spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

စီဒီအမ် အချင်းချင်း ကူညီဖို့ “လက်တွဲကူညီ စီဒီအမ်ထုဆီ” အစီအစဉ်ကို ဆောင်ရွက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာရှိတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေရဲ့ အခက်အခဲတွေကို အချင်းချင်း ကူညီဖေးမကြဖို့အတွက် ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း စီဒီအမ် ကော်မတီကနေ “လက်တွဲကူညီ စီဒီအမ်ထုဆီ” အစီအစဥ်ကို ဆောင်ရွက်နေပါတယ်။

အခက်အခဲတွေ ရင်ဆိုင်နေတဲ့ကြားကနေ စီဒီအမ် အချင်းချင်း မျှဝေ ကူညီချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်သွားတာဖြစ်တယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း စီဒီအမ် ကော်မတီရဲ့ ဒုဥက္ကဌ ဒေါက်တာရဲဇော် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း စီဒီအမ်ပေါ့နော်။ စီဒီအမ်ရဲ့ ခက်ခဲတာတွေ ကျနော်တို့သိနေတယ်။ ကျနော်တို့ စီဒီအမ်အချင်းချင်း မျှဝေချင်တယ်၊ ခံစားချင်တယ်။ အေးအတူ ပူအမျှ ဖြစ်စေတယ်။ ကျနော်တို့ တစ်သားတည်းရှိနေကြောင်း အတူတူရှိနေကြောင်းကို ပြောချင်တာဖြစ်ပါတယ်။“ လို့ ဒေါက်တာရဲဇော်က ဆိုပါတယ်။

“လက်တွဲကူညီ စီဒီအမ်ထုဆီ” အစီအစဥ်ဟာ CDM တစ်ဦးချင်းစီကနေ လိုအပ်တဲ့ အချက်အလက်တွေကို အွန်လိုင်း လင့် (link) ကနေ စာရင်းသွင်း ရမှာဖြစ်ပြီး မြေပြင်မှာတော့ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေကနေ စာရင်းပေးသွင်းပြီး လိုအပ်နေသူတွေကို အကူအညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အကူအညီပေးအပ်တဲ့နေရာမှာတော့ ကျန်းမာရေး အခက်အခဲနဲ့ ရင်ဆိုင်နေရသူတွေကို ဦးစားပေးသွားမယ်လို့ ဆိုထားပါတယ်။

ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း စီဒီအမ် ကော်မတီကနေ ပထမအကြိမ် ဆောင်ရွက်နေတဲ့ အစီအစဥ်ဖြစ်ပြီး အစီအစဉ်အတွက် ထောက်ပံ့မှုတစ်စုံတစ်ရာတွေ မရသေးဘူးလို့ ဒေါက်တာရဲဇော်က ဆက်ပြောပါတယ်။

“ကျနော်တို့ ဘတ်ဂျက်ကလေ ကျနော်တို့ CDM ‌ကော်မတီ အဖွဲ့အစည်း Fund ကနေပဲ ကျနော်တို့ပေးတာပေါ့နော်။ အခြားဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ကို လော‌လောဆယ်တော့ ထောက်ပံ့ပေးတာမျိုး မရှိသေးပါဘူး။” လို့ သူက ဆိုပါတယ်။

ဒီအစီအစဉ်ကနေ ထောက်ပံ့ပေးသွားမယ့် ငွေပမာဏအနည်းအများထက် စီဒီအမ်တွေရဲ့ ကျန်းမာရေးအတွက် ဦးစားပေးမှုဟာ ကောင်းမွန်တဲ့ အစီအစဥ်ဖြစ်တယ်လို့ ပညာရေး CDM ဝန်ထမ်းတစ်ဦးက အခုလိုပြောပါတယ်။

“CDM တစ်ယောက်အနေနဲ့ကတော့ အရမ်းကောင်းတဲ့အစီအစဥ်လို့ ထင်ပါတယ်။ ဒီလိုအစစအရာရာ ခက်ခဲတဲ့ကာလမှာ ကျန်းမာရေးက အဓိကမို့ ကျန်းမာရေးအတွက် အခက်အခဲဖြစ်နေတဲ့ CDM တွေအတွက် ပမာဏအများကြီးမဟုတ်ရင်တောင် ထိုက်သင့်သလောက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။”လို့ ပညာရေး CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း စီဒီအမ် ကော်မတီကနေ ရှေ့ဆက်ဆောင်ရွက်သွားလိုတဲ့ အစီအစဥ်တွေရှိသေးတာကြောင့် ပါဝင်ကူညီဆောင်ရွက်လိုသူတွေကို ဖိတ်ခေါ်ကြောင်း ဒေါက်တာရဲဇော်က ဖြည့်စွက်ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts