spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စိတ်ဖိစီးမှု ဖြေလျော့စေဖို့အတွက် ဆပ်ပြာဖျော်နဲ့ ချည်ထိုးသင်တန်းကို စစ်ရှောင်အချင်းချင်း ပြန်ပို့ချပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေတဲ့ စစ်ရှောင်တွေကို စိတ်ပျော်ရွှင်မှု ရရှိစေဖို့အတွက် ဆပ်ပြာဖျော် နဲ့ ချည်ထိုး သင်တန်းကို စစ်ရှောင်အချင်းချင်း ပြန်လည်ပို့ချ ပေးခဲ့ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၃ရက်တာ သင်တန်းကို စစ်ရှောင်အမျိုးသမီးတွေသာမက အမျိုးသားတွေပါ တက်ရောက်ခဲ့ကြပါတယ်။

“ပို့ချရတဲ့ရည်ရွယ်ချက်က ရုပ်ပိုင်း၊ စိတ်ပိုင်းရယ် လူမှုဆက်ဆံရေးဆိုင်ရာ ကျန်းမာပျော်ရွင်ဖို့ပေါ့ သူ့ခေါင်းစဉ်က။ အဓိကရည်ရွယ်ချက်က အိမ်ထောင်သည် အမျိုးသမီးရယ် အမျိုးသားရယ် ပြီးတော့အမျိုးသမီးတွေပေါ့နော်။ သူတို့ရဲ့ကြုံတွေ့နေရတဲ့ အခက်ခဲပြသနာတွေ စိတ်ဖိစီးမှုတွေကို သူတို့ဘယ်လိုရင်ဖွင့်ထုတ်မလဲ ပြီးတော့ သူတို့ဘယ်လိုအကူညီရယူမလဲ သူတို့ဘယ်လိုကုစားမလဲပေါ့ အဲ့ဒါတွေကိုရည်ရွယ်ပြီးမှ ဖွင့်ခြင်းဖြစ်တယ်ပေါ့”လို့ သင်တန်းပို့ချပေးသူ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

စစ်ရှောင်ကာလ နှစ်နှစ်ကျော်ကာလအတွင်းမှာ အထူးသဖြင့် အိမ်ထောင်သည်အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုဒဏ်ကို အများဆုံးကြုံတွေ့နေရတာဖြစ်ပြီး အခုလိုသင်တန်းတွေကို ပြုလုပ်ခြင်းဟာ အများနဲ့ ပူးပေါင်းလုပ်ဆောင်ရတာကြောင့် စိတ်ဖိစီးမှုကို ဖြေလျော့စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက်မွေးကြောင်းအနေနဲ့ တစ်ဖက်တစ်လှမ်းက ဝင်ငွေကို ရရှိစေမယ်လို့ အဆိုပါ သင်တန်းပို့ချပေးသူ အမျိုးသမီးက ပြောပါတယ်။

စစ်ရှောင်ကာလအတွင်း အလုပ်အကိုင်မရှိတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အခုလိုသင်တန်းပို့ချပေးတာဟာ အကျိုးရှိစေပြီး နောင်တချိန်မှာလည်း အသက်မွေးဝမ်းကြောင်းပညာကို ပြန်လည်အသုံးပြုလို့ရတယ်လို့ သင်တန်းတက်ရောက်သူ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

“ဘယ်လိုပြောရမလဲ ပျော်ရွင်တယ်ပေါ့နော်။ အိမ်မှာနေတော့ အလုပ်အကိုင်မရှိဘူးဆိုတော့ ဒီစစ်ရေးကာလနဲ့ဆိုတော့ ဝမ်းနည်းတယ်ပေါ့နော။ ကိုယ့်အိုးအိမ်စွန့်ရတယ်ဆို‌တော့ စိတ်မကောင်းဘူးပေါ့နော်။ဒီလိုသင်တန်းကျတော့ စိတ်‌‌ဖြေမှုလဲဖြစ်တယ်။နောက်ပြီးမှ နည်းပညာလဲရတယ်ပေါ့နော်။ပြီးတော့ အများနဲ့လုပ်တော့ ပျော်ရွင်မှုတွေရရှိပါတယ်။”လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

အခုလိုမျိုး စိတ်ဖိစီးမှုကို ဖြေလျော့စေတဲ့ သင်တန်းတွေကို မကြာခဏ ဖွင့်လှစ်ပေးစေချင်တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

သင်တန်းပို့ချပေးတဲ့သူတွေဟာ အခြားနေရာမှာ သင်တန်းတက်ရောက်ခဲ့တာဖြစ်ပြီး ရရှိလာတဲ့ အတတ်ပညာတွေကို စစ်ရှောင်စခန်းက သူတွေကို ပြန်လည်ပို့ချပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ သင်တန်းကို စစ်ရှောင်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၅ ဦးတက်ရောက်ခဲ့ကြပါတယ်။

spot_img
spot_img