spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စိတ်ကျန်းမာရေးကောင်းမွန်ဖို့ နေထိုင်သင့်သည်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအာဏာသိမ်းမှုနောက်ဆက်တွဲ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ကရင်နီဒေသက ပြည်သူအားလုံးနီးပါးဟာ စစ်ဘေးရှောင်နေရတာ လက်ရှိအချိန်ထိဆိုရင် ၄ နှစ်ထဲဝင်လာပြီ ဖြစ်ပါတယ်။

နေ့စဉ်လက်နက်ကြီးသံ၊ လေယာဉ်ဝဲသံ နဲ့ တခြားသော စားဝတ်နေရေးပြဿနာတွေကြောင့် ပြည်သူတဦးချင်းစီအနေနဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုတွေကို ခံစားနေကြရမှာ အမှန်ပါပဲ..။

အခုလိုအချိန်မှာ စိတ်ရောကိုယ်ပါကျန်းမာအောင်နေထိုင်ဖို့ လိုအပ်သလို စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တဦးတယောက်ချင်းစီက သိရှိထားရန် အထူးအရေးကြီးနေပါတယ်။

ဒါကြောင့် ငြီးငွေ့စရာကောင်းလှတဲ့ နေ့ရက်တိုင်းကို ကျော်လွှားနိုင်ဖို့နဲ့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ အတွက် လိုက်နာသင့်တဲ့ နည်းလမ်းတချို့ကိုမျှဝေပေးချင်ပါတယ်။

ဘယ်အရာတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လဲ

လူတဦးတယောက်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာနေမှ နေ့စဉ်နဲ့အမျှ တွေ့ကြုံခံစားနေရတဲ့ ဖိအားတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မှာဖြစ်သလို ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒါတွေအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခနောက်ဆက်တွဲတွေဖြစ်တဲ့ အကြပ်အတည်းတွေနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုစိတ်ကျန်းမာနေဖို့ဆိုတာ ပြောရလွယ်ကူပေမဲ့ အရေးကြီးတဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ များစွာရှိနေပါတယ်။

အဲဒါတွေကတော့ ကလေးဘဝမှာ ရရှိတဲ့ စိတ်ဒဏ်ရာ၊ ပတ်ဝန်းကျင်အခြေအနေ၊ မိသားစု အသိုင်း အဝိုင်းမှာ ကြီးမားတဲ့စိတ်ထိခိုက်ဖူးတာ၊ ဘဝနေထိုင်မှာပုံစံ စတာတွေကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

စိတ်ကျန်းမာရေးထိခိုက်နေပြီလားဆိုတာ ဘယ်လိုသိနိုင်လဲ

မိမိမှာ စိတ်ကျန်းမာရေးထိခိုက်နေပြီဆိုရင် ထူးခြားတဲ့ လက္ခဏာတွေ ခံစားရလာနိုင်ပါတယ်။ အဲဒီလက္ခဏာ တွေကတော့ စားသောက်မှုပုံစံပြောင်းလဲတာ (ဥပမာ- အလွန်အကျွံ စားတာ (သို့မဟုတ်) လုံးဝ အစားမစားတာ) ၊ အမြဲတမ်း ပင်ပန်းနွမ်းနယ်တာ၊ တခြားသူတွေနဲ့ စကားပြောချင်စိတ် မရှိတာ၊ မျှော်လင့်ချက်မဲ့နေတာ၊ အရက် နဲ့ တခြားမူးယစ်ဆေးဝါးတွေ စွဲသုံးလာတာတွေဖြစ်ပြီး၊ စိတ်ပိုင်းဆိုင် ရာ ထိခိုက်နေသူတွေမှာအဆိုပါ လက္ခဏာတွေ ဖြစ်လေ့ရှိပါတယ်။

အဲဒီကနေ တဆင့် အကြောင်းအရင်းမရှိဘဲ အားငယ်တာ၊ စိတ်တိုတာ၊ ဒေါသထွက်တာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ခံစားမှု အတက်အကျမြန်တာ၊ မိသားစုဝင်တွေနဲ့ အမြဲတမ်းလိုလို ကတောက်ကဆ ဖြစ်တာ၊ မရှိတဲ့အသံတွေကြားနေရတာ စတာတွေလည်း ဖြစ်လေ့ရှိပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ မိမိကိုယ်မိမိ အန္တရာယ်ပြုဖို့ လုပ်တာ ၊ တခြားသူတွေကို အန္တရာယ်ပြုချင်တာ၊ နေ့စဉ်လုပ်နေကျ တာဝန်ဝတ္တာရားတွေ ပျက်ကွက်လာတာတွေနဲ့ မိမိကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

စိတ်ကျန်းမာရေးကောင်းမွန်အောင် ဘယ်လိုနေထိုင်မလဲ

စိတ်ကျန်းမာရေးကောင်းမွန်ဖို့ကတော့ မိမိကိုယ်မိမိ ချစ်ကြင်နာပြီး ဂရုစိုက်ရပါမယ်။ မိမိကိုယ်ကိုချစ်ပြီး ဂရုစိုက်တယ်ဆိုတာ နေချင်သလိုနေ၊ စားချင်သလို စားသောက်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။

အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို ပုံမှန်စားသောက်ပေးတာ၊ တင့်သင့်မျှတအောင်စားတာ၊ အိပ်ရေးဝဝ အိပ်တာ၊ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ယောဂပြုလုပ်တာ၊ တရားထိုင်တာတွေ လုပ်ဆောင်သင့်ပါတယ်။
အတတ်ပညာသစ်တွေ သင်ယူတာကလည်း နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။ ကိုယ်ဝါဿနာပါတဲ့ အတတ်ပညာတခုခုကို လေ့လာသင်ယူခြင်းက သင်ယူနေစဉ်အတွင်း စိတ်ဖိစီးမှု ကို လျှော့ချပေးသလို အခက်အခဲကြုံလာရတဲ့အခါမှာ စွန့်စားရဲတဲ့ သတ္တိနဲ့ သင်ယူထားတဲ့ ကျွမ်းကျင်မှု တွေက ကိုယ့်ကိုပိုပြီး အဆင်သင့်ဖြစ်စေနိုင်ပါတယ်။

စိတ်ကျန်းမာရေးကောင်းမွန်ဖို့ နောက်ထပ်လုပ်ဆောင်သင့်တာကတော့ ကိုယ်လုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်ဖို့ပါပဲ။ ကိုယ်လုပ်နိုင်တာတွေကို အာရုံစိုက်တာက ကိုယ့်ဘဝကိုယ်အစိုးရတယ်ဆိုတဲ့ ခံစားမှု ပိုရစေနိုင်ပါတယ်။ တပတ်စာ ဘာချက်ရမလဲကအစ ကြိုအစီအစဥ်ဆွဲတာမျိုး၊ မနက်ဖြန်ဝတ်ဖို့ အဝတ် အစားကြိုပြင်တာမျိုးက အင်မတန်မှ ရိုးရှင်းလွယ်ကူတဲ့ အလုပ်တွေဖြစ်တာကြောင့် သေးသေး လေး ကစ အာရုံစူးစိုက် လုပ်ဆောင်သင့်ပါတယ်။

ဒါတွေအပြင် တကိုယ်ရေသန့်ရှင်းခြင်းကို အလေးထားဆောင်ရွက်တာကလည်း မိမိကိုယ်မိမိ ယုံကြည်မှုပိုရှိစေပြီး စိတ်ကျန်းမာဖို့ တထောက်တနေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ နေ့စဥ် ဖြတ်သန်းရမယ့်ဘဝအတွက် မြဲမြံတဲ့ပြုကျင့်ဖွယ်ရာတွေနဲ့အတူ ကိုယ့်ကိုယ်ကို စည်းစနစ်ကျန စီမံမှုက မိမိကို သက်သောင့်သက်သာဖြစ်စေပါတယ်။

လက်ရှိပဋိပက္ခကာလမှာ စိတ်သွားတိုင်း ကိုယ်မပါဆိုသလိုပါပဲ မိမိလုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေကို စိတ်ရှိသလောက် မလုပ်ကိုင်နိုင်ကြပါဘူး။ ဒါကြောင့် စိတ်ပျော်ရွှင်ဖို့အတွက် ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေအတွက် ရာနှုန်းပြည့် မလုပ်ကိုင်နိုင်တာ၊ မဖြစ်လာသေးတဲ့အရာတွေအတွက် ကြိုတင်ပူပန် နေတာတွေကို ရှောင်ရှားသင့်ပါတယ်။

မသေချာမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ အဆိုးဆုံးဆိုတာတွေကိုချည်း သွားတွေးမိတတ်ကြတာက လူ့သဘော သဘာဝပါပဲ။ ဒါကြောင့် မတတ်နိုင်တဲ့ အဆိုးတွေကိုချည်း ထပ်ခါထပ်ခါတွေးနေတတ်တဲ့ အကျင့်ကို ပြင်ရမှာ ဖြစ်ပါတယ်။

ကျနော်၊ကျမတို့ဟာ တခုခုကြောင့် စိတ်ဖိစီးနေတဲ့အခါ အဲဒီစိတ်ဖိစီးစရာအကြောင်း အရာကို ကျော်ပြီး ကြည့်မြင်ဖို့ ခက်ခဲနေတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စိတ်ဖိစီးမှုကိုပိုဆိုးစေမဲ့ ဆက်စပ်သတင်း တွေ လိုက်ရှာကြည့်နေတာမျိုး ရှောင်ကြဉ်တာကလည်း စိတ်ပျော်ရွှင်မှုအတွက် အထောက်အကူဖြစ်စေ နိုင်ပါတယ်။
တကယ်လို့ မိမိမှာ ခံစားရတဲ့ စိတ်ဖိစီးမှုဝေဒနာတွေ ကာလရှည်ကြာလာပြီး နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်လာခဲ့ရင် ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေလျှော့ရာမှာ ခက်ခဲနေတာ၊ မသေချာ မရေရာမှုကို ရင်ဆိုင်ကျော်လွှားရာမှာ ခက်ခဲနေခဲ့တာတွေ ကြုံတွေ့နေရပြီဆိုရင် စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေလျှော့ဖို့ စိတ်ပညာရှင်တွေဆီကနေ အကူအညီတောင်းခံရမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်ခံစားနေရတာဟာ ရှက်စရာမဟုတ်ပါဘူး။ ဒါကြောင့် မိမိမှာ စိတ်ဖိစီးမှုနဲ့ စိတ်မပျော်ရွှင်တာတွေ ကာလရှည်ကြာ ခံစားနေရရင် နောက်ဆက်တွဲ ပြဿနာ တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေများစွာ ထိခိုက်လာနိုင်တဲ့အတွက် အချိန်မီကုသဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်…..

ကိုးကား – NUG MOH website.

spot_img
spot_img

Recent posts