spot_imgspot_imgspot_imgspot_img
Thursday, July 4, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့က ပြည်သူတွေကို စစ်ကောင်စီက ခြိမ်းခြောက်ပြီး ပြန်နေခိုင်းဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

စစ်ကောင်စီကတော့ စစ်ရှောင်ကြတဲ့ ဆီဆိုင်ဒေသခံပြည်သူတွေကို နေရပ်ပြန်လာဖို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူအများစုဟာ ပြန်လာနေထိုင်ကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ပြန်နေကြပြီ မြို့ပေါ်မှာက ဘာလို့လဲဆို စစ်ကောင်စီဖက်ကလည်း အတင်းပြန်နေခိုင်းတဲ့ဟာမျိုးလည်းရှိတာကော။ ဥပမာ အရင်က သူတို့(စစ်ကောင်စီ)ပြောချက်အရဆို ပြန်လာမနေရင် အိုးအိမ် ယာ၊ မြေတွေ သိမ်းမယ်ဆိုတဲ့ဟာ ရှိတော့ ပြန်လာနေကြတာလည်း ပါတာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဆီဆိုင်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ ဧပြီလကတည်းက ပြန်နေထိုင်ကြပြီး ပြန်မနေတဲ့ ဒေသခံပြည်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်ကို စစ်ကောင်စီနဲ့ ပအိုဝ့် ပြည်သူ့စစ် PNA/PNO ပူးပေါင်းတပ်တို့ ပြန်လည်ထိန်းချုပ်နေပြီ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် နေရာအများစုကိုတော့ မပြုလုပ်နိုင်သေးဘူးလို့ ဆီဆိုင်ဒေသခံတွေက ပြောပါတယ်။

“ဆီဆိုင်မြို့ပေါ်မှာတော့ စစ်ကောင်စီနဲ့ PNA(ပအိုဝ့်ပြည်သူ့စစ်) တို့က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလောလောဆယ် ဆီဆိုင်မြို့ပေါ် ရှင်းလင်းရေး လုပ်ဆောင်တဲ့အပိုင်း တွေ့ရပေမယ့် နေရာတော်တော်များများဆီကို မလုပ်ဆောင်နိုင်သေးဘူး။”လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း( PYO) ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိနေပြီး ပြန်လည်ဝင်ရောက်နေထိုင်တဲ့ ဒေသခံပြည်သူအတွက် လျှပ်စစ်မီးပေးတာ၊ ဌာနဆိုင်ရာရုံးတချို့ကို ပြန်လည်ပတ်တာတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားတာရှိပါတယ်။

မြို့ပေါ်ပြန်လာနေထိုင်ကြတဲ့ ဆီဆိုင်ဒေသခံတချို့ဟာ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိခဲ့သလို သေဆုံးသူ ၂ဦးရှိခဲ့ပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ၆ လအတွင်း စစ်ရှောင်ပြည်သူ (၃၉၀၀၀) စစ်ဘေး တိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့ထိ စာရင်းအရ နေအိမ် (၃၆၃)လုံးပျက်စီးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်‌နေ့ရဲ့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လတ်တလော ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဆီဆိုင်မြို့ရဲ့ အနောင်တောင်ဘက် မှာရှိတဲ့ တဘက်ကျေးရွာအုပ်စုနဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ နားခိုက်ကျေးရွာအုပ်စုတွေမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ PYO အဖွဲ့ထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts