spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့က စစ်ရှောင်စခန်းတချို့မှာ ကျောင်းမဖွင့်လှစ်နိုင်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်အများစုဟာ ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်ပေမဲ့ ရွေ့ပြောင်းစစ်ရှောင်နေရတာကြောင့် ကျောင်းမဖွင့်နိုင်ကြသေးဘူးလို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

လက်ရှိ ဆီဆိုင်မြို့ထဲမှာ စစ်ကောင်စီပညာရေးဌာနက ကျောင်းဖွင့်လှစ်ပေးတာမျိုးရှိပေမဲ့ တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ တွေဟာ ကျောင်းမဖွင့်နိုင်ကြဘူးလို့ ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျောင်းမဖွင့်နိုင်တာ ခပ်များများဖြစ်တယ်။ ကျနော်တို့ ဆီဆိုင်မြို့နယ်ထဲက နောင်ကျော ကျေးရွာအုပ်စုက ကယားနယ်စပ်ထိကော ၄၆ ရွာလားမသိဘူး အဲ့လောက်ရှိတယ်။ ၄၆ ရွာမှာ ဖွင့်နိုင်တာကကျောင်း ၃ကျောင်းပဲရှိတယ်။ မဖွင့်နိုင်တဲ့ကျောင်းက ရာနဲ့ချီရှိတယ်”လို့ ဆီဆိုင်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ရှောင်တွေဟာ ပြန့်ကျဲနေထိုင်ကြပြီး ဆိုက်ခေါင်နဲ့ တောတောင်ထဲတွေမှာ အများဆုံးနေထိုင်ကြတယ်လို့ သိရပါတယ်။ အခုလို ပြန့်ကျဲနေထိုင်ကြတဲ့အတွက် စာသင်ကျောင်းတွေဖွင့်လှစ် သင်ကြားနိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

လက်ရှိ ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီဖက် ကျောင်းဖွင့်လှစ်တာရှိပေမဲ့ ကျောင်းတက်တဲ့ ကလေးအနည်းစုသာရှိတယ်လို့ အဆိုပါ ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“လက်ရှိဆီဆိုင်မြို့မှာက ကျောင်းဖွင့်နိုင်တဲ့ ဧရိယာနဲ့ မဖွင့်နိုင်တဲ့ နေရာက မဖွင့်နိုင်တဲ နေရာက ပိုများတဲ့ အနေအထားတွေ့ရတယ်။ သို့သော်လည်း ဆီဆိုင်မြို့ပေါ်မှာက ကျောင်းဖွင့်တယ်။ ကျနော်တို့ စုံစမ်းသလောက် ကျောင်းလာအပ်တဲ့သူမရှိသလောက်ဖြစ်တယ်။ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ တချို့က ဆယ်ယောက်ကျော်တာတို့ တစ်ဆယ်နှစ်ဆယ်လောက်ပဲရှိတယ်။ ဆီဆိုင်မြို့မှာ ကျောင်းတက်တဲ့ ကလေးနည်းတယ်။ ဆီဆိုင်မြို့မှာ ကျောင်းပြန်ဖွင့်သော်လည်းပဲ ကျောင်းပြန်တက်နိုင်တဲ့ ကလေးနည်းသွားလိမ့်မယ်” လို့ သူကဆိုပါတယ်။

ဆီဆိုင်မြို့ပေါ် တိုက်ပွဲက ၄လကျော်ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိအချိန်ထိ မြို့ပေါ် တိုက်ပွဲ ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ဇန်နဝါရီလ ၂၁ရက်ကနေ မေလ ၁၈ ရက်နေ့အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင် ဦးရေပေါင်း (၅၉၀၀၀) ရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း( PYO) ရဲ့ မေလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းတွေဆီ အလှူရှင်တွေ ရောက်မလာတဲ့အတွက် စစ်ရှောင်‌တွေအတွက် မိုးကာ၊ ဆေးဝါးနဲ့ ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ဖို့ လိုအပ်နေတယ် စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts