပဲ ခံစားရတယ်ပေါ့နော။ စားဝတ်နေရေးအတွက်တော့ တချို့ကတော့ လယ်လုပ်ဖို့ဆိုပြီး ချေးယူထားတာရှိတယ်ပေါ့နော ချေးယူရတော့ သူတို့အတွက် အဆင်မပြေဘူးပေါ့နော ရေကြီးလို့ အသီးပြန်မရိတ်သိမ်းရရင် သူတို့အတွက် အဆင်မပြေဘူးပေါ့နော တောင်သူတွေအတွက်ပေါ့။ ရင်းရတာလည်းများတော့ ရေရှည်အတွက် ဝယ်စားရမှာဖြစ်သွားတာပေါ့နော။ ဘာလို့လဲဆိုရင် စပါးကောင်းကောင်းထွက်မှပဲ ကောင်းကောင်းတင်ပို့နိုင်မယ် အဲ့လိုပုံစံဖြစ်သွားတာပေါ့နော။