spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

“ဆုံးရှုံးမှုတွေကို ပျော်ရွှင်မှုနဲ့ အစားထိုးကြသူတွေ…”

Author

Date

Category

ကေးဒူ / ကန္တာရဝတီတိုင်း(မ်)

လေတဖြူးဖြူးနဲ့ တိုက်ခတ်နေတဲ့ ညနေခင်းလေးမှာ ကျောင်းနေအရွယ်ကလေးတွေက အိမ်ရှေ့လမ်းဘေးတွေမှာ ပြေးလွှားကာ ဆော့ကစားနေကြပါတယ်။
ညနေခင်းအချိန်မှာ အိမ်ထောင်ရှင်မတွေ၊ ကလေးတွေကလည်း ရေခပ်ဆင်းလာကြတာကို တွေ့ရပါတယ်။ တချို့ အပျိုဖော်ဝင်ခါစ မိန်းခလေးတွေမှာ ရေချိုးဆင်းဖို့ ပြင်ဆင်နေကြတာတွေ့ရပြီး တချို့တွေမှာ တော့ ဖုန်းလေး တွေနဲ့ အလုပ်ရှုပ်နေကြတာကို မြင်တွေ့ရပါတယ်။

တချို့ ယောကျ်ားသားတွေမှာတော့လည်း အိမ်ရှေ့မှာ ထင်းခွဲနေကြပါတယ်။ နိုင်ရာဝန်ကို ကိုယ်စီထမ်းရွက်နေကြတဲ့ သူတို့လေးတွေရဲ့ ပျော်ရွှင်မြူးတူးနေကြတဲ့ပုံစံတွေဟာ ငှက်ကလေးတွေ ညနေစောင်း အိပ်တန်းရှာဖွေနေကြသလိုပဲ အလွန်ပင် စည်ကား သာယာလှပါတယ်။

ကလေးတွေ ဆော့ကစားနေကြတဲ့ လမ်းကြားထဲကို ဝင်သွားရင် ခြေတံရှည်နဲ့ ဆောက်ထားတဲ့ ရှေးခေတ်က ကယားရိုးရာအိမ်ပုံစံမျိုး အိမ်တလုံးကို လှမ်းမြင်လိုက်ပါတယ်။

အဲဒီအိမ်ရှေ့ မျက်နှာစာကို ရောက်သွားတဲ့ အချိန်မှာတော့ ခေတ်ဟောင်း ကယားရိုးရာ ဝတ်စုံ ဝတ်ထားတဲ့ အဖွားအို နှစ်ယောက်နဲ့ အတူ သူတို့ရဲ့ မိသားစုတွေ ဝိုင်းဖွဲ့စကားပြောနေရင်း ကျယ်လောင်စွာ ရယ်မောပျော်ရွှင်နေကြပါတယ်။

ကင်မရာကိုင်ထားတဲ့ စာရေးသူကျနော့်ကို လှမ်းမြင်ကြတဲ့ အချိန်မှာတော့ ခေတ်ဟောင်းကယားရိုးရာ ဝတ်စုံ ဝတ်ထားတဲ့ အသက် ၇၀ ကျော် အဖွားအို နှစ်ယောက်ဟာ မြန်မာ စကား မပီတပီ နဲ့ ကျနော့်ကို အိမ်ပေါ်ကနေ လှမ်းနှုတ်ဆက်လိုက်ပါတယ်။

ကယားရိုးရာခေတ်ဟောင်း ဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ထားတဲ့ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်က အဖွား နှစ်ယောက်ကိုတွေ့ရစဉ်

“ဓာတ်ပုံ ရိုက်နေတာလား ငါတို့ကို လှလှပပလေး ရိုက်ပေးပါလား” လို့ အဖွားတဦးက ပြောပါတယ်။

စာရေးသူ ကျနော့်ကို ဒေသဘာသာစကား (ကယားစကား) ကို နားမလည်ဘူးလို့ ထင်မြင်ကြဟန်တူပါတယ်။ မြန်မာစကားမပီတပီနဲ့ လှမ်းနှုတ်ဆက်တဲ့ အပြုအမူနဲ့ အမူအရာတွေက ဒီနယ်မြေမှာ သူစိမ်းအဖြစ်ရောက်ရှိနေတဲ့ ကျနော့်အတွက် ချစ်စရာ အပြုအမူတခုပါ။ ဒါအပြင် စမ်းရေလို အေးမြကြည်လင်တဲ့ အပြုံးလေးတွေနဲ့ ပြုံးပြတာကြောင့်လည်း ကျက်သရေရှိလှတယ်လို့ စာရေးသူကတော့ ခံယူမိပါတယ်။

သူတို့ရဲ့ ဘာသာစကား(ကယားစကား) နဲ့ ကျနော်က ပြန်လည် နှုတ်ဆက်လိုက်တဲ့ အချိန်မှာတော့ အံ့သြသွားပြီး ခဏတာ တိတ်ဆိတ် ငြိမ်သက်သွားပါတယ်။ တန်ဖိုးထားမြတ်နိုးရတဲ့ သူတွေဆီက လိုချင်တာ တခုခုကို ရသွားလို့ ပြုံးပျော်ရွှင်နေကြတဲ့ သူတို့ရဲ့ စကားဝိုင်းကို ကျနော် ပါဝင်လိုက်ပါတယ်။

သူတို့ ဟာ ကရင်နီပြည် ဆိုမိုဖေစိုးလေးမြို့နယ်(ရှားတောမြို့နယ်) မှာနေထိုင်ကြတဲ့ ကယားလူမျိုးတွေပါ။ သူတို့ရဲ့ ရှားတောမြို့ကလေးကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၂ ရက်နေ့နောက်ပိုင်းကစပြီး တော်လှန်ရေး တပ်ဖွဲ့တွေ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် စစ်ကောင်စီ ကင်းစင်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေသခံတွေက အခုလို ဝမ်းသာအားရ ရယ်မောပြုံးပျော်နေကြတာပါ။

စစ်ကောင်စီကင်းစင်လို့ အပြည့်အဝတော့ မပျော်ရွှင်နိုင်သေးပါဘူး။ အကြောင်းကတော့ နေရပ်ပြန်နေထိုင်လို့ မရကြသေးတာကြောင့်ပါ။ စစ်ကောင်စီတပ်တွေမရှိတော့တာ တနှစ်ကျော်ကြာပြီဖြစ်ပေမယ့် သူတို့တတွေဟာ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြဆဲပါ။ အကြောင်းကတော့ နေရပ်က နေအိမ်ခြံဝန်းတွေမှာ စစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေ၊ ပေါက်ကွဲတတ်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေရှိနေဆဲမို့ပါ။ ဒါတွေတင်မကပါဘူး။ နေရပ်ပြန်နေရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြောက်နေရပါသေးတယ်။

အခုလိုတောထဲတောင်ထဲမှာ စစ်ရှောင်နေရတာက အတိုင်းအတာတခုထိ လုံခြုံမှုရှိတယ် ဆိုပေမယ့်လည်း တခြားအခက်အခဲတွေကရှိနေဆဲပါပဲ။

“ဒီအချိန်တို လေး ခဏအတွင်းမှာ ကျမ လို အဖွားအို တယောက် အိမ်သုံးလုံးတောင် ဆောက်နိုင်နေပြီ။”လို့ အဖွားအိုတဦးက ဟာသ သဖွယ် ရယ်မောပြောဆိုနေခဲ့တာပါ။

အဖွားရဲ့ စကားကတော့ အဲဒီဒေသက စစ်ရှောင်တိုင်းနီးပါး ကြုံတွေ့ခဲ့ရတဲ့ အမှန်တရားတခုပါပဲ။ အဖွားအနေနဲ့ တိုက်ပွဲတွေကြောင့် တနေရာပြီးတနေရာ ထပ်ဆင့် စစ်ရှောင်ရင်း ဆောက်ခဲ့ရတဲ့ ယာယီတဲအိမ်တွေက သုံး လုံးတောင်ပါ။ တချို့သူတွေကတော့ ထပ်ဆင့်စစ်ရှောင်ရင် ဆောက်ခဲ့တဲ့ ယာယီအိမ်တွေက သုံးလုံးမက ရှိကြပါတယ်။

စစ်ရှောင်ရင်းနဲ့ စားဝတ်နေရေးအတွက်လည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြရပါသေးတယ်။ တောင်ယာကနေရလာတဲ့ ဆန်၊စပါး တွေကိုလည်း ရွေ့ပြောင်းသယ်ယူကြရပါတယ်။ တောတောင်ထဲမှာ စစ်ရှောင်နေကြရတာကြောင့်လည်း သယ်ယူလာတဲ့ ဆန်၊စပါးတွေကို ကြွက်တွေ၊ ငှက်တွေနဲ့ မျှဝေစားသောက်ကြရပါသေးတယ်။ တချို့စစ်ရှောင်တွေသိုလှောင်ထားတဲ့ ရိက္ခာတွေကတော့ ကြွက်တွေဖျက်လို့ အကုန်နီးပါးပျက်သွားတာလည်းရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်နေစဉ် တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို စာရေးသူအား ပြန်လည်ရင်ဖွင့်ပြောနေကြစဉ်

အဖွားအိုတို့ ရဲ့ ရှားတောမြို့မှာ တိုက်ပွဲမစတင်မီ နှစ်လလောက်ကတည်းက ကြိုတင်စစ်ရှောင်ခဲ့ကြတာပါ။ ခုဆိုရင်တော့ စစ်ရှောင်ကာလ တနှစ်ကျော်ရှိနေကြပါပြီ။

စစ်ရှောင်ကာလ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ သူတို့ရဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ အရာတွေကို ဟာသနှောပြီး စကားဝိုင်းမှာ ရယ်မောပြောဆိုနေကြပါတယ်။

ခေတ်ဟောင်း ကယားရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားကြတဲ့ အဖွားနှစ်ယောက်မှာတော့ အသက် ၇၀ ကျော်ဖြစ်ပြီး သူတို့ နှစ်ယောက်က ညီမတွေ ဖြစ်ကြပါတယ်။

အခုအချိန်မှာတော့ အသက် ၇၀ ကျော် ညီအမ အဖွားအို နှစ်ယောက်ဟာ သား၊သမီး၊မြေး တွေနဲ့ အတူ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းနေထိုင်ကြပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုတော့ အထူးစိုးရိမ်နေကြရပါတယ်။

spot_img
spot_img
spot_img

Recent posts