စိုက်ပျိုးရေးမလုပ်နိုင်တဲ့ ဖရူဆိုမြို့နယ် ဘက်က စစ်ရှောင်တွေ ရေရှည် စားနပ်ရိက္ခာ အတွက် စိုးရိမ်

0
5708

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေဟာ  စိုက်ပျိုးရာသီမှာ ပြန်လည်မစိုက်ပျိုးနိုင်တဲ့အတွက် ရေရှည်စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်နေရပါတယ်။

စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေဟာ စစ်ကောင်စီအခြေစိုက်တပ်တွေနဲ့ နီးကပ်နေတာတွေ၊ စစ်ရှောင်တဲ့ နေရာအနီးတဝိုက်မှာ စိုက်ပျိုးရေး လုပ်ဖို့ နေရာမရှိတာတွေကြောင့် စိုက်ပျိုးခွင့်မရကြဘူးလို့ စစ်ရှောင် တစ်ဦးကပြောပါတယ်။

“ တောင်ယာ ပြန်လုပ်ခွင့်တော့ အဲ့ဒါက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်လုံခြုံရေးနဲ့ ကိုယ်သွားလာနေရတယ်။ လုပ်ခွင့်တော့ ၃ပုံမှာ ၁ပုံလောက်ပဲ လုပ်နိုင်တော့တယ်။ ကျမတို့ရွာဆိုရင် တပ်နဲ့နီးတယ်လေ။ ၄၂၈ နဲ့  ၅၃၁ ။ ဟိုဖက်ခြမ်း ဒီဖက်ခြမ်း တောင်ပဲ ခြားနေတော့ မြေကွက်တွေ ခြံကွက်တွေ တော်တော်များများက မလုံခြုံတဲ့ နေရာဖြစ်နေတော့ လုံးလုံး ခြံမလုပ်နိုင်တဲ့ မိသားစုတွေရှိတယ်။ နည်းနည်းပါးပါး မြေပဲ လား။ စပါး အမျိုးလား။ အဲ့လောက်ပဲ ပြန်လုပ်နိုင်တယ်။ တော်တော်များများက အဲ့လိုပဲ။ဥပမာ ခါတိုင်းနှစ်ဆို ပြောင်းကောက်တို့ ၊ ပြောင်းဖူးတို့၊ မြေပဲ ဆို ပိုလျှံတဲ့ဟာ ရောင်းဖို့အတွက် လုပ်နိုင်ပေမယ့် ဒီနှစ်တော့ သုံးပုံမှာ တစ်ပုံပဲ လုပ်နိုင်တယ်ပေါ့။ “  လို့  သူက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လမ်းခရီးမှာလည်း စစ်ကောင်စီတပ်တွေရှိနေတာကြောင့် အလှူရှင်တွေလာရောက်ဖို့ ခက်ခဲနေပါတယ်။

စစ်ရှောင်တွေကို လာရောက်ထောက်ပံ့တဲ့ အလှူရှင်တွေက နည်းပါးတဲ့အတွက် တစ်လကို လူတစ်ဦးအတွက် ဆန်သုံးပြည်သာရရှိကြပါတယ်။ ဆန်သုံးပြည်ဟာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်သာ တစ်လစာ ဖူလုံပြီး သာမာန်လူတစ်ယောက်အတွက် မလုံလောက်နိုင်ဘူးလို့ ဆိုပါတယ်။

စပါးတွေကို အဓိက စိုက်ပျိုးတဲ့ ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့တွေမှာ စစ်ဘေးဒဏ်ကြုံတွေနေရတဲ့အတွက် စားနပ်ရိက္ခာပိုင်းနဲ့ပတ်သက်ပြီး အဓိက အခက်အခဲကြုံတွေ့နိုင်တယ်လို့ KSCC လူသားချင်းစာနာထောက်ထားမှု ကော်မတီပြောခွင့်ရပုဂ္ဂိုလ် ဦးဗညားက ကန္တာရဝတီတိုင်း( မ် ) ကို ဖြေကြားခဲ့ပါတယ်။

“ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ သိုလှောင်နိုင်တဲ့ အတိုင်းအတာနဲ့ ငွေကြေးပမာဏနဲ့ ကျနော်တို့ ဝယ်နိုင်တဲ့ အတိုင်းအတာက တစ်လ၊ နှစ်လပဲ ဒီထက်ပို မရှိနိုင်ဘူး။ အခုကျနော်တို့ ဆီမှာ အရန် စားနပ်ရိက္ခာ ဘယ်လောက် သိုလှောင်နိုင်လဲဆိုရင် ကျနော်တို့ရဲ့ မှတ်တမ်းအရ အခြား အစုအဖွဲ့ မှတ်တမ်းအရ ကြည့်မယ်ဆိုရင် တစ်လစာပဲရှိတယ်။ တစ်လစာ တစ်လစာပဲ ရှိတယ်။ “ လို့ ဦးဗညားက ပြောပါတယ်။

စစ်ဘေးရှောင်အများစုဟာ တောတောင်ထဲ စစ်ရှောင်ရပြီး လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်တဲ့လူဦးရေ နည်းပါးနေပါတယ်။

စစ်ကောင်စီက ဆန်ကို သယ်ယူဖို့ ကန့်သတ်ထားတာတွေရှိတဲ့အတွက် အလှူရှင်တွေကနေ စစ်ရှောင်ပြည်သူတွေ ဆီကို ရိက္ခာတွေပို့ဆောင်ပေးဖို့ အတွက်လည်း အခက်ခဲရှိနေပါတယ်။

စားနပ်ရိက္ခာပိုင်းမှာ လုံလောက်အောင် ထောက်ပံ့ပေးနိုင်မှုမရှိသလို စစ်ရှောင်တွေကလည်း ကိုယ်ပိုင် ဝင်ငွေ မရှိတဲ့အတွက် အာဟာရချို့တဲ့နေတာတွေလည်း ကြုံတွေ့လာနိုင်တယ်လို့ Karenni nurses association ဆရာမ ရီမိုးက ပြောပါတယ်။

“ စစ်ရှောင်ဖြစ်တဲ့အတွက် အလုပ် အကိုင်ကအစ ဝင်ငွေကအစ မရှိတော့ဘူးပေါ့နော။ အဲ့ဒီအတွက်လည်း အာဟာရ လုံလောက်စွာ မစားသုံးနိုင်ဘူး။ အလှူရှင်တွေကလည်း စစ်ရှောင်လာတာ နှစ်နဲ့ချီပြီဖြစ်တဲ့အတွက် အလှူရှင်တွေကလည်း အရင်ကထက် အားနည်းလာတယ်ပေါ့နော။ “လို့ ဆရာမ ရီမိုးက ပြောပါတယ်။

လက်ရှိမှာ ဖရူဆိုမြို့နယ် မှာ စစ်ရှောင်နေသူ ဦးရေ ၄၀၀၀ ကျော်ရှိနေပြီး တစ်ပြည်နယ်လုံးအနေနဲ့ စစ်ရှောင် နှစ်သိန်းကျော်ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ များကွန်ယက် KCSN က ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။