spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ဆိုမိုဖေစိုးလေးမြို့နယ်က ရေဘေးနဲ့ စစ်ဘေး ကြောင့် နေအိမ်ပျက်စီးသွားသူတွေ ပြန်လည်ထူထောင်ရေးအတွက် သစ်ထုတ်လုပ်ခွင့် လိုလားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းက ရေးဘေးကြောင့် နေအိမ်မျောပါသူများနဲ့ စစ်ဘေးကြောင့် နေအိမ် မီးလောင်ပြာကျသူတွေဟာ နေအိမ်ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် သစ်ထုတ်လုပ်ခွင့်ကို လိုလားနေကြပါတယ်။

နေအိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့ ငွေကြေးအထောက်အပံ့ လိုအပ်နေပြီး မရရှိပါကလဲ သစ်ထုတ်လုပ်ခွင့်ပေးစေလိုကြောင်း ရေဘေးကြောင့် နေအိမ်ပျက်စီးသွားတဲ့ ပွန်ချောင်းကျေးရွာက အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ငွေရေးကြေးရေးမှ မထောက်ပံ့ပေးနိုင်ဘူးဆိုရင်ပေါ့။ သစ်တွေဘာတွေ ခွဲခွင့်၊ လုပ်ခွင့်တော့ ပေးကိုပေးရမယ်။ မပေးရင်တော့ ဒီဟာတွေကို ဘယ်လိုမှ ပြန်မလုပ်နိုင်ဘူးလေ။ သစ်မရှိဘဲ ဆောက်မယ်ဆိုလည်း အဆင်မပြေဘူး။ ဘယ်လိုမှ မဆောက်နိုင်ဘူး။ နောက်ပြီးတော့ သစ်ခုတ်ခွင့်မပေးနိုင်ဘူး။ ခွဲခွင့် မပေးနိုင်ဘူးဆိုရင်တော့ တခြားရပ်ရွာကနေ ဝယ်ရမယ်ဆိုရင်တော့ ငွေရေးကြေးရေးတော့ ထောက်ပံ့ဖို့ လိုအပ်တယ်။” လို့ အဆိုပါ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဒေသခံတွေဟာ ၂၀၂၄ ခုနှစ်က ရေဘေးနဲ့ စစ်ဘေးကြောင့် နေအိမ်တွေအပါအဝင် စိုက်ပျိုးထားတဲ့ စားဝတ်နေရေးအတွက် သီးနှံအပါအဝင် ဝင်ငွေအတွက် သီးနှံတွေကိုလည်း ဆုံးရှုံးလိုက်ရပါတယ်။

ဒါကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ထူထောင်တည်ဆောက်နိုင်ဖို့ ငွေကြေးအခက်အခဲ ရှိနေကြတာပါ။ ဒေသခံတွေကတော့ သစ်ထုတ်လုပ်ခွင့်ပေးရင် ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်နိုင်တယ်လို့ ပြောပါတယ်။

“အိမ်နေရာက မကောင်းတော့ဘူး။ အကုန်ပျက်ကုန်ပြီ။ အိမ်နေရာမှန်း မသိတော့ဘူး အဲ့လိုပေါ့။ အမှိုက်ပုံလိုဖြစ်သွားပြီလေ။ သန့်ရှင်းရေး ပြန်လုပ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။” လို့ ရေဘေးကြောင့် နေအိမ်တခုလုံး ပျက်စီးသွားတဲ့ ပွန်ချောင်းကျေးရွာက နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဆိုမိုဖေစိုးလေး ( ရှားတော ) မြို့နယ် အတွင်းမှာတော့ ရေဘေးကြောင့် လူနေအိမ် ( ၂၀၀ ) နီးပါး ပျက်စီးသွားပြီး မြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မီးလောင်ပြာကျသွားတဲ့ လူနေအိမ် နဲ့ ထိခိုက်ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၅၁ လုံးအထိရှိနေတယ်လို့ ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးကောင်စီ ရဲ့ စာရင်းအရသိရပါတယ်။

“အိမ်ဆောက်တဲ့ လိုအပ်ချက်တွေပေါ့။ အိမ်ဆောက်ဖို့အတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့လိုတယ်။” လို့ ဆိုမိုဖေစိုးလေး (ရှားတော) မြို့ပေါ်ရပ်ကွက်တခုက နေအိမ်မီးလောင်ပြာကျသွားတဲ့ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

လက်ရှိ ဆိုမိုဖေစိုးလေးမြို့နယ်အတွင်းမှာတော့ စီးပွားဖြစ်သစ်ထုတ်လုပ်မှုတွေကို ခွင့်မပြုထားပဲ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ပါက စာရင်းတင်ပြန်ပြီး ခွင့်ပြုပေးတာရှိတယ်လို့ ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး မော်မဲမိုကပြောပါတယ်။

“အိမ်တွေဆောက်ဖို့ဆိုရင်တော့ အမှန်တကယ်ဆောက်တဲ့ စာရင်းနဲ့ တက်ပြီး ခွင့်ပြုထားတာတွေရှိပါတယ်။” လို့ မော်မဲမိုကပြောပါတယ်။

၂၀၁၉ ခုနှစ်က ပြည်ထောင်စုအစိုးရက တရားဝင် သစ်ထုတ်ခွင့်ပေးထားတဲ့ ကရင်နီပြည်တွင်းက လက်ကျန်သစ် တန် ၅၅၀ ကို ၂၀၂၄ နှစ်ထဲမှာ ထုတ်ယူဖို့ ဒေသခံသစ်ကုမ္ပဏီတွေကို ကရင်နီပြည်အစိုးရက ထုတ်ယူခွင့်ပေးထားခဲ့ပါသေးတယ်။

ဖရူဆိုမြို့နယ်မှာ တန် ၂၀၀ ၊ ရှားတောမြို့နယ်မှာ တန် ၅၀ ၊ သံလွင်အရှေ့ခြမ်းမှာ တန် ၃၀၀ ထုတ်ခွင့်ပေးထားပြီး အဆိုပါသစ်တွေထဲမှာ ကျွန်း၊ ပိတောက် အများဆုံးပါဝင်ပြီး သစ်မာလည်း အနည်းငယ်ပါဝင်ပါတယ်။

spot_img
spot_img
spot_img

Recent posts