ကန္တာရဝတီတိုင်း(မ်)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဘန့်နိုင်းစွိုင် ကျေးရွာက လူထုစာသင်ကျောင်း (Ban Nai Soi Community Learning Center – BNSCLC ) ကျောင်းဟာ ထိုင်းအစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်းတကျောင်းဖြစ်ပါတယ်။
လက်ရှိ ဒါရိုက်တာအဖြစ် ကျောင်းကိုဦးဆောင်နေသူ ကတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး “ဆရာမရိုစီ” ပါ။ ဒီကျောင်းကို ဦးဆောင်လာတာ ၁၈ နှစ်ဝန်းကျင်ရှိနေပါပြီ။ ဒီကျောင်းကိုစပြီးဦးဆောင်တဲ့ အချိန်မှာ သူမဟာ ဆယ်ကျော်သက်ပဲရှိပါသေးတယ်။ ၁၇ နှစ်အရွယ် ကတည်းက ဒီကျောင်းရဲ့ ကိစ္စအဝဝကို ဦးဆောင်ဦးရွက်ပြုလာခဲ့သူပါ။
သူမကတော့ ထိုင်းနိုင်ငံသား ကရင်နီတိုင်းရင်းသူတဦးဖြစ်ပါတယ်။ ထိုင်းနာမည်ကတော့ Phornsawan Kitthanakhosi (ဖောစဝမ်(န်) ကီထနခွန်းစီ) ဖြစ်ပြီး၊ ကရင်နီနာမည် ဘူးမယ် လို့ခေါ်ပါတယ်။ ဒါပေမဲ့ သူမနေထိုင်တဲ့ ပတ်ဝန်းကျင်မှာတော့ ဆရာမရိုစီ လို့ပဲ လူသိများကြတာပါ။ကရင်နီပြည်ဖွား မိဘနှစ်ပါးကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။
သူမဦးဆောင်နေတဲ့ စာသင်ကျောင်းမှာ သူမကိုယ်တိုင် ဒါရိုက်တာအဖြစ် တာဝန်ယူထားသလို၊ မြန်မာပြည်မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း အွန်လိုင်းကနေ ထိုင်းဘာသာရပ်တွေ၊ ယဉ်ကျေးမှုတွေကို လည်းသင်ကြားပေးနေတာရှိပါတယ်။
“ကိုယ်က ပျော်ရွှင်ပီတိဖြစ်တယ်။ ဒီအလုပ်တွေကို လုပ်သွားရတာက ကိုယ့်ရဲ့ ကရင်နီလူမျိုး အတွက်လည်း လုပ်ဆောင်ပေးတယ်၊ တချိန်တည်းမှာလည်း ထိုင်းနိုင်ငံအတွက်ဖြစ်ဖြစ်ပေါ့နော်၊ နောက်ပြီး မြန်မာနိုင်ငံသား အတွက်ဖြစ်ဖြစ်၊ ပြီးတော့ နိုင်ငံတကာအတွက်လည်း တစုံတရာမှာ ဒီလိုမျိုး ကူညီခွင့်ရတဲ့အတွက် ကျမအတွက် ပျော်ရွှင်မှုဖြစ်သလို ဂုဏ်ယူရတယ်။” လို့ ဆရာမ ရိုစီကပြောပါတယ်။
ထိုင်းနိုင်ငံမှာမွေး ထိုင်း၊ ကရင်နီစကားတွေနဲ့ပဲ ကျင်လည်နေတဲ့ ဆရာမရိုစီဟာ မြန်မာစကား (ဗမာစကား) ပြောတဲ့အခါမှာတော့ ထိုင်းအသံဝဲပြီး ချစ်စရာကောင်းလှပါတယ်။
ဆရာမရိုစီရဲ့ BNSCLC ကျောင်းကို သူမဖခင်ဖြစ်သူက တည်ထောင်ပေးခဲ့တာပါ။ တည်ထောင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံကိုရောက်လာတဲ့ မြန်မာပြည်သား၊ ကရင်နီ ဒုက္ခသည် ကျောင်းသူ၊ ကျောင်းသားတွေအပြင်၊ အဆင့်မြင့်ပညာကို ဆက်လက်မသင်ယူနိုင်တဲ့ ထိုင်းနိုင်ငံသားတွေ ပညာဆက်လက်သင်ယူနိုင်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာတော့ ဖခင်ဖြစ်သူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီးနောက်ပိုင်း ဦးခေါင်းထိခိုက်သွားတာကြောင့် ကျောင်းရဲ့ ကိစ္စအဝဝဟာ ၁၇ နှစ်သမီးအရွယ် ဆရာမရိုစီရဲ့ပခုံးပေါ် ကို ကျလာပါတော့တယ်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အစက ကျမ ဆရာမ မဖြစ်ချင်ဘူး။” လို့ ဆရာမရိုစီက ပြောပါတယ်။
အဲ့ဒီချိန်တုန်းက ကျောင်းသူ၊ ကျောင်းသားပေါင်း ၈၀ နဲ့ ဆရာ၊ ဆရာမ ၁၀ ဦးရှိနေတဲ့ ကျောင်းရဲ့ တာဝန်တွေက ဆရာမရိုစီအဖို့ မနိုင်ဝန်တွေဖြစ်နေတာပါ။
“အသက် က ၁၇ နှစ် အဲအချိန်မှာ ကျမနဲ့ ကျမ အမေလည်း after shock (ရှော့ရသွားတယ်)၊ သွားတာက ဘယ်လိုမျိုး ဆက်သွားမလဲ အဲဒီအချိန်မှာ ၉၉ ရာခိုင်နှုန်းက အဖေက အသက်ရှင်မလား သေမလားမသိဘူး။” လို့ သူမအဖေရဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
“အခက်အခဲတိုင်းမှာက အခွင့်အရေးရှိတယ်” လို့ ခံယူထားတဲ့ ဆရာမရိုစီဟာ သူမရဲ့ကြုံ တွေ့ရတဲ့ အမှောင်ထုကြီးကို အလင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
၁၇ နှစ်သာ ရှိသေးတဲ့ ဆရာမရိုစီဟာ ကိုယ်ပိုင်ကျောင်းတကျောင်းကို ဦးဆောင်နိုင်ဖို့ သူမကိုယ်သူမ ယုံကြည်မှု အပြည့်မရှိသေးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူမလျှောက်လှမ်းမယ့်လမ်းကြောင်းမှာ မလွဲချော်သွားအောင်၊ လုပ်ငန်းအတွေ့အကြုံတွေရအောင် ကျောင်းတဖက်နဲ့ တခြားအလုပ်တွေကိုလည်း လုပ်ခဲ့ရပါတယ်။
“အဲဒီအချိန်မှာ ကျမအလုပ်ကို ၄ ခု တပြိုင်နက်လုပ်တယ်။ ပိုက်ဆံရှာတယ်။ NGO မှာ အလုပ်လုပ် တယ်။ အလှူရှင်တွေနဲ့ ဆက်သွယ်တဲ့အလုပ်တွေလည်း လုပ်တယ်။ ပြီးတော့ part times အချိန်ပို အလုပ်တွေလည်း လုပ်တယ်။ community လည်း ကူတယ်။ နောက်ပြီး စနေ တနင်္ဂနွေဆို ကျောင်းလည်း တပြိုင်နက်တက်တယ်။” လို့ ပြောပါတယ်။
ကိုယ်ပိုင်ကျောင်းကိုလည်းဦးဆောင်နေတဲ့အပြင် မိမိကိုယ်တိုင်ရဲ့ ပညာရေးကို ရပ်တန့်မသွားစေဖို့ ဆရာမရိုစီ ကြိုးစားခဲ့ပါတယ်။
သူမဟာ ၂၀၁၂ ခုနှစ်မှာ Diploma in Early Childhood Teaching Education ဘာသာရပ်နဲ့ Mae Hong Son Community College မှာ ဘဝရဲ့ ပထမဆုံး ပညာရေးအောင်လက်မှတ်တခု ရရှိခဲ့ပါတယ်။ နောက်ထပ် ၂၀၁၅ ခုနှစ်မှာ Bachelor of Arts in Measuring and Evaluating Teaching Education ဘာသာရပ်နဲ့ Sukhothai Thamathirat Open University မှာ ဘွဲ့ထပ်ယူနိုင်ခဲ့ပါတယ်။
ဒါတွေတင်မကပါဘူး ထိုင်းနိုင်ငံမှာ ပညာရေးလောကမှာ အမြင့်ဆုံးဘွဲ့ ဖြစ်တဲ့ Masters of Educational Administration မဟာဝိဇ္ဇာဘွဲ့ ကို Chiang Mai University မှာ ၂၀၁၉ ခုနှစ်မှာ ထပ်မံ ရယူခဲ့ပါတယ်။
“ကျမ အဲဒီမဟာဝိဇ္စာသင်နိုင်ဖို့က ကျမကားဂိတ်မှာလည်း သွားအိပ်ဖူးတယ်၊ ထမင်းစားတယ်၊ ရေချိုးတယ်၊ ဈေးသွားတယ်၊ ၅၀၀၊ ၁၀၀၀ နဲ့ ကျောင်းသွားတက်တယ်၊ တက္ကသိုလ်သွားတက်တယ်၊ တက်တဲ့ချိန်က သောကြာညမှာ၊ တနင်္ဂနွေမှာက ကိုယ်ကားတခါပြန်စောင့်ပြီးမှ မယ့်ဟောင်ဆောင် တိုက်ရိုက်ပြန်တယ်။” လို့ မဟာဝိဇ္ဇာဘွဲ့ ရဖို့ ကြိုးစားတဲ့အခါ သူမရဲ့ ငွေကြေးမပြည့်စုံမှုကို ပြန်ပြော ပြပါတယ်။
သူမကျောင်းတက်နေတဲ့ ချင်းမိုင်မြို့နဲ့ သူမနေထိုင်ရာ မယ်ဟောင်ဆောင်မြို့ဟာ ကားစီးရင် အနည်းဆုံး ၆ နာရီဝန်းကျင်ကြာမြင့်ပါတယ်။
“ကိုယ်ပညာတတ်မှ ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ်လူမျိုးကို ကူညီနိုင်မယ်”ဆိုတဲ့ မိခင်ရဲ့ ဆုံးမစကား ကြောင့် ဆရာမရိုစီကို အားဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။
NGO အလုပ်နဲ့ မိသားစုကို ပြည့်ပြည့်ဝဝထောက်ပံ့ပေးနိုင်ပေမယ့် သူမရဲ့ ဖခင်ဟာ အပင်ပန်းခံပြီး “စစ်ရှောင်ကလေးတွေအတွက်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ပိုင်ကျောင်းနဲ့ ရုန်းကန်နေရတဲ့ သူမအဖေကို ဆရာမရိုစီတယောက် ကလေးဘဝမှာတုန်းကတော့ နားမလည်နိုင်ခဲ့ပါဘူး။
၁၈ နှစ်တာ ကျောင်းတာဝန်ခံ၊ ကျောင်းဆရာမ လုပ်သက်အတွင်းမှာတော့ ယခင်က ဆရာမအလုပ်ကို ဝါသနာမပါခဲ့တဲ့သူမဟာ ကျောင်းသားတွေနဲ့ ရင်းနှီးလာတဲ့အခါ အလုပ်မှာပျော်လာပြီး သူမရဲ့ ဖခင်ဟာ ဘာကြောင့် ဒီလိုကျောင်းကို တည်ထောင်ခဲ့ရသလဲဆိုတာ ဆရာမရိုစီတယောက် တဖြည်းဖြည်း နားလည်လာပါတော့တယ်။
“ဘာဖြစ်လို့ အဖေက ဘာဖြစ်လို့ ၇ ရက် လုံးလုံး အလုပ်လုပ်ရသလဲ၊ မနက်ဆို ၅ နာရီ အစောကြီးထပြီးမှ ကျောင်းကို လာကြည့်ပြီ၊ ၇ နာရီမှာ အလုပ်သွားတယ်ပေါ့နော်၊ နောက်ပြီး သားသမီးတွေကို လုံးဝ အချိန်မပေးနိုင်ဘူးပေါ့နော်” လို့ ဆရာမ ရိုစီက ပြောပါတယ်။
သူမရဲ့ မိဘတွေကိုယ်တိုင်က ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းဒုက္ခသည်တွေဖြစ်ခဲ့ကြသူတွေပါ။ ရွေ့ပြောင်း ဒုက္ခသည်တွေရဲ့ ဘဝကို စာနာနားလည်တဲ့ ဖခင်ဖြစ်သူရဲ့ ခြေရာကို သူမဟာထပ်ချပ်မကွာ လိုက်နင်းနိုင်ခဲ့ပါပြီ။
ဆရာမရိုစီဦးဆောင်တဲ့ “BNSCLC” ကျောင်းဟာ ထိုင်းနိုင်ငံကိုယ်စား UNESCO က ချီးမြှင့်တဲ့ “ The Wenhui Award for Education in Asia and the Pacific 2018 “ ကို ရရှိခဲ့ပါတယ်။ “ဒီအရာက ကျမတို့လူမျိုးရဲ့ ကိုယ်စားလည်းဖြစ်တယ်။” UNESCO ဆုကိုရတဲ့အပေါ် ဆရာမရိုစီက ပြောပါတယ်။
ဒီလိုအဘက်ဘက်က ထူးချွန်တဲ့ ဆရာမရိုစီရဲ့ နေ့စဉ်လုပ်ငန်းတွေက အင်မတန်များပြားလှပါတယ်။ ကျောင်းရဲ့ ကိစ္စအဝဝ၊ အွန်လိုင်းစာသင်ကြားရေးတွေအပြင် ထိုင်းအစိုးရနဲ့ ချိတ်ဆက်တဲ့ တခြားလုပ်ငန်းတွေလည်းရှိနေပါတယ်။ ဆရာမရိုစီဟာ Karenni Culture Learning Centre Organization ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားပါသေးတယ်။
“ဒီအရာတွေကတော့ ကျမအနေနဲ့ စိန်ခေါ်မှု လို့ မမြင်ဘူး၊ ကျမမြင်တာက ကိုယ့်အတွက် အခွင့်အရေး ဖြစ်တယ်။ နောက်ပြီးတော့ ကိုယ်က ပျော်ရွှင်ပီတိဖြစ်တယ်။ ဒီအလုပ်တွေကို လုပ်သွားရတာက” လို့ သူမရဲ့ များပြားလှတဲ့ တာဝန်တွေကို တပြိုင်တည်းထမ်းဆောင်နေရတဲ့အခါ စိန်ခေါ်မှုကို ပျော်ရွှင်မှု အဖြစ် ပြောင်းလဲ ခံယူထားတာကို အားတက်သရော ပြောပြပါတယ်။
ယခုနှစ် “BNSCLC” ကျောင်းမှာ ကျောင်းသား/သူ (၈၀) ဦး ကို ထိုင်းစာ၊ အင်္ဂလိပ်စာနဲ့ ကရင်နီစာ အပြင် Community Development, Computer IT , Life Skill and Vocational skill ထိုင်းရိုးရာ ယဉ်ကျေးမှုတွေကိုလည်း သင်ကြားပေးနေပါတယ်။
“BNSCLC” ကျောင်းပြီးသွားတဲ့သူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေရသွားတာ၊ ရပ်ရွာ အတွင်းမှာ ပြန်အကျိုးပြုတာတွေ ပြန်ကြားရတဲ့အခါ ဝမ်းသာပီတိဖြစ်တယ်လို့ ပြောပါတယ်။
“BNSCLC” ကျောင်း စတင်တည်ထောင်တာကနေ လက်ရှိအချိန်ထိ ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ ကျော် မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
လက်ရှိ ဆရာမရိုစီဟာ “BNSCLC” ကျောင်းအပြင် ထိုင်းအစိုးရ ယဉ်ကျေးမှုဌာန နဲ့ ထိုင်းနိုင်ငံအစိုးရ စာသင်ကျောင်း တွေမှာလည်း ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်တွေထမ်းဆောင်နေပြီး၊ မြန်မာပြည်နေရာအနှံ့က ကျောင်းသားတွေကို အွန်လိုင်းကနေ ထိုင်းဘာသာ စကားသင်ကြားပေးနေပါတယ်။
တဖက်မှာလည်း ထိုင်း – ကရင်နီ လူမျိုးကြား ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့ ထိုင်းယဉ်ကျေးမှုဌာနနဲ့ ချိတ်ဆက်ပြီး စာသင်တာ၊ ရိုးရာယဉ်ကျေးမှုဖလှယ်တာတွေ လုပ်ဆောင်နေပါတယ်။
နိုင်ငံ နဲ့ လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ ပညာရေးဟာ အဓိကကျတာကြောင့် ကျောင်းသားလူငယ်တွေကို စာတွေလေ့လာကြဖို့နဲ့ ပညာရေးလမ်းကြောင်းဘက်ကို ဝင်ရောက် လာကြဖို့ ဆရာမရိုစီက တိုက်တွန်းပါတယ်။
ဆရာမရိုစီရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ ကရင်နီမှာရှိတဲ့ လူငယ်တွေအားလုံး ပညာသင်ကြားနိုင်တဲ့ ထိုင်းနိုင်ငံ အသိအမှတ်ပြု ကောလိပ်ကျောင်း (သို့မဟုတ်) တက္ကသိုလ် ကိုဖွင့်လှစ်နိုင်အောင် ဆက်လက်အကောင် အထည် ဖော်နိုင်ဖို့ပါပဲ။
သူမတတ်မြောက်ထားတဲ့ ပညာရေးပတ်သက်ပြီး “ ကျမပညာရတဲ့အရာက ကျမရဲ့လူမျိုးအတွက် ကရင်နီပြည်နယ် အတွက်ဖြစ်ဖြစ်၊ ကျမတို့ကရင်နီလူမျိုးအတွက်ဖြစ်ဖြစ်၊ ကရင်နီရဲ့တိုင်းပြည်ဖြစ်ဖြစ်၊ ကျမတို့ဗမာပြည်သားဖြစ်ဖြစ်၊ ထိုင်းနိုင်ငံမဖြစ်ခင်(ထိုင်းနိုင်ငံအတွက်ဖြစ်ဖြစ်) အကျိုးအများကြီးလုပ်သွားမယ်” လို့ ဆရာမရိုစီက ပြောပါတယ်။